ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဆိုးဆိုးရွားရွားအခြေအနေအောက်မှာ ရုန်းကန် ရပ်တည်နေရဆဲဖြစ်တာမို့၊ ဒုက္ခသည်တွေအတွက် အကူအညီတွေ နှစ်ဆတိုး ထောက်ပံ့သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောလိုက်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ဖော်ပြတဲ့ ကုလ စုံစမ်းရေးအဖွဲ့ အစီရင်ခံစာကိုလည်း လုံခြုံရေးကောင်စီမှာ တင်သွင်းဆွေးနွေးမှာဖြစ်ပြီး၊ နိုင်ငံတကာအနေနဲ့ ဒီအရေးကိစ္စကို အလျင်အမြန်ကိုင်တွယ်ဖို့ အမေရိကန်သံအမတ်ကြီးက တိုက်တွန်းသွားပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက ဆက်ပြီး ပြောပြမှာပါ။
ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်ခင် အခု ရက်ပိုင်းအတွင်းမှာပဲ သံတမန်တွေ၊ တတ်ကြွလှုပ်ရှားသူတွေဟာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတွေကို နယူးယောက်မြို့မှာ ခပ်စိတ်စိတ် ပြုလုပ်နေကြပါတယ်။ ရိုဟင်ဂျာအကြပ်အတည်းကို နိုင်ငံတကာအနေနဲ့ ဘယ်လို တုံ့ပြန်ကိုင်တွယ်မလဲဆိုတာတွေ ဆွေးနွေးနေကြသလို၊ ဒုက္ခသည်တွေကို ဘယ်လို အကူအညီပေးကြမလဲဆိုတာလည်း တိုင်ပင်နေကြတာပါ။ နိုင်ငံတကာက ပြောဆိုဖိအားပေးတာ တနှစ်ကျော်ကြာလာပေမယ့် ဘာမှ ထူးထူးခြားခြားတိုးတက်လာမှုမရှိသေးဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က ပြောပါတယ်။
“ဗြိတိန်နဲ့ ပြင်သစ်တို့က ကမကထလုပ်တဲ့ အစည်းအဝေးတခု အခုပဲ လုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ တနှစ်တုန်းကလည်း ဒီလိုနေ့လည်စာစားပြီး စည်းဝေးခဲ့ဖူးပါတယ်။ ကျမ ပြောတာကတော့ ဘာတွေ ပြောင်းလဲသွားလဲပေါ့။ ရိုဟင်ဂျာတွေ ဆိုးဆိုးရွားရွားအခြေအနေအောက်မှာပဲ ရှိနေတုန်းပါ။ သူတို့ရဲ့ ဘ၀ ရင်ဆိုင်ကြုံတွေမှုတွေက ပြောင်း မသွားပါဘူး။ အစိုးရဖြစ်စေ စစ်တပ်ကဖြစ်စေ တာဝန်ယူမှု တာဝန်ခံမှုကလည်း အရင်အတိုင်းပါပဲ။ ပြောရမယ်ဆိုရင် သဘောတူညီချက်စာချုပ်တွေဆိုတာ လက်မှတ်ထိုးခဲ့တယ်၊ ဒါပေမယ့် ဘာမှဖြစ်မလာပါဘူး။ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက် ၈၈ ချက်ထဲက ၈၁ ချက်ကို သူတို့ လုပ်ပြီးပြီပြောတယ်၊ ဒါပေမယ့် ဘာမှ ခိုင်ခိုင်မာမာမရှိပါဘူး။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ ဒီလို အသံပေးပြောဆိုနေတာတွေ ရပ်ပြီး၊ လက်တွေ့ကျကျ အရေးယူကိုင်တွယ်ရပါမယ်။”
တချိန်တည်းမှာပဲ မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ အုပ်စုဖွဲ့လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနဲ့ အခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာစစ်တပ်က စနစ်တကျနဲ့ အစီအစဉ်ရှိရှိဆောင်ရွက်ခဲ့တယ်ဆိုပြီး သုံးသပ်ထားတဲ့ အစီရင်ခံစာတစောင်ကို အမေရိကန်နိုင်ငံခြားရေးဌာနက အခု တနင်းလာနေ့မှာ ထုတ်ပြန်ပါတယ်။ ရာဇဝတ်မှုကျူးလွန်သူတွေကို အပြစ်ပေးနိုင်ဖို့ ရည်ရွယ်တဲ့ အမေရိကန်မူဝါဒကို အကောင်အထည်ဖော်ဖို့ အချက်အလက်စုဆောင်းတာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ကုလ စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာကိုလည်း လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ သူ့အနေနဲ့ အဆိုပြုထားတယ်လို့ ကုလ သံအမတ်ကြီး Nikki Haley က ပြောပါတယ်။
“ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကုလ အချက်အလက်စုဆောင်းရေးအဖွဲ့က ရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပါပြီ။ သူတို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်ကြပါဘူး။ တကယ်တမ်းအကြမ်းဖက်တာက စစ်တပ်ကပါ။ သူတို့က နေဖို့နေရာပဲ လိုတာပါ။ ဒါကြောင့့် ဒီ ဒုက္ခသည်တွေရဲ့ လုံခြုံမှုနဲ့ အခြေခံစားသောက်နေထိုင်မှုတွေအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ နောက်ထပ် ဒေါ်လာ ၁၈၅ သန်း ထောက်ပံ့ကူညီသွားပါမယ်။ နိုင်ငံတကာအနေနဲ့ လက်တွေ့ကျကျ လုပ်ရမယ့်အချိန်ရောက်နေပါပြီ။ လုံခြုံရေးကောင်စီမှာ ကုလ အချက်အလက်စုဆောင်းရေးအဖွဲ့ကို ခေါ်ပြီး ဆွေးနွေးဖို့၊ ပြင်သစ်နဲ့ ဗြိတိန်ကို ကျမ အဆိုပြုခဲ့ပါပြီ။ လူ့အခွင့်အရေးကောင်စီက လုပ်မယ့်ကိစ္စကို စောင့်မနေသင့်တော့ဘူး ထင်ပါတယ်။ နိုင်ငံတကာအနေနဲ့ ရှေ့တိုးဆောင်ရွက်သင့်နေပြီလို့ ထင်ပါတယ်။”
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုကတော့ Ethnic Cleansing လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားရေးဖြစ်တယ်လို့ သုံးပါတယ်။ နိုင်ငံတကာဥပဒေအသုံးအနှုံးဖြစ်တဲ့ Genocide မျိုးဖြုတ်သတ်ဖြတ်မှုဆိုတာ သုံးမသုံး မဆုံးဖြတ်ရသေးပါဘူး။ ဒီလို တရားဝင်ဥပဒေအသုံးအနှုံးဖြစ်ဖို့ဆိုတာကတော့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဆုံးဖြတ်ပြောဆိုပါလိမ့်မယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးတာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။ မြန်မာအစိုးရကဖက်ကတော့ အခြေအနေတွေအပေါ် နိုင်ငံတကာက ချဲ့ကားလွန်းတယ်လို့ မြင်သလို၊ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကိုလည်း လက်မခံပါဘူး။ နယူးယောက်မှာလုပ်တဲ့ မနေ့က ရိုဟင်ဂျာအရေး အဆင့်မြင့်ကိုယ်စားလှယ်တွေ တခါးပိတ်အစည်းအဝေးမှာတော့ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood လည်း တတ်ရောက်ပါတယ်။ ကုလစုံစမ်းရေးအစီရင်ခံစာအပေါ်တည်ပြီး အရေးယူတုံ့ပြန်ဖို့ အားလုံးက သဘောတူထားတယ်လို့ သူက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ အခုနောက်ထပ်ပေးမယ့် အကူအညီ ဒေါ်လာ ၁၈၅ သန်းထဲက ၁၅၆ သန်းကို ဘင်္ဂလားဒေ့ရ်ှမှာရှိတဲ့ ဒုက္ခသည်တွေနဲ့ အဲဒီမှာ မူရင်းနေထိုင်သူတွေကို အကူအညီပေးဖို့ဖြစ်ပါတယ်။ အခု အကူအညီအပါအဝင် အားလုံးပေါင်းရင်တော့ ရိုဟင်ဂျာအရေး လူသားချင်းစာနာကူညီမှုအနေနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်က ထောက်ပံ့ကူညီမှုဟာ ဒေါ်လာ ၃၈၉သန်းနီးပါး ရှိသွားပြီဖြစ်ပါတယ်။