သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ အင်တာနက်ပြန်ဖွင့်ဖို့ လက်မှတ်ထိုး တောင်းဆို


ရခိုင်ပြည်နယ်တွင် အင်တာနက် ဖြတ်တောက်မှုကို ဆန့်ကျင်ကန့်ကွက်နေသူများ။ (ဒီဇင်ဘာ ၂၄၊ ၂၀၁၉)
ရခိုင်ပြည်နယ်တွင် အင်တာနက် ဖြတ်တောက်မှုကို ဆန့်ကျင်ကန့်ကွက်နေသူများ။ (ဒီဇင်ဘာ ၂၄၊ ၂၀၁၉)

(Zawgyi / Unicode)

ရခိုင်လက်နက်ကိုင်တပ် AA နဲ့ အစိုးရစစ်တပ်တို့ကြား စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲ ပြည်သူတွေ သတင်းအချက်အလက် အမြန်ဆုံးသိရှိနိုင်ဖို့နဲ့ သူတို့ကြုံနေရတဲ့ အခက်အခဲ ဘေးဒုက္ခတွေကို အမြန်ဆုံး သတင်းပေးပို့နိုင်ရေး ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ ပိတ်ထားတဲ့ အင်တာနက် ဆက်သွယ်ရေး လမ်းကြောင်းတွေ အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ ပြည်သူတွေက လက်မှတ်ရေးထိုး တောင်းဆိုနေကြပါတယ်။ ဒီမိုကရေစီအခြေခံ လူ့အခွင့်အရေးဖြစ်တဲ့ သတင်းအချက်အလက် ရယူနိုင်ဖို့ အစိုးရကို ရခိုင်လွှတ်တော် အပါအဝင် ရခိုင်နိုင်ငံရေးပါတီတွေနဲ့ ပြည်သူအများက တောင်းဆိုနေပေမယ့်လည်း အခုချိန်အထိ အရေးတယူ ဖြေရှင်းပေးခြင်း မရှိသေးဘူးလို့လည်း ရခိုင်အမျိုးသားပါတီ ANP ဘက်က ပြောပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

စစ်ဖြစ်လာတာ နှစ်ချီလာပြီဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ အစိုးရစစ်တပ်တို့ကြား စစ်ရေးပဋိပက္ခတွေ ဆက်ပြင်းထန်နေဆဲ အချိန်မှာပဲ အင်တာနက် ဆက်သွယ်မှုတွေကို ဆက်လက်ဖြတ်တောက်နေဆဲ အနေအထား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ကစလို့ စစ်ဖြစ်နေတဲ့ ချင်းပြည်နယ်က မြို့နယ်တမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်တွင်းက မြို့နယ်တချို့ကို ပြည်ထောင်စုအစိုးရ ဆက်သွယ်ရေးဝန်ကြီးဌာနကနေ လုံခြုံရေးအကြောင်းပြ ဖြတ်တောက်ခဲ့တာပါ။

အခုချိန်အထိလည်း ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တွေမှာ အင်တာနက် ဆက်လက်ဖြတ်တောက်ထားဆဲ အခြေအနေ ဖြစ်နေတာကြောင့် ရခိုင်ပြည်နယ်တွင်းက ဒေသခံပြည်သူတွေ အပါအဝင် ရခိုင်လွှတ်တော် နိုင်ငံရေးပါတီတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ လူ့အခွင့်အရေး လှုပ်ရှားသူတွေဘက်က အမြန်ဆုံး အင်တာနက်တွေ ပြန်လည်ဖွင့်လှစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်တွင်း အင်တာနက်တွေ အမြန်ဆုံးပြန်ဖွင့်ပေးဖို့ ပြည်ထောင်စုအစိုးရကို တောင်းဆိုတဲ့ ပြည်သူအများက လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုတရပ်ကိုလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် လှုပ်ရှားမှု အသံအဖွဲ့က ဦးဆောင် ဆောင်ရွက်နေပါတယ်။

