မြန်မာ့စီးပွားရေးရာ အချက်အလက်တွေကို ခွဲစိတ်စစ်ဆေးထားတဲ့ Dissecting the Data ဆိုတဲ့ စာမျက်နှာ (၂၀) ကျော် စာတမ်းကို ဇွန်လအစောပိုင်းက Australia နိုင်ငံ Sydney မြို့ Macquarie တက္ကသိုလ် ဘောဂဗေဒ ပါမောက္ခ ဒေါက်တာ Sean Turnell က ထုတ်ဝေလိုက်ပါတယ်။ စစ်အစိုးရက စီးပွားရေးလမ်းစဉ်တွေဟာ တိုင်းပြည်ကို မတိုးတက်စေဘဲ ဆုတ်ယုတ်စေတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်ရတာကလည်း အစစအရာရာ နိုင်ငံရေး၊ အထူးသဖြင့် အာဏာတည်မြဲရေးကိုကြည့်ပြီး ဆုံးဖြတ်နေလို့ ဖြစ်ပါတယ်။
စစ်အစိုးရက စာရင်းဇယားကို ပုံကြီးချဲပြပြီး တိုင်းပြည်စီးပွားရေး တိုးတက်နေတယ်လို့ ဝါဒဖြန့်နေပေမယ့် အသေအချာ လေ့လာဆန်းစစ်တဲ့အခါမှာ စီးပွားရေးတိုးတက်တဲ့နှုန်းဟာ လူဦးရေ တိုးပွားတဲ့နှုန်းထက် နှိမ့်ကျနေတယ်လို့ ဆိုပါတယ်။ နိုင်ငံသားတဦးရဲ့ တနှစ်ထုတ်လုပ်မှုဟာ (၄၃၅) ဒေါ်လာသာရှိတာမို့ အရှေ့တောင်အာရှမှာ အနည်းဆုံး ဖြစ်ပါတယ်။ အစိုးရ အသုံးစရိတ်နဲ့ အခွန်တော်ဆိုင်ရာ လမ်းစဉ်ကို လေ့လာမယ်ဆိုရင် ဝင်ငွေနဲ့ အသုံးစရိတ် အမြဲတမ်း မမျှမတ ဖြစ်နေတာတွေရပါတယ်။ စစ်အစိုးရဟာ အမြဲတမ်း အသုံးစရိတ် လိုအပ်နေပါတယ်။ လိုငွေကို ရှာဖွေတဲ့ နည်းလမ်းတွေဟာ တိုင်းပြည်စီးပွားရေးကို ပျက်စီးစေပါတယ်။ ဒီလို ဖြစ်လာအောင် ဖန်တီးသူဟာ ဗမာစစ်အစိုးရပဲ ဖြစ်ပါတယ်။
အစိုးရအသုံးစရိတ်မှာ အဓိကဦးစားပေးတာဟာ စစ်တပ်အသုံးစရိတ် ဖြစ်ပါတယ်။ ကျန်းမာရေး၊ ပညာရေး (၂) ခုပေါင်းထက် စစ်အသုံးစရိတ်က ပိုများနေပါတယ်။ အရှေ့တောင်အာရှမှာ မြန်မာတနိုင်ငံထဲမှာသာ စစ်တပ်ဦးစားပေးတဲ့ အစိုးရ အသုံးစရိတ်တွေ ရှိနေပါတယ်။ စစ်အသုံးစရိတ်ဟာ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတဲ့အတွက် တိုင်းသူပြည်သားတွေ အတိဒုက္ခရောက်နေတာကို လျစ်လျူရှုနေရပါတယ်။ ဒါတင်မကသေးပါဘူး တိုင်းပြည်ရဲ့ လူသားရင်းမြစ် တိုးတက်ဖွံ့ဖြိုးရေးကိုလည်း ဂရုမစိုက်ရာ ရောက်နေပါတယ်။ စစ်အစိုးရရဲ့ လိုငွေကို ငွေစက္ကူစက်က ရိုက်ထုတ်ပေးနေရပါတယ်။ စစ်အစိုးရ လိုသမျှကို ဗဟိုဘဏ်တိုက်က ရိုက်ထုတ်ပေးနေတာမို့ နှစ်စဉ် (၂၅) ရာခိုင်နှုန်း ငွေကြေးဖောင်းကြွနေပြီး ဈေးနှုန်းထိုးတက်နေတာ ဖြစ်ပါတယ်။
စစ်အစိုးရ အခွန်ကောက်ခံပုံဟာ ကသောင်းကနင်း အမျိုးမျိုးဖြစ်နေပါတယ်။ ကျေးရွာအဆင့်၊ မြို့နယ်အဆင့် ကောင်စီဝင်၊ စစ်တပ်နဲ့ အစိုးရလက်အောက်ခံ အရပ်သားအဖွဲ့ စသည်တို့ကလည်း ဘာကြေးညာကြေးဆိုပြီး ကောက်ခံတာတွေ ရှိနေပါတယ်။ ဒီလို တဖတ်သတ် ဆက်ကြေးကောက်ခံတာကို ပေးနေရတဲ့ လုပ်ငန်းရှင်နဲ့ ပြည်သူလူထုဟာ စိတ်ဓါတ်ကျလာပါတယ်။ စွက်ဖက်ဖို့ စစ်အစိုးရသတိမရတဲ့ ကောက်ပဲသီးနှံကဏ္ဍမှာသာ အောင်မြင်မှု အကြီးအကျယ် ရနေပါတယ်။ စစ်အစိုးရ စွက်ဖက်မှု ကင်းရှင်လို့သာ အိန္ဒိယကို ပဲမျိုးစုံ တင်ပို့နိုင်တာလို့ ဆိုပါတယ်။ ကျေးလက်စီးပွားရေး ရှင်သန်လာအောင် စိုက်ပျိုးရေး ဘဏ်လုပ်ငန်းမှာ ဒေါ်လာသန်း (၄၀၀) က (၁၀၀၀) အထိ ရင်းနှီးမြုပ်နှံဖို့ လိုပါတယ်။ ဒီငွေ ပမာဏဟာ အစိုးရနိုင်ငံခြားသုံးငွေ လက်ကျန်ရဲ့ (၆) ပုံ (၁) ပုံသာဖြစ်ပြီး သဘာဝဓါတ်ငွေ့ (၆) လ ရောင်းလိုက်ရင် ရနိုင်ပေမယ့် စစ်အစိုးရမှာ ကျေးလက်ဖွံ့ဖြိုးရေး အစီအစဉ် မရှိသေးပါဘူး။ သဘာဝဓါတ်ငွေ့ကရတဲ့ ဒေါ်လာငွေဟာ ပြည်တွင်းမှာ စာရင်းပျောက်နေပြီး နိုင်ငံခြားဘဏ်တွေမှာ ရောက်နေပါတယ်။
နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နံှမှုအများဆံးလုပ်ငန်းတွေဟာ သဘာဝဓါတ်ငွေ့၊ ရေနံ၊ ရေအားလျှပ်စစ် နဲ့ အခြား သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ ဒေသခံကို မသုံးဘဲ နိုင်ငံခြားအတတ်ပညာ နိုင်ငံခြားပစ္စည်းတွေသုံးပြီး လိုချင်တာကို ထုတ်ယူသွားကြတာမို့ ဒေသခံတွေအတွက် အကျိုးခံစားစရာ အခွင့်အလမ်းမရှိပါဘူး။ ဒါကြောင့်မို့ မြန်မာပြည်က နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေဟာ တိုင်းပြည်ရဲ့ အနာဂတ် တိုးတက်ရေးအတွက် အခြေခံ မတည်ဆေက်ပေးနိုင်ဘူးလို့ ရှောင်တာနဲ့က သုံးသပ်ပါတယ်။ ဒီလို သဘာဝသယံဇာတ ထုတ်ယူနေတဲ့လုပ်ငန်းမှာ အများဆုံး ရင်းနှီးမြုပ်နှံနေတဲ့ နိုင်ငံတွေကတော့ တရုတ်၊ ထိုင်း၊ ပြင်သစ် နဲ့ တောင်ကိုရီးယား တို့ ဖြစ်ပါတယ်။ ဒီအထဲမှာ ဗြိတိန်နိုင်ငံပိုင် ကျွန်းစုလေးတစုမှာ အခြေစိုက်တဲ့ နိုင်ငံခြားကုမ္မဏီတွေလည်း ပါဝင်နေပါတယ်။
ရွေးကောက်ပွဲမတိုင်မီ နိုင်ငံပိုင်ပစ္စည်းတွေကို ပုဂ္ဂလိကပိုင်လုပ်တယ်ဆိုပြီး နီးစပ်တဲ့ အသိုင်းအဝိုင်း လက်ထဲထိုးထည့်တာဟာ တိုင်းပြည်အတွက် ဆုံးရှုံးမှုဖြစ်ပါတယ်။ နိုင်ငံပိုင်ပစ္စည်းတွေ ရောင်းချနေတဲ့ အကြောင်းရင်း အမျိုးမျိုးရှိနိုင်တဲ့အထဲမှာ ကြံ့ဖွံ့ပါတီအတွက် ရန်ပုံငွေရှာတာလည်း ဖြစ်နိုင်ပါတယ်။ ငွေကုန်ကြေး အကုန်အကျများပေမယ့် ရွေးကောက်ပွဲမှာ စစ်အစိုးရ အသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ပါတီ အနိုင်ရအောင် ငွေကြေးထောက်ပံ့တဲ့အနေနဲ့ နိုင်ငံပိုင်ပစ္စည်းကို လက်သိပ်ထိုးပေးလိုက်တာ ဖြစ်နိုင်ပါတယ်။
တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေရဲ့ အတွေ့အကြုံကိုလေ့လာရင် ပုဂ္ဂလိကပိုင်ပစ္စည်းကို အစိုးရက ရိုသေလေးစားမှု ပဋိညာဉ် သဘောတူချက်ကို ရိုသေလေးစားမှု၊ အခြေခံ လွတ်လပ်မှုကို ရိုသေလေးစားမှု၊ အခြေခံ အဆောက်အအုံ ကောင်းမွန်မှု၊ အပြည်ပြည်ဆိုင်ရာ ငွေဖလှယ်ရေးစံနစ် ကျင့်သုံးမှု၊ အသိဉာဏ်ပညာနဲ့အညီ တသမတ်တည်း ပေါ်လစီလမ်းစဉ်ကို ကျင့်သုံးမှု စတဲ့ အင်္ဂါရပ်တွေ ရှိနေတာ တွေ့ရပါတယ်။ ဒီအင်္ဂါရပ်အားလုံး မြန်မာပြည်မှာ မရှိသေးပါဘူး။ ဒါကြောင့် သင့်လျှော်မှန်ကန်တဲ့ စီးပွားရေးလမ်းစဉ်ကို အကောင်အထည်ဖော်ဖို့ မပြောနဲ့ ဆွေးနွေးနိုင်တဲ့ အခြေအနေတောင် မရှိသေးပါဘူး။ ရွေးကောက်ပွဲကို ကျင်းပဖို့ စီစဉ်နေပေမယ့် အရေးပါအရာရောက်တဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုပြုလုပ်ဖို့ အလားအလာကင်းမဲ့ နေတာတွေ့ရကြောင်း ဒေါက်တာရှောင်တာနဲလ် က သုံးသပ်ထားပါတယ်။