မြန်မာနိုင်ငံက မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အိမ်တွေကို မီးရှို့နေတဲ့ ဓာတ်ပုံတွေ အင်တာနက် အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာနဲ့ ပတ်သက်လို့ မှန်မမှန် စုံစမ်းဖော်ထုတ် အရေးယူသွားမှာဖြစ်ကြောင်း အစိုးရတာဝန်ရှိသူ တဦးက ပြောဆိုလိုက်ပါတယ်။
မီးရှို့မှုကို ဖုန်းကင်မရာနဲ့ ရိုက်ကူးခဲ့သူ ဆိုသူကိုလည်း ခရိုင်ရဲတပ်ဖွဲ့မှူးက စစ်ဆေးနေပြီး၊ ဓာတ်ပုံမှာ ပါဝင်သူတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက Facebook စာမျက်နှာမှာ ပြောဆိုခဲ့တာပါ။
မောင်တောမြို့နယ်က ကျေးရွာတခုမှာ အိမ်တွေကို မီးရှို့နေတယ်လို့ဆိုတဲ့ သံသယဖြစ်စရာ ဓာတ်ပုံတွေကတော့ အင်တာနက် လူမှုကွန်ယက်တွေမှာ အကြီးအကျယ် ပျံ့နှံ့ခဲ့ပြီး၊ မူဆလင်တွေက ကိုယ့်ဖာသာမီးတင်ရှို့နေတာလို့လည်း ပြောဆိုနေကြတာပါ။ မြန်မာအစိုးရ ပြောခွင့်ရသူ ဦးဇော်ဌေးကတော့ လုပ်ကြံပြီး မီးရှို့မှုဖြစ်တယ်ဆိုရင် ပတ်သက်သူတွေကို ဖော်ထုတ်အရေးယူမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
AP သတင်းတပုဒ်မှာတော့ မောင်တောဒေသက အခြေအနေတွေကို သတင်းယူဖို့ ဖိတ်ကြားခံခဲ့ရတဲ့ သတင်းထောက် ၂၀ ကျော် ရောက်ရှိခဲ့တဲ့ ကျေးရွာတချို့က မီးလောင်မှုတွေမှာ ဒေသခံမူဆလင်တွေက မီးရှို့မှုတွေ ကျုးလွန်ခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ ပြောဆိုမှုတွေဟာ သံသယဖြစ်စရာတွေ တွေ့ရကြောင်း ဖော်ပြခဲ့တာပါ။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သတင်းမှားတွေ အကြီးအကျယ် ထွက်ပေါ်နေကြောင်း ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာသူ တသိန်းခွဲလောက်အထိ ရှိနေပြီလို့ ကုလသမဂ္ဂက ပြောဆိုထားတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်မကင်းတဲ့ သဘောထားတွေ ထွက်ပေါ်နေချိန်၊ တူရကီသမ္မတ Recep Tayyip Erdogan နဲ့ တယ်လီဖုန်းဆက် ပြောဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေး ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။