သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်းစနစ်၏ အကျိုးအပြစ်


စစ်မှုထမ်းစနစ်၏ အကျိုးအပြစ်
စစ်မှုထမ်းစနစ်၏ အကျိုးအပြစ်

နိုင်ငံသားကို စစ်မှုထမ်းခိုင်းတာဟာ နိုင်ငံအချင်းချင်း စစ်ခင်းတဲ့ ရှေ့ဓလေ့တခု ဖြစ်ပါတယ်။ ဥရောပမှာ အမျိုးသားနိုင်ငံတွေ တည်ထောင်စဉ်က အမျိုးသားစိတ်ရှိလာအောင် လူတိုင်းစစ်မှုထမ်းရတဲ့စနစ်ကို ကျင့်သုံးကြပါတယ် စစ်မှုထမ်းတယ်ဆိုတာဟာ အစိုးရခိုင်းသမျှ လုပ်ကိုင်ရတာမို့ အစိုးရကိုယ်စား လုပ်ရသလို ဖြစ်နေတာကြောင့် စစ်မှုထမ်းခိုင်းတဲ့စနစ်ရဲ့ အကျိုးအပြစ်တွေကို ဆွေးနွေးလာတာ ကြာပါပြီ။ နိုင်ငံအချင်းချင်း စစ်ဖြစ်ချိန်မှာသုံးတဲ့စနစ်ကို အမြဲတမ်းမသုံးသင့်ဘူးလို့ သုံးသပ်တာမျိုးတွေ ရှိပါတယ်။

ဒါကြောင့် ဘာကြောင့်လို့ စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးတယ်ဆိုတာကို လေ့လာသုံးသပ်ကြပါတယ်။ စစ်သားစုဆောင်းရတာ ခက်ခဲတဲ့အတွက် နိုင်ငံခြားနဲ့ စစ်ဖြစ်ချိန်လောက်ပဲ စစ်မှုထမ်းခိုင်းတာများပါတယ်။ ဒါပေမဲ့ ရိက္ခာထုတ်လုပ်တဲ့ လယ်သမားကို စစ်တိုက်ခိုင်းရင် ရိက္ခာရှားပါးနိုင်တာမို့ စစ်ဖြစ်နေချိန်မှာတောင် စစ်မှုထမ်းကင်းလွတ်ခွင့် ပေးထားတာမျိုး ရှိပါတယ်။ ဗမာ့စစ်မှုထမ်းဥပဒေမှာ လယ်သမားကို ကင်းလွတ်ခွင့် ပေးထားတာ မတွေ့ရပါဘူး။ အလုပ်လက်မဲ့များတဲ့ တိုင်းပြည်မှာ စစ်မှုထမ်းခိုင်းရင် အလုပ်လက်မဲ့ဦးရေ နည်းပါးသွားနိုင်ပြီး အလုပ်လက်မဲ့ နည်းတဲ့နေရာမှာ စစ်မှုထမ်းခိုင်းရင်တော့ အလုပ်လုပ်နိုင်တဲ့ လူငယ်တွေရဲ့ အခွင့်အလမ်းကို ဆုံးရှုံးစေတယ်လို့ သုံးသပ်ကြပါတယ်။

လူတိုင်းပါဝင်တဲ့ စစ်တပ်ဟာ လူတန်းစားနဲ့ လူမျိုုးစုပေါင်းစုံကို ပေါင်းစပ်တဲ့နေရာ ဖြစ်လာတဲ့အတွက် နိုင်ငံတည်ဆောက်ရာမှာ အရေးကြီးတဲ့ အခြေခံအုတ်မြစ် ဖြစ်လာတယ်လို့ မြင်တာမျိုးလည်း ရှိပါတယ်။ လူတိုင်း စစ်မှုထမ်းတဲ့စနစ်ကြောင့် ဒေသစွဲနဲ့ လူမျိုးစွဲ စိတ်ဓါတ်နည်းပါးသွားနိုင်ပါတယ်။ စစ်မှုထမ်းစနစ်ကြောင့် အစိုးရကို သစ္စာရှိတဲ့ တခုတည်းသော အမျိုးသားအသွင်လက္ခဏာကို ဖော်ဆောင်နိုင်တယ်လို့ဆိုပါတယ်။ အစိုးရတပ်မှာ စစ်မှုထမ်းသူဟာ လူမျိုးရေး စိတ်ဓါတ်နည်းပါးသွားနိုင်ပါတယ်။ ဒီအမြင်နဲ့ ကြည့်ရင် နိုင်ငံသားတိုင်း စစ်မှုထမ်းခိုင်းတာဟာ အမျိုးသားစည်းလုံးရေးလမ်းစဉ်လို ဖြစ်နေပါတယ်။ ဒါကြောင့် သီးခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို စစ်အစိုးရက မလိုလားတာ ဖြစ်ပုံရပါတယ်။