လာမယ့် ဇန်နဝါရီလ ၂၁ ရက်နေ့ နောက်ဆုံးထား ကောက်ခံမှာဖြစ်ပြီး ပြည်ထောင်စုအစိုးရ ပြည်ထောင်စုအဆင့် လွှတ်တော်တွေဆီကို ပေးပို့သွားမှာ ဖြစ်တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် လှုပ်ရှားမှု အသံအဖွဲ့က သုတေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“အဓိက ပထမတချက်က ရခိုင်ပြည်နယ်မှာ ပြည်သူတွေကို အသိပေး အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် အင်တာနက် ဖြတ်တောက်မှုတွေ လုပ်တယ်။ တချို့မြို့နယ်တွေမှာဆို အင်တာနက်ကို လုံးဝဖြတ်တာ မဟုတ်ဘဲ အင်တာနက်လိုင်း နှေးတာမျိုးတွေ လုပ်တယ်။ ရခိုင်မှာရှိတဲ့ ပြည်သူတွေ ကိုယ်တိုင် ဒါကို စိုးရိမ်ကြောင့်ကြမှု ဖြစ်ရုံ မဟုတ်ဘဲနဲ့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေ ကိုယ်တိုင် ကြောင့်ကြစိုးရိမ်မှုဖြစ်ဖို့ လိုအပ်တယ်။ အဲဒီကမှ အစိုးရနဲ့ တပ်မတော်ရဲ့ တရားလက်လွတ် လုပ်နေတဲ့ဟာတွေ ပြန်လည်ထိန်းကျောင်းနိုင်မယ်လို့ ထင်တယ်။ အဲဒါကြောင့် ပထမ ပြည်သူတရပ်လုံးကို သတင်းစကား ပါတာပေါ့။ ရခိုင်မှာတော့ ဒီလိုတွေ ဖြစ်နေတယ်။ ဒါတွေက အချိန်မရွေး တခြားနေရာတွေ ပါလာနိုင်တယ်။ ဒါကြောင့်မို့ ကျနော်တို့က အချိန်မီ ဒါတွေကို ကန့်ကွက်ရှုတ်ချဖို့ လိုအပ်တယ်။ ရခိုင်လည်းပါမယ်၊ ချင်းလည်းပါမယ်၊ တခြားတိုင်းရင်းသားလည်း ပါမယ်။ သူတို့တွေ ကိုယ်တိုင် မဟုတ်ဘဲနဲ့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကပါ ဒါကို တောင်းဆိုတယ်၊ ပြီးတော့ အင်တာနက် ဖြတ်တောက်မှုတွေကို ဆန့်ကျင်ကန့်ကွက်တယ်ဆိုတဲ့ သဘောနဲ့ လက်မှတ်ရေးထိုးဖို့ လုပ်တာပါ။”

အခုလို စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ စစ်ဖြစ်နေတဲ့ နေရာတွေမှာ အင်တာနက် ဖြတ်တောက်ထားတာဟာ သောင်းချီ စစ်ပြေးနေရတဲ့ ပြည်သူတွေရဲ့ သတင်းအချက်အလက်မှန် ရယူနိုင်မှု စစ်ပြေးဒုက္ခသည်တွေ လတ်တလော ကြုံနေရတဲ့ အခက်အခဲ ဒုက္ခတွေကို သက်ဆိုင်သူတွေသိအောင် အမြန်ဆုံး ပြောပြနိုင်ဖို့ အခက်တွေ့စေတာမို့ အင်တာနက်ဖြတ်တာဟာ အင်မတန် အန္တရာယ်ကြီးတဲ့လုပ်ရပ် ဖြစ်တယ်လို့လည်း အသံအဖွဲ့က ကိုရဲဝေဖြိုးအောင်က ပြောပါတယ်။

“ဒီ ရခိုင် ပဋိပက္ခဖြစ်နေတဲ့ ဒေသမှာရှိတဲ့ ပြည်သူတွေ အတွက်ရော အဲဒီဒေသမှာ ဘာတွေဖြစ်နေလဲ ဆိုပြီးတော့ အဲဒီဒေသမှာမရှိတဲ့ ပြည်သူတွေ သိဖို့အတွက်ရော အင်တာနက်က အရေးပါလာတယ်။ ဆိုလိုချင်တာ ဘယ်နေရာ ဘယ်နေရာမှာ တိုက်ပွဲတွေဖြစ်နေပြီ ဆိုပြီးတော့ အဲဒီဒေသမှာရှိတဲ့သူတွေ သိတဲ့အခါကျမှ ဘယ်ဘက်ကိုတော့ တိမ်းရှောင်ရမယ်၊ ဘယ်ဘက်ကိုပြေးရမယ် ဆိုတဲ့ဟာမျိုးတွေ သိနိုင်မှာပေါ့။ ပြီးတဲ့အခါ ထုတ်ပြန်မှုတွေပေါ့။ ဥပမာ ရခိုင်ကိစ္စမှာပဲ ကြည့်မယ်ဆိုရင် AA ရခိုင့်တပ်မတော်ဘက်က ဘယ်နေရာတွေမှာ တိုက်ပွဲတွေ ဆင်နွှဲမယ် ဖြစ်မယ်ဆိုပြီးတော့ ပုံမှန်ထုတ်ပြန်လေ့ရှိတယ်။ အဲဒီထုတ်ပြန်တဲ့ဟာတွေကို ပြည်သူတွေက ဖတ်ပြီးတော့မှ သူတို့တွေ ဘယ်ကိုပြေးရမယ်၊ ဘယ်လိုတိမ်းရှောင်ရမလဲ ဆိုတဲ့ဟာတွေ သိမှာ။ အခုက တဖက်က ဖြတ်တောက်လိုက်တဲ့ အခါကျတော့ ဘာမှမသိနိုင်တော့ဘူး။ ဒီ ထုတ်ပြန်တဲ့ ကိစ္စတွေ၊ ရခိုင်ဒေသမှာ တကယ်ဖြစ်နေတဲ့ ကိစ္စတွေ မသိတော့ဘဲနဲ့ တမင်တကာ မျက်ခြည်ပြတ်အောင် လုပ်နေတယ်လို့တောင်မှ ထင်ယောင်ထင်မှား ဖြစ်လာစေတယ်။”

အခုလို ရခိုင်ပြည်နယ်တွင်း အင်တာနက် ဖြတ်တောက်မှုတွေ ပြန်ဖွင့်ပေးဖို့ ရခိုင်ပြည်နယ်အစိုးရ ပြည်ထောင်စုအစိုးရတွေဆီ အရေးတကြီး တောင်းဆိုပေမယ့်လို့ အလေးအနက်ထား ဖြေရှင်းပေးတာ မရှိဘူးလို့လည်း ရခိုင်အမျိုးသားပါတီ ANP အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်မြတ်ကျော်ကလည်း ပြောပါတယ်။ ဒါကတော့ နိုင်ငံသားတို့ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်မှုဖြစ်ပြီး ဒီမိုကရေစီအစိုးရတရပ် မလုပ်အပ်တဲ့လုပ်ရပ် အဖြစ်လည်း သူက ပြောပါတယ်။

“ကျနော်တို့ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း လွှတ်တော်မှာ တင်ပြ တောင်းဆိုတာတွေလည်း ရှိထားပြီးပြီ။ ဒါပေမယ့် အစိုးရပိုင်းက အခုချိန်ထိ ဘာမှ တုံ့ပြန် ဆောင်ရွက်တာမျိုး မရှိသေးဘူး။ လုပ်ချင်သလို လုပ်နေတယ်။ ဒီမိုကရေစီ အစိုးရလို့ ပြောနေပေမယ့် ဒီမိုကရေစီ စံနှုန်းနဲ့ ဘာမှ မကိုက်ညီတဲ့ ဒီလိုမျိုး လုပ်တာတွေကိုတော့ ကျနော်တို့ ပါတီအနေနဲ့ အမြဲတမ်း ရှုတ်ချပြီး လိုအပ်တဲ့ တောင်းဆိုမှုတွေ အမြဲတမ်း လုပ်ဖြစ်နေပါတယ်။”

အခုအချိန်အထိ ခြောက်လကျော် ကြာမြင့်လာပြီဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း အင်တာနက် ဖြတ်တောက်မှုကို အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ ပြည်သူအများ လက်မှတ်ရေးထိုး တောင်းဆိုကြဖို့ လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် လှုပ်ရှားမှု အသံအဖွဲ့က နှိုးဆော်တိုက်တွန်းနေပြီး လာမယ့် ဇန်နဝါရီလ ၂၁ ရက်နေ့မှာတော့ ရလာတဲ့ လက်မှတ်တွေကို စုစည်းပြီး သက်ဆိုင်ရာ အစိုးရနဲ့ လွှတ်တော်တာဝန်ရှိသူတွေကို တောင်းဆိုကြမှာဖြစ်ပြီး ဒီမိုကရေစီစနစ် ဖော်ဆောင်မယ့် အစိုးရတရပ်အနေနဲ့ ပြည်သူအများရဲ့ သဘောထားဆန္ဒကို အလေးထားမယ်လို့ မျှော်လင့်ကြောင်းလည်း ဦးဆောင်လှုပ်ရှားသူတွေက ပြောပါတယ်။

----------------------------------

(Unicode)













တိုက်ရိုက် လင့်ခ်


XS
SM
MD
LG