သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးမြေကျတိုက်ပွဲ နဲ့ ဒီမိုကရေစီဓလေ့


၈လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနား အထက်မြန်မာပြည်။
၈လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနား အထက်မြန်မာပြည်။
၁၉၈၈ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံဖြစ်ပွားခဲ့တာ အနှစ်အစိတ်ရှိသွားပါပြီ။ အဲဒီတုန်းက ဦးဆောင်ပါဝင်ခဲ့ပြီး မသေမပျောက်ကျန်ရှိနေတဲ့ လူငယ်တွေလည်း လူကြီးတွေဖြစ်ကုန်ကြပါပြီ။ ပြည်သူတွေ မျှော်မှန်းတဲ့ ဒီမိုကရေစီပြုပြင်ရေးကို စစ်အုပ်စုက လက်ဝါးကြီးအုပ်ထားပေမယ့် ၈၈ သွေးမြေကျတိုက်ပွဲရဲ့ အကျိုးဆက်တွေ ဆက်လက်ရှင်သန်နေပါတယ်။ အစိုးရဦးဆောင်နေတဲ့ လက်ရှိပြုပြင်ရေးကို ၈၈ အရေးတော်ပုံရဲ့ အကျိုးဆက်တခုလို့ မြင်သူတွေ ရှိပါတယ်။ ပြည်တွင်းပြည်ပမှာ တောင်းဆိုနေတဲ့ ဒီမိုကရေစီကို စစ်အုပ်စုထဲမှာ လက်ခံသူတွေ ရှိလာတာဟာ ၈၈ လှုပ်ရှားမှုရဲ့ အကျိုးဆက်တခုလို့ ယူဆကြပါတယ်။

၈၈ အရေးတော်ပုံအတွင်း ဆန္ဒပြသူတွေကို ပစ်သတ်တဲ့အမှုမှာ တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့အတွက် ဦးသိန်းစိန်အစိုးရအနေနဲ့ သီးခြားလွတ်လပ်စွာ စုံစမ်းစစ်ဆေးသင့်တယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က သြဂုတ်လ (၆) ရက်နေ့က ကြေညာပါတယ်။ ဒီမိုကရေစီပြုပြင်ရေးဟာ အတွေးအခေါ် ပြောင်းလဲရေး ဖြစ်ပါတယ်။ ဒါပေမဲ့ စနစ်ဟောင်း၊ အကျင့်ဟောင်းကို စွန့်လွှတ်ပြီး အတွေးသစ်၊ အမြင်သစ်နဲ့ လုပ်ကိုင်နိုင်ဖို့ အချိန်ကြာတတ်ပါတယ်။ နှစ်ပေါင်းများစွာ အနှစ်နာခံ သွေးမြေကျပြီးမှ ဒီမိုကရေစီဓလေ့ ထူထောင်နိုင်တာကို ဝါရင့်ဒီမိုကရေစီနိုင်ငံတွေမှာလည်း တွေ့နိုင်ပါတယ်။

အာဏာရှင်ဘုရင်စနစ်ကို ဖြိုဖျက်လိုက်တဲ့ ၁၈ ရာစု ပြင်သစ်တော်လှန်ရေးက တည်ထောင်တဲ့ ပထမသမ္မတနိုင်ငံတော်ဟာ (၁၀) ကျော်သာ ခံပါတယ်။ စစ်အာဏာရှင် နပိုလီယံနဲ့ ဘုရင်တွေ ပြန်လည်အုပ်ချုပ်တဲ့ အချိန်က (၄၄) နှစ် ကြာပါတယ်။ အဲဒီနောက် ဒုတိယသမ္မတနိုင်ငံ တည်ထောင်ပြန်တော့လည်း (၄) နှစ်သာ ခံပါတယ်။ နပိုလီယံရဲ့တူဖြစ်သူက အာဏာရှင်စနစ်ကို အနှစ် (၂၀) နီးပါး ကျင့်သုံးနိုင်ပြန်ပါတယ်။ ပြင်သစ်တော်လှန်ရေးဖြစ်ပွားပြီး အနှစ် (၉၀) နီးပါးကြာတော့မှ ပါလီမန်လွှတ်တော် ကြီးစိုးတဲ့ တတိယသမ္မတနိုင်ငံကို တည်ထောင်နိုင်ပါတယ်။ နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ နိုင်ငံရေးယုံကြည်ချက်၊ အတွေးအခေါ်အယူအဆနဲ့ ရိုးရာအစဉ်အလာ ဓလေ့တွေ ဆက်လက်ရှင်သန်နေတဲ့အတွက် ပြည်သူ့ကိုယ်စားလှယ် ကြီးစိုးတဲ့အစိုးရစနစ် ထွက်ပေါ်လာဖို့ အနှစ် (၉၀) နီးပါး ကြာသွားတာလို့ ဆိုပါတယ်။

