အနောက်အာဖရိကတိုက်က နိုင်ဂျာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး တပတ်နီးပါးအကြာ အင်္ဂါနေ့မှာ သူ့နိုင်ငံသားတွေနဲ့ တခြားဥရောပနိုင်ငံတွေက နိုင်ငံသားတွေကိုကယ်ထုတ်ဖို့ စတင်မယ်လို့ ပြင်သစ်အစိုးရကပြောပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ချက်မှာ နိုင်ဂျာမြို့တော် Niamey (နီယာမေ) က ပြင်သစ်သံရုံး တိုက်ခိုက်ခံခဲ့ရတာအပြင် နိုင်ဂျာမှာ လေကြောင်း ပျံသန်းမှုတွေ ပိတ်ပင်လိုက်လို့ အခုလို သူ့နိုင်ငံသားတွေကိုကယ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ရတာလို့ ဖော်ပြထားပါတယ်။ အခု အခြေအနေမှာ နိုင်ဂျာရောက် ပြင်သစ်နိုင်ငံသားတွေနဲ့အနေနဲ့ သူတို့ အစီအစဥ်နဲ့သူတို့ နိုင်ဂျာက ထွက်ခွာနိုင်တဲ့ အခြေအနေ မရှိဘူးလို့ ဆိုပါတယ်။
အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျနီ (Antonio Tajani ) ကလည်း နီယာမေရောက် သူ့နိုင်ငံသားတွေကို အထူး ကယ်ဆယ်ရေးလေယာဉ်နဲ့ ကယ်ထုတ်နိုင်ဖို့ စီစဥ်ထားကြောင်း အင်္ဂါနေ့က ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်လည်း နိုင်ဂျာ အရပ်သားအစိုးရအဖွဲ့ဝင်အများအပြား ဖမ်းဆီးခံရမှုအပေါ် အထူးစိုးရိမ်နေကြောင်းနဲ့ နိုင်ဂျာ အနေနဲ့ လူ့အခွင့်အရေးကို အပြည့်အဝလိုက်နာဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်း တိုင်းပြည်ကိုပြန်သွားဖို့ တောင်းဆိုထားကြောင်း ဂူတားရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“အတွင်းရေးမှူးချုပ်က အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ နိုင်ဂျာမှာ လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဆောင်ရေးရဲ့ အရေးအကြီးဆုံးအချက်ကို အလေးပေးဖော်ပြထားပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ Farhan Haq က သတင်းထောက်တွေကို ပြောပါတယ်။ ပြောကြားခဲ့သည်။
ကုလသမဂ္ဂ နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့တွေက နိုင်ဂျာမှာ ဆက်ရှိပြီး ကူညီကယ်ဆယ်ရေးအလုပ်တွေ ဆက်လက်လုပ်ကိုင်မှာ ဖြစ်ပြီး နိုင်ငံတွင်းမှာ လူပေါင်း ၄ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပါတယ်။
ဒေသတွင်းတင်းမာမှုများ
ဒေသတွင်းအစုအဖွဲ့ ECOWAS က အာဏာသိမ်းခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူမှုတွေချမှတ်ထားပြီး ရွေးကောက်ခံ သမ္မတ မိုဟာမက် ဘဇိုမ်ကို အာဏာပြန်လွှဲမပေးရင် ပြန်လည်နေရာချထားရန် အင်အားသုံးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကလည်း Bazoum ရဲ့အစိုးရအား ချက်ချင်းအာဏာပြန်လည်ပေးအပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
စစ်အစိုးရများအောက်တွင် လုပ်ဆောင်နေသော နိုင်ဂျာနိုင်ငံရဲ့ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ Burkina Faso နဲ့ Mali တို့က နိုင်ဂျာအပေါ် စစ်ရေးအရ အရေးယူမှုမှန်သမျှဟာ "ဘူကီနာဖာဆိုနှင့် မာလီတို့ကို စစ်ကြေညာခြင်း" လို့ သတ်မှတ်မှာဖြစ်ကြောင်း တနင်္လာနေ့မှာ ပူးတွဲကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။
အခြားအိမ်နီးချင်း စစ်အစိုးရဦးဆောင်တဲ့ ဂီနီနိုင်ငံကလည်း ECOWAS ပိတ်ဆို့အရေးယူမှုနဲ့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်ခြေကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ပါတယ်။