ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အုပ်စု တိုက်ခိုက်ပြီးတဲ့နောက် နဂိုကတည်းက ယိုယွင်းနေတဲ့ အခြေအနေဟာ ပိုဆိုးသွားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell ကပြောပါတယ်။ မတည်မငြိမ်အခြေအနေ တာရှည်နေပြီဖြစ်တာကြောင့် အစိုးရအနေနဲ့ ပြီးပြည့်စုံတဲ့ချဉ်းကပ်မှုနဲ့ ကိုင်တွယ်ဖို့လိုတယ်လို့လဲ မစ္စတာ Mitchell ကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ဝေဖန်ပြောဆိုနေကြတာတချို့အပေါ် သူ့ရဲ့စိုးရိမ်ချက်ကိုလဲ ထည့်ပြောသွားပါတယ်။ ၁၀ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကနေ မကြာသေးခင်ရက်ပိုင်းကမှ ပြန်ရောက်လာတဲ့ သံအမတ်ကြီး ဟောင်း Derek Mitchell ကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ရခိုင်ပြည်နယ်က လက်ရှိအခြေအနေအပေါ် သံအမတ်ကြီး ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစုဖြစ်တဲ့ ခန့်မှန်းခြေလူပေါင်း ၁ သိန်း၊ ၁ သိန်းနှစ်သောင်းလောက် ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေးသွားတာကို တွေ့ထားရတာကြောင့် သိသိသာသာကို ပိုဆိုးလာပါတယ်။ Arakan Rohingya Salvation Army အဖွဲ့ရဲ့တိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက် နဂိုကတည်းက ယိုယွင်းနေပြီးသား အခြေအနေကို ပိုဆိုးသွားစေသလို လူမှုအဝန်းအဝိုင်း တွေကိုလဲ ကွဲပြားသွားစေပါတယ်။ အကြောင်းမလှစွာဘဲ အရင်ကရှိထားတာထက် ပိုဆိုးရွားတဲ့ လူသားဘေးဒုက္ခအခြေအနေကို ရောက်သွားစေတာကြောင့် သိပ်ကို စိတ်ပျက်စရာပါ။
မေး။ ။ မြန်မာအစိုးရက လက်ရှိ ကိုင်တွယ်ဖြေရှင်းနေပုံကိုရော ဘယ်လိုသဘောရပါလဲခင်ဗျ။
ဖြေ။ ။ အဲဒါကလဲ အတော်လေး အကြောင်းမလှဘူးလို့ ကျနော်ထင်ပါတယ်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရတာကြောင့် အမျက်ဒေါသထွက်ရတာ၊ စိုးရိမ်ထိတ်လန့်ရတာကနေ ARSA အဖွဲ့ကို ရခိုင်မှာပဲဖြစ်ဖြစ်၊ ဘင်္ဂလားဒေ့ရှ်မှာပဲဖြစ်ဖြစ် ဘယ်မှာပဲ ရှိနေပါစေ လက်တုန့်ပြန်ပြီး ချေမှုန်းချင်တာ ကျနော်နားလည်ပါတယ်။ ဒါပေမဲ့ အပြစ်မဲ့ အရပ်သားတွေအတွက်လဲ တာဝန်ရှိပါ တယ်။ လူတွေအများကြီး ထွက်ပြေးကြတာ၊ ရွာတွေမီးရှို့ခံရတဲ့ ဆိုးရွားလှတဲ့သတင်းတွေ ထွက်လာတာ၊ ခွဲခြားသတ်မှတ်မှုမရှိဘဲ လူတွေအသတ်ခံရတာ စတဲ့အခြေအနေတွေက သိပ်ကို စိုးရိမ်စရာပါ။ တချို့အချက်အလက်တွေကို အစိုးရနဲ့စစ်ဘက်က ပြန်ပြီး ငြင်းချက်ထုတ်တာ ကျနော်သိပါတယ်။ အဲဒီဖြစ်ရပ်မျိုးတွေမှာ အထောက်အထားပိုင်းနဲ့ပတ်သက်ပြီး သိပ်ကို သတိထားရမှာ ဖြစ်ပေမယ့်လဲ ထွက်လာတဲ့သတင်းတွေအပေါ် အလေးအနက်ထားရပါမယ်။ ပြီးတော့ တရားမျှတမှုရှိရပါမယ်။ တာရှည်နေပြီဖြစ်တဲ့ ဒီကိစ္စကို တကယ့်ကိုပြီးပြည့်စုံတဲ့ ချဉ်းကပ်မှုနဲ့ လုပ်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ရင်တော့ အဲဒီမှာ မတည်မငြိမ်အခြေအနေ ဆက် ဖြစ်ပြီး မြန်မာတနိုင်ငံလုံးကို ပြန့်သွားနိုင်ပါတယ်။