ဥပဒေပြုအဖွဲ့တွေရဲ့ မိခင်ကြီးလို့ တင်စားခေါ်ခံရတဲ့ အင်္ဂလိပ်ပါလီမန်ဟာ ငြိမ်းချမ်းစွာ ထွက်ပေါ်လာတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ အာဏာရှင်ဘုရင်နဲ့ ပါလီမန်အကြား (၁၇) ရာစုက ဖြစ်ပွားတဲ့ အင်္ဂလိပ်ပြည်တွင်းစစ်မှာ လူ (၂) ကျော် သေဆုံးတယ်လို့ ခန့်မှန်းကြပါတယ်။ ပြည်တွင်းစစ်က သင်ခန်းစာယူနိုင်တာကြောင့် နောက်ပိုင်းမှာ အင်္ဂလိပ် ဒီမိုကရေစီ ငြိမ်းချမ်းစွာ တိုးတက်ဖွံ့ဖြိုးနိုင်တာလို့ ဆိုပါတယ်။ (၁၈) ရာစု အမေရိကန် လွတ်လပ်ရေးစစ်ပွဲမှာ သေဆုံးသူ (၂) သောင်ကျော်ရှိပြီး (၁၉) ရာစု ပြည်တွင်းစစ်မှာ (၆) သိန်းကျော် သေဆုံးပါတယ်။ မြန်မာပြည်တွင်းစစ်မှာ သိန်းချီပြီး သေဆုံးဖွယ်ရှိပါတယ်။ ဆရာစံသူပုန်မှာ လယ်သမား သုံးထောင်ကနေ တသောင်းအထိ သေဆုံးဖွယ်ရှိပါတယ်။ ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ ၈၈ အရေးတော်ပုံမှာလည်း သုံးထောင်နဲ့ တသောင်းကြာ အသတ်ခံရတယ်လို့ ခန့်မှန်းကြပါတယ်။

မျက်မှောက်ခေတ် ဒီမိုကရေစီလှုပ်ရှားမှုမှာ စစ်တပ်ကို ကိုယ့်ဘတ်ပါအောင် သို့မဟုတ် ကြားနေအောင် စည်းရုံးနိုင်ရင် အသေအပျောက်နည်းတာ တွေ့ရပါတယ်။ ဖီလစ်ပိုင်နဲ့ အင်ဒိုနီးရှားက ဒီအချက်ကို သက်သေပြနေပါတယ်။ အင်ဒိုနီးရှားစစ်တပ်ကို တော်လှန်တဲ့ အရှေ့တီမော်ရဲ့ အနှစ် (၂၀) လွတ်လပ်ရေးတိုက်ပွဲမှာ လူဦးရေ (၂၀) ရာခိုင်နှုန်း ကျဆုံးသွားပါတယ်။ စစ်ဓလေ့နဲ့ ဒီမိုကရေစီဟာ အသွင်မတူပါ။ စစ်တပ်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောဖူးပါတယ်။ ဒါပေမဲ့ ၈၈ အရေးတော်ပုံကို နှိမ်နှင်းပြီး စစ်အစိုးရ အနှစ် (၂၀) ကျော် ကြီးစိုးတဲ့အခါမှာ စစ်တပ်နဲ့ နေပြည်တော်မှာသာ အင်အားကောင်းနေပြီး တိုင်းပြည်ဟာ ဆင်းရဲမွဲတေသွားပါတယ်။ စစ်တပ်နဲ့ နေပြည်တော်ဟာ တိုင်းသူပြည်သားတွေ ထမ်းရွက်နေတဲ့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာပါတယ်။

ပြုပြင်ရေးလုပ်တာဟာ အာဏာရှင်စနစ် မခိုင်မာကြောင်း ပြသတာ ဖြစ်ပါတယ်။ အာဏာရှင်စနစ်ပြုပြင်ဖို့ ကြိုးပမ်းချိန်ဟာ အာဏာရှင်အတွက် အန္တရာယ်အများဆုံး ဖြစ်နိုင်ပါတယ်။ ဆိုဗိယက်အာဏာရှင်စနစ်ကို ကွန်မြူနစ်ဖျက်မှ ပျက်လိမ့်မယ်လို့ ယူဆနေကြတုန်း ဂိုဘာချော့ က ဆိုဗီယက်စနစ်ကို ဇာတ်သိမ်းလိုက်ပါတယ်။ ဒါကိုကြည့်ပြီး ဗမာအာဏာရှင်စနစ်ကို ဗိုလ်ချုပ်ဟောင်းဦးသိန်းစိန် က နိဂုံးချုပ်ပေးလိမ့်မယ်လို့ ခန့်မှန်းကြတာမျိုး ရှိပါတယ်။ စစ်အုပ်စုဟာ ၈၈ အရေးတော်ပုံလို လူထုအုံကြွမှုကို အလွန်ကြောက်ရွံ့တာ ထင်ရှားပါတယ်။ တက္ကသိုလ်ကျောင်းသားတွေကို လူစုခွဲပြီး ပျဉ်းမနားကြပ်ပြေးမှာ နေပြည်တော် တည်ဆောက်ရတဲ့ ရည်ရွယ်ချက်တွေထဲမှာ လူထုအုံကြွမှု ရှောင်ရှားနိုင်ရေးလည်း ပါဝင်ပါတယ်။ ၂၀၀၇ သံဃာလူထုအုံကြွမှုကို အလွယ်တကူ ချေမှုန်းနိုင်တာဟာ နေပြည်တော်ကို ပြည်သူလူထုနဲ့ ကင်းဝေးစွာ တသီးတခြား တည်ဆောက်ထားလို့ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ဒီမိုကရေစီဓလေ့ မရှင်သန်ရင် ရွေးကောက်ပွဲကနေ အာဏာရှင်စနစ် ပေါ်ထွက်လာနိုင်ပါတယ်။ ပြည်သူ့စားဝတ်နေရေး ပြဿနာကို မဖြေရှင်းနိုင်တဲ့ အချိန်ကာလ ကြာညောင်းလေလေ လူထုအုံကြွပြီး သွေးမြေကျဖို့ အလားအလာများလေလေ ဖြစ်တာမို့ ဒီမိုကရေစီဓလေ့ကို အမြန်ဆုံး ပြုစုပျိုးထောင်ဖို့ လိုအပ်နေကြောင်း တင်ပြလိုက်ရပါတယ်။
XS
SM
MD
LG