လစ်ဗျားနိုင်ငံ ခေါင်းဆောင်ဟောင်း မွမ်မာ ဂဒါဖီ (Moammar Gadhafi) ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေကို သယ်ဆောင်လာတဲ့ မော်တော်ယာဉ် အနည်းဆုံး ၂၀၀ ပါဝင်တဲ့ မော်တော်ယာဉ်တန်းဟာ အိမ်နီးချင်း နိုင်ဂျာ (Niger) နိုင်ငံထဲကို ဝင်ရောက်သွားခဲ့ပါတယ်။
ဂဒါဖီကို ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေကတော့ မစ္စတာ ဂဒါဖီရဲ့ နောက်ဆုံးကျန်တဲ့ အမာခံ ဒေသတခုရဲ့ အပြင်မှာ ဆက်ပြီးတော့ လူစုဝေးနေကြတာပါ။
မစ္စတာ ဂဒါဖီ အစိုးရအဖွဲ့ထဲက ထိပ်တန်း စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် ၁၀ ဦးကျော်ကို တင်ဆောင်သွားတဲ့ စစ်မော်တော်ယာဉ်တွေဟာ တနင်္လာနေ့ ညပိုင်းမှာပဲ နိုင်ဂျာနိုင်ငံထဲကို ဝင်သွားပြီးတဲ့နောက် နီယာမေ (Niamey) မြို့တော်ဘက်ကို ဦးတည်သွားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့ကပဲ အတည်ပြု ပြောသွားခဲ့ပါတယ်။
နိုင်ဂျာနိုင်ငံရဲ့ မြို့တော်က နိုင်ငံရဲ့ အနောက်တောင်ထောင့် ဘာကီနာဖာဆို နိုင်ငံဘက် အခြမ်းနားမှာ တည်ရှိတာဖြစ်ပြီး ဘာကီနာဖာဆိုက အရာရှိတွေကတော့ မစ္စတာ ဂဒါဖီကို ခိုလှုံခွင့်ပြုမယ်လို့ လွန်ခဲ့တဲ့ ၂ ပတ်လောက်က ကမ်းလှမ်းထားခဲ့တာပါ။
အဲဒီယာဉ်တန်းပေါ်မှာ မစ္စတာ ဂဒါဖီ ပါသွားတယ်လို့တော့ အမေရိကန် ပြည်ထောင်စုက မထင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နူလန် (Victoria Nuland) က ပြောပါတယ်။
နိုင်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးကလည်း မစ္စတာ ဂဒါဖီ အဲဒီယာဉ်တန်းပေါ်မှာ မပါကြောင်း ပြောသွားတယ်လို့ သတင်းဌာနတွေက ကိုးကား ဖော်ပြကြပါတယ်။
နိုင်ဂျာအစိုးရ အနေနဲ့ မစ္စတာ ဂဒါဖီ အစိုးရ အဆင့်မြင့် အဖွဲ့ဝင်တွေကို ထိန်းသိမ်းထားပြီး သူတို့နဲ့ ပါလာတဲ့ လစ်ဗျားပြည်သူတွေ ပိုင်ဆိုင်တဲ့ ဘယ်ပစ္စည်းတွေကိုမဆို သိမ်းဆည်းထားဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။