မေး။ ။ ဒီနောက်ဆုံးဖြစ်ရပ်တွေကနေ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရရဲ့ပုံရိပ်ကို အကြီးအကျယ် ထိခိုက်နေတယ်လို့ ထင်ပါတယ်။ အစိုးရရဲ့လုပ်ဆောင်ချက်တွေက နိုင်ငံတကာမှာ အရာမထင်ပုံလဲရှိနေပါတယ်။ မြန်မာအစိုးရအနေနဲ့ ဘယ်လိုမျိုး အကောင်းဆုံး လုပ်သင့်တယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ ဖြစ်နိုင်သမျှ ပွင့်လင်းမြင်သာမှု ရှိသင့်တယ်လို့ ထင်ပါတယ်။ ဘာလုပ်နေတယ်၊ ဘာ့ကြောင့်လုပ်တယ်ဆိုတာကို ပိုပြီး ကောင်းကောင်း ချပြသင့်ပါတယ်။ အထူးသဖြင့်တော့ အပြစ်မဲ့သူတွေကို အကာအကွယ်ပေးတာနဲ့ ပတ်သက်လို့ပါ။ သူတို့ကို တိုက်ခိုက်ခံရတာ၊ တိုက်ခိုက်မှုကနေ ကာကွယ်ရမှာ၊ နယ်စပ်နဲ့တခြားနေရာတွေရဲ့ လုံခြုံရေးအတွက် လုပ်ရမယ်ဆိုတာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက နားလည်မယ်လို့ ကျနော်ယူဆပါတယ်။ အာနန်ကော်မရှင်အစီရင်ခံစာ ထွက်လာပြီးချိန်မှာ တိုက်ခိုက်တာကို ကြည့်မယ်ဆိုရင် ဒီအုပ်စုဟာ ရိုဟင်ဂျာတွေရဲ့ အကောင်းဆုံး အကျိုးစီးပွားဆိုတာကိုတောင် ထည့်စဉ်းစားတဲ့ပုံ မရှိပါဘူး။ ဖြစ်စဉ်အခြေအနေကို လူတွေကနားလည်ပါတယ်။ ဒါပေမဲ့ အပြစ်မဲ့ အမျိုးသမီးတွေ၊ ကလေးတွေ၊ အပြန်အလှန် တိုက်ခိုက်တဲ့ကြားထဲရောက်နေတဲ့ အမျိုးသားတွေအတွက် ထည့်စဉ်းစားတယ်လို့ လူတွေက မခံစားကြရပါဘူး။ အဲဒီလို ထည့် စဉ်းစားပါတယ်ဆိုတာ မပြောနိုင်မပြနိုင်ရင် အပြစ်မဲ့သူတွေကို စာနာသနားတယ်ဆိုတာ မကြားရတာကြောင့် အခြေခံ သဘော တရားက ဘယ်မှာလဲလို့ လူတွေကစဉ်းစားလာပြီး အဆိုးဆုံးကို တွေးလာကြမှာပါ။
မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲခင်ဗျ။
ဖြေ။ ။ အဝေးကနေ စောင့်ကြည့်နေရပြီး သိပ်ကို စိုးရိမ်မိပါတယ်။ ဒေါ်စုအပေါ် နိုင်ငံတကာမှာ ဆိုးရွားစွာ ပုံဖော်ဝေဖန်နေကြတာ တချို့ကြောင့် ကျနော် စိတ်ပူမိပါတယ်။ အဲဒါတွေက အလွန်အကျွံပြောကြတာတွေလို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ တွေ့နေရ တဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဒုက္ခတွေအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်ဆိုတာတောင်မှပဲ ကျနော်တို့အနေနဲ့ အထောက်အကူဖြစ်ဖို့တော့ လိုပါတယ်။