ထိုင်းနိုင်ငံ အလှကုန်ကုန်ပစ္စည်းနဲ့ ကျန်းမာရေးအသုံးအဆောင်တွေရောင်းချတဲ့ iCon Group ကုမ္ပဏီက အွန်လိုင်းကနေ ကုန်ပစ္စည်းတွေကို လိမ်ညာရောင်းချခဲ့တယ်လို့ မြန်မာနိုင်ငံသားတွေ အပါအဝင် လူပေါင်းထောင်ချီ တိုင်ကြားထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်အထိ မြန်မာအပါအဝင် ကမ္ဘာတဝှမ်း နိုင်ငံနဲ့ နယ်မြေ ၂၀ လောက်က တိုင်တန်းထားသူ ၉၄၀၀ကျော် ရှိကြောင်းလည်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့တာပါ။
မြန်မာ၊ တရုတ်၊ စင်္ကာပူ ဟောင်ကောင်၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားစတဲ့ အာရှနိုင်ငံတွေ အပြင် ယူကေ၊ အီတလီ၊ အာရပ်စော်ဘွားများပြည်ထောင်စု UAE နဲ့ အမေရိကန်ပြည်ထောင်စု စတဲ့ ကမ္ဘာတဝှမ်းက ကုန်ပစ္စည်းဝယ်ယူသူတွေဆီကနေ iCon Group ကုမ္ပဏီက ထိုင်းဘတ်ငွေ ၂ ဒသမ ၉ ဘီလီယံဖိုး လိမ်ညာခဲ့တဲ့အကြောင်း ထိုင်း ကုန်ပစ္စည်းဝယ်ယူသူများ ကာကွယ်ရေး ရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ iCon Group ကုမ္ပဏီနဲ့ ဆက်စပ်ပြီး ထိုင်း ရုပ်ရှင်မင်းသမီးတဦးနဲ့ နာမည်ကျော် ရုပ်သံအစီအစဉ် တင်ဆက်သူ အပါအဝင် ၁၈ ဦးကို ထိုင်းရဲက ဖမ်းဆီးခဲ့တာပါ။ သူတို့ပိုင် ဇိမ်ခံ ပြိုင်ကားတွေနဲ့ ဒေါ်လာ လေးသန်းလောက်နဲ့ ညီတဲ့ ထိုင်းဘတ် သန်း ၁၂၀ ကျော်ကိုလည်း ထိန်းချုပ်ခဲ့ပါတယ်။
iCon Group ကုမ္ပဏီဟာ အလှကုန်ကုန်ပစ္စည်း၊ ကျန်းမာရေးအသုံးအဆောင်နဲ့ တခြား အစားအသောက်လို ပစ္စည်းတွေကို အွန်လိုင်းမှာ ကြော်ငြာပြီး လူတွေ မဝယ်ဝယ်အောင် ဆွဲဆောင် ရောင်းသလို၊ ဖောက်သည်အသစ်တွေ အတင်းအကြပ်ရှာခိုင်းပြီး ငွေကြေး ရင်းနှီးမြှပ်နှံလာအောင် အွန်လိုင်းကနေ ဖိအားပေး ဖြားယောင်းခဲ့တယ်လို့ တိုင်ကြားသူတွေက ပြောပါတယ်။ အလိမ်ခံရသူတွေထဲမှာ လူတန်းစား အသီးသီးပါဝင်ပြီး အမေရိကန် ၇၅ ဒေါ်လာကနေ ၇,၅၀၀ ဒေါ်လာအထိ တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူပါ့မယ်လို့ ဖိအားပေး ကတိတောင်းခံတာကို ခံခဲ့ရတယ်လို့လည်း လိမ်လည်ခံခဲ့ရသူတွေက ပြောပါတယ်။
Forum