လူတိုင်းစစ်မှုထမ်းတဲ့ စစ်တပ်ဟာ လူထုနဲ့ နီးစပ်ပြီး ဆန္ဒအလျောက် ဖွဲ့စည်းတဲ့ အမြဲတမ်းတပ်ဟာ လူထုနဲ့ ကင်းကွာတယ်လို့ သုံးသပ်တာမျိုး ရှိပါတယ်။ ဒီနေရာမှာ စစ်မှုထမ်းအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်သူနဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်ထဲရောက်လာသူဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ နိုင်ငံကိုလိုက်ပြီး စစ်မှုထမ်းဥပဒေအရ စစ်ထဲရောက်လာသူဦးရေ အနည်းအများ ကွာခြားပါတယ်။ လိုချင်တဲ့စစ်သားဦးရေကများပြီး စစ်ထဲဝင်ချင်သူနည်းရင် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး အမိန့်နဲ့ စစ်သားစုဆောင်းတတ်ပါတယ်။ အမေရိကန် အမျိုးသားစီးပွားရေးသုတေသနဌာန (NBER -) က ပညာရှင် နှစ်ဦး က ၂၀၀၅ ခုနှစ် ထုတ်ဝေတဲ့ စာတမ်းအရဆိုရင် နိုင်ငံ (၆၀) ကျော်ကို လေ့လာတဲ့အခါမှာ ပုံမှန်စစ်တပ်မှာ ဆန္ဒအလျောက်တပ်ထဲ ဝင်သူက (၅၀) ရာခိုင်နှုန်း စစ်မှုထမ်းဥပဒေကြောင့် စစ်တပ်ထဲရောက်လာသူက (၅၀) ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ ဗမာစစ်အစိုးရကလည်း အမြဲတမ်း စစ်တပ်ကိုအားဖြည့်ဖို့ ရည်ရွယ်ပြီး စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်တာ ဖြစ်ပုံရပါတယ်။

အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ်ဆိုပေမယ့် ဖွံ့ဖြိုးစနိုင်ငံတွေမှာတော့ လာဘ်ပေးနိုင်သူဟာ ကင်းလွတ်ခွင့်ရကြပါတယ်။ စစ်မှုမထမ်း မနေရလို့ဆိုပေမယ့် စစ်တပ်ကခွင့်ပြုမှ စစ်မှုထမ်းနိုင်တာပါ။ ဥပမာ - ဆေးစစ်တာ မအောင်ရင် စစ်မှုမထမ်းနိုင်ပါဘူး။ တောင်ကိုရီးယားမှာ ကျန်းမာရေးအဆင့်မမီလို့ စာရေးအလုပ်နဲ့ ရဲသားအလုပ်သာ လုပ်ရသူတွေရှိပါတယ်။ ဒါတောင် စစ်မှုထမ်းဖို့ ပျက်ကွက်သူ တထောင်နီးပါး မနှစ်က အဖမ်းခံလိုက်ရပါတယ်။ ဆင်းရဲသားကသာ စစ်မှုထမ်းကြပါတယ်။ ပညာနည်းတဲ့ ဆင်းရဲသားအဖို့ကတော့ စစ်မှုထမ်းရတာ အလုပ်အကိုင် ရရှိသွားတဲ့သဘောဖြစ်ပါတယ်။ ပညာတတ် လူငယ်ဟာ စစ်တပ်ထဲ မဝင်ချင်ပါဘူး။ စစ်မှုထမ်းရလို့ မိမိကိုယ်မိမိ သတ်သေတာမျိုးတွေ ထိုင်ဝမ်မှာ ရှိပါတယ်။ ဒါကြောင့် အတင်းအကျပ် စစ်မှုထမ်းခိုင်းတဲ့ အစိုးရကို မကျေနပ်သူများတာ တွေ့ရပါတယ်။

လူ့အခွင့်အရေး ခေတ်စားလာတဲ့အခါမှာ မိမိယုံကြည်ချက်ကြောင့် စစ်မှုမထမ်းချင်သူကို ကင်းလွတ်ခွင့် ပေးပါတယ်။ ဒီလို ပုဂ္ဂိုလ်ကို Conscientious Objector လို့ ခေါ်ပြီး ဥရောပနိုင်ငံတွေမှာ အသိအမှတ်ပြု ထားပါတယ်။ ဘာသာရေး၊ နိုင်ငံရေး၊ နဲ့ လူမှုရေးအကြောင်းကြောင့် စစ်မှုမထမ်းချင်တဲ့ ပုဂ္ဂိုလ်တွေကို အခြားအလပ်တွေ လုပ်ခိုင်းပါတယ်။ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်မှာလည်း ယုံကြည်ချက်ကြောင့် စစ်မှုမထမ်းနိုင်သူတွေကို အသိအမှတ်ပြုပါတယ်။ ဒီလိုဖြစ်နိုင်အောင် စစ်မှုထမ်းမှ ကင်းလွတ်ခွင့်ဥပဒေကို ပြဋ္ဌာန်းဖို့ လိုပါတယ်။

ငယ်စဉ်က စစ်မှုထမ်းဖူးသူဟာ လူကြီးဖြစ်လာတဲ့အခါမှာ ရာဇဝတ်မှု ကျူးလွန်ဖိုပ အလားအလာများကြောင်း လေ့လာတွေ့ရှိထားပါတယ်။ တောင်အမေရိကတိုက် အာဂျင်းတီးနားနိုင်ငံမှာ လူတိုင်းစစ်မှုထမ်းခိုင်းတဲ့ စနစ် ကျင့်သုံးပုံကို ပညာရှင် (၃) ဦးက လေ့လာဆန်းစစ်ပြီး ၂၀၀၉ မေလမှာ စာတမ်းထုတ်ဝေပါတယ်။ စစ်မှုထမ်းခိုင်းတဲ့အတွက် လူငယ်တွေမှာ စည်းကမ်းရှိတာဝန်သိ လာတာရှိသလို၊ လက်နက်အားကိုးပြီး အကြမ်းဖက်အနိုင်ယူတဲ့ အကျင့်ဆိုးလည်း စွဲကပ်လာပါတယ်။ အထူးသဖြင့် လက်နက်ကိုင်ပြီး ရာဇဝတ်မှု ကျူးလွန်မယ့် အလားအလာဟာ စစ်သားလူထွက်မှာ ပိုများကြောင်း အာဂျင်တီးနားနိုင်ငံက စစ်မှုထမ်းစနစ်ကို လေ့လာပြီး သုံးသပ်တင်ပြထားတာကို တွေ့ရပါတယ်။

XS
SM
MD
LG