သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် IOM တိုးမြှင့်ကူညီ


IOM နိုင်ငံတကာ ရွေ့ပြောင်းအခြေချနေထိုင်သူများအဖွဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသမှာရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကျန်းမာရေးဆိုင်ရာ အကူအညီတွေကို တိုးမြင့် လုပ်ဆောင်ပေးနေကြောင်း အဖွဲ့ရဲ့ ပြောခွင့်ရ Joel Millman က ဂျနီဗာမြို့မှာ အင်္ဂါနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။ နိုင်ငံတကာရဲ့ ကူညီ ပံ့ပိုးမှုတွေကြောင့် အခုလို ကူညီပေးနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဗြိတိန်၊ ဆွီဒင်၊ အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂတို့ရဲ့ ကူညီ ပံ့ပိုးပေးမှုတွေကြောင့် ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ ရွေ့ပြောင်းအခြေချနေထိုင်သူများအဖွဲ့ IOM ဟာ Cox’s Bazaar ဒေသမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေအတွက် လူနာတင်ယာဉ်အသစ်တွေ ထပ်မံ ပေးပို့နိုင်ခဲ့ကြောင်း IOM အဖွဲရဲ့ ပြောခွင့်ရ Joel Millman က ဂျနီဗာမြို့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

“IOM ကုလသမဂ္ဂ ရွေ့ပြောင်းအခြေချနေထိုင်သူများ ကူညီရေးအဖွဲ့အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်လုပ်ငန်းတွေမှာ အထောက်အကူပြုစေနိုင်တဲ့ စက်ပစ္စည်းတွေ တပ်ဆင်ထားတဲ့ လူနာတင်ယာဉ် အသစ် ၁၀ စင်းကို ပေးပို့နိုင်ခဲ့ပါတယ်။ ဒီ မော်တော်ယာဉ်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazaar ဒေသမှာရှိနေတဲ့ ဒေသခံ လူမှုအသိုင်းအဝိုင်းအတွက်လည်း အသုံးချသွားမှာ ဖြစ်ပါတယ်။”

မနှစ် သြဂုတ်လနှောင်းပိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တော ဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့၊ အဲဒီရဲ့ နောက်ဆက်တွဲအဖြစ် မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာ ၇ သိန်းနီးပါး ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြတာပါ။

အချိန်တိုတိုအတွင်း အဲဒီလောက်များတဲ့ လူတွေ အလုံးအရင်းနဲ့ ထွက်ပြေးလာတာကြောင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်း အဲဒီလူတွေကို ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒေသတွင်းမှာရှိတဲ့ လူနာတွေကို သင့်တော်တဲ့ ကျန်းမာရေးဌာနတွေထံ အချိန်မှီ ပို့ပေးနိုင်ရေးအတွက် IOM အနေနဲ့ ၂၄ နာရီပတ်လုံး ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြောင်းလည်း Joel Millman က ပြောပါတယ်။

IOM က လတ်တလော ပြုစု စောင့်ရှောက်ပေးနေတဲ့ ပမာဏကိုလည်း Joel Millman က အခုလို ဆက်ပြောပြပါတယ်။

“၂၀၁၇ ခုနှစ် သြဂုတ်လနှောင်းပိုင်းမှာ ဒုက္ခသည်ပြဿနာ စတင်တဲ့အချိန်ကစလို့ IOM ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ဒုက္ခသည်တွေနဲ့ ဒေသခံ လူနာပေါင်း ၆ သိန်းကျော်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ ကာလအတွင်းမှာဘဲ လူနာပေါင်း ၉ ထောင်ကျော်ကို ဒုတိယအဆင့်နဲ့ တတိယအဆင့် ကုသမှုတွေ ခံယူနိုင်ဖို့ ဒေသတွင်းက ကျန်းမာရေးဌာနတွေကို ပို့ပေးနိုင်ခဲ့ပါတယ်။”

မနှစ် သြဂုတ်လနှောင်းပိုင်းက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရောက်နေကြတဲ့ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာသူ စုစုပေါင်း ၁ သန်းနီးပါး ရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့က ခန့်မှန်း ပြောဆိုနေတာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဆိုးဆိုးရွားရွားအခြေအနေအောက်မှာ ရုန်းကန် ရပ်တည်နေရဆဲဖြစ်တာမို့၊ ဒုက္ခသည်တွေအတွက် အမေရိကန် ပြည်ထောင်စုက နောက်ထပ် အမေရိကန်ဒေါ်လာ ၁၈၅ သန်း ထပ်တိုးပြီး ကူညီ ထောက်ပံ့သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းက ထွက်ပြေးသွားကြတဲ့ အဲဒီ ဒုက္ခသည်တွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုသုံးနှုန်းတာကို မြန်မာအစိုးရက လက်မခံပေမယ့်လည်း အဲဒီ ဒုက္ခသည်တွေ ပြန်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား နားလည်မှုစာချွန်လွှာထိုးပြီး ဆောင်ရွက်နေတာ ရှိပေမယ့် အခုချိန်ထိ ပြန်ပို့တဲ့ လုပ်ငန်းကို မစတင်နိုင်သေးပါဘူး။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကတော့ ဒုက္ခသည်တွေကို အဓမ္မ နေရပ်ပြန်ခိုင်းတာမျိုး မလုပ်ဘဲ ဒုက္ခသည်တွေ သူ့သဘောနဲ့သူ ပြန်တာမျိုးကို လိုလားနေကြသလို တကယ်လို့ ပြန်ကြမယ်ဆိုရင်လည်း သူတို့အတွက် ဘေးကင်း လုံခြုံမှုရှိတဲ့ အခြေအနေမျိုး မြန်မာအစိုးရဘက်က ဖန်တီးပေးရမယ်လို့ တိုက်တွန်း ပြောဆိုနေကြပါတယ်။

လတ်တလော နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်းမှာလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးကို ဆွေးနွေးသွားဖို့ အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတချို့က ပြင်ဆင်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG