သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံက ကျော်ကြားသူတွေနဲ့ ကြော်ငြာ လိမ်လည်မှုကြီး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုကို ရောက်ရှိလာတဲ့ Thai The iCon group တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် Warathaphon Waratyaworrakul (အောက်တိုဘာ ၁၆၊ ၂၀၂၄)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုကို ရောက်ရှိလာတဲ့ Thai The iCon group တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် Warathaphon Waratyaworrakul (အောက်တိုဘာ ၁၆၊ ၂၀၂၄)

ထိုင်းနိုင်ငံမှာ ရုပ်ရှင်မင်းသမီးတဦးနဲ့ နာမည်ကျော် ရုပ်သံ အစီအစဥ် တင်ဆက်သူ အပါအဝင် ၁၈ ဦးကို အလှကုန်၊ ကျန်းမာရေးနဲ့ ဖြည့်စွက်စာတွေ လိမ်ညာရောင်း အမြတ်ထုတ်ခဲ့မှုနဲ့ဆက်စပ်ပြီး ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။ ဇိမ်ခံပြိုင်ကားတွေကိုလည်း သိမ်းလိုက်သလို ဒေါ်လာ ၄ သန်းလောက်နဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ သန်း ၁၂၀ ကျော်ကို အထုတ်အသွင်းလုပ်လို့မရအောင် ထိန်းချုပ်လိုက်တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။

နာမည်ကျော်တွေ၊ လူသိများသူတွေနဲ့ ဆက်နွယ်နေတဲ့ iCon Group ဆိုတဲ့ ကုမ္ပဏီက ကုန်ပစ္စည်းတွေကို အွန်လိုင်းမှာ ကြော်ငြာပြီး လူတွေ မဝယ် ဝယ်အောင် စွဲဆောင် ရောင်းသလို၊ ငွေကြေး ရင်းနှီးမြှပ်နှံလာအောင် အွန်လိုင်းကနေ ဖိအားပေး ဖြားယောင်းခဲ့တယ်လို့ဆိုပြီး လိမ်လည်ခံရသူ ၁၀၀၀ ကျော်က တရားစွဲခဲ့ပြီးတဲ့နောက် ကုမ္ပဏီတည်ထောင်သူ အပါအဝင် ၁၈ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ "Boss Paul" လို့သိကြတဲ့ ကုမ္ပဏီ တည်ထောင်သူ လည်းဖြစ်၊ ကုမ္ပဏီ အကြီးအကဲလည်းဖြစ်တဲ့ Warathaphon Waratyaworrakul နဲ့ မင်းသမီးတယောက်၊ ထိပ်တန်း ရုပ်သံ တင်ဆက်သူတယောက်တို့ကို ပူးပေါင်း လိမ်လည်သူတွေအဖြစ် မနေ့ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့ပါတယ်။

အခု ဖမ်းဆီးလိုက်သူတွေ နဲ့အတူ နောက်ထပ် အပေါင်းအပါတွေ ရှိ မရှိဆိုတာ သိရဖို့ သူတို့နဲ့ဆက်စပ်တဲ့ ဘဏ်စာရင်းတွေနဲ့ ငွေကြေး အလွှဲအပြောင်းတွေကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ ထိုင်းရဲချုပ် Kitrat Phanphet က သတင်းထောက်တွေကို ပြောပါတယ်။

ကုန်ပစ္စည်းအရောင်းအကြောင်း အွန်လိုင်းမှာ စျေးသက်သက်သာသာနဲ့ သင်တန်းတွေ ပို့ချပေးမယ်လို့ ဖြားယောင်းပြီး သင်တန်းတက်ဖို့ စာရင်းသွင်းလိုက်တာနဲ့ သူတို့ ထုတ်ကုန်တွေကို ဝယ်ဖို့ ဖိအားပေးတာ ခံရတယ်လို့ တိုင်ကြားသူတွေက ပြောပါတယ်။ အမေရိကန် ၇၅ ဒေါ်လာကနေ ၇,၅၀၀ ဒေါ်လာအထိ တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူပါ့မယ်လို့ ဖိအားပေး ကတိတောင်းခံသလို၊ ဒါကို အသုံးချပြီး ဖောက်သည် သစ်ရအောင် ကြော်ငြာခိုင်းတာတွေ လုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။ လိမ်လည်ခံရသူတွေထဲမှာတော့ သာမန် ဝင်ငွေနည်း အလုပ်သမားတွေကနေ လူချမ်းသာ အားကစားသမားတွေအထိ ပါဝင်ပြီး တချို့က ဒေါ်လာ ၁၈,၀၀၀ အထိ အလိမ်ခံခဲ့ရတယ်လို့ ထိုင်းဒေသတွင်း သတင်းတွေက ဖော်ပြကြပါတယ်။

Forum

XS
SM
MD
LG