သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ နဲ့ ကေအန်ယူ အပစ်အခတ်ရပ်စဲရေး


အစိုးရ နဲ့ ကေအန်ယူ အပစ်အခတ်ရပ်စဲရေး
အစိုးရ နဲ့ ကေအန်ယူ အပစ်အခတ်ရပ်စဲရေး

အနှစ် (၆၀) ကျော် လက်နက်ကိုင်တော်လှန်နေတဲ့ ကေအန်ယူ - ကရင်အမျိုးသားအစည်းအရုံးနဲ့ ဦးသိန်းစိန် အစိုးရတို့ အပစ်အခတ်ရပ်စဲဖို့ ဇန်နဝါရီလ (၁၂) ရက်နေ့က သဘောတူလိုက်တဲ့သတင်းကို အပြည်ပြည်ဆိုင်ရာက ကြိုဆိုထောက်ခံကြတာ တွေ့ရပါတယ်။ အရင်ကလည်း ကေအန်ယူ နဲ့ စစ်အစိုးရ တွေ့ဆုံဆွေးနွေးပြီး ယာယီအပစ်အခတ် ရပ်စဲနိုင်တာမျိုး ရှိခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် အစောပိုင်းက ဗိုလ်ချုပ်ကြီးစောဗိုလ်မြ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သွားပြီး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနိုင်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်နောက်ပိုင်းမှာ သဘောတူချက် လက်မှတ်ထိုးဖို့ စီစဉ်နေကြတုန်း ဗိုလ်ချုပ်ကြီးခင်ညွှန့် အဖမ်းခံရလို့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပါတယ်။ မကြာမီက ပြုလုပ်ခဲ့တဲ့ ဘားအံဆွေးနွေးပွဲရဲ့ ထူးခြားချက်တခုက ဆွေးနွေးတဲ့အကြောင်းအရာကို နှစ်ဘက်စလုံး ထုတ်ဖော်ပြောဆိုတာ ဖြစ်ပါတယ်။ RFA သတင်းထောက်နဲ့ The Voice စာစောင်က မေးမြန်းစဉ် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ရှင်းပြသလို KNU ဘက်ကလည်း သူတို့တင်ပြတဲ့ အချက် (၁၁) ချက်ကို ကြေညာပါတယ်။ ဒါပေမဲ့ ဇန်နဝါရီ (၁၄) ရက်ထုတ် အစိုးရသတင်းစာမှာတော့ သတင်းအကြောင်းအရာကို မဖော်ပြဘဲ ဆွေးနွေးပွဲ တက်ရောက်သူတွေရဲ့ အမည်ကိုသာ ဖော်ပြထားတာ တွေ့ရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်ကိစ္စမှာ သမ္မတဦးသိန်းစိန် ချပေးလိုက်တဲ့ လမ်းညွှန် (၃) ဆင့်အတိုင်း ဆောင်ရွက်ကြောင်း ဦးအောင်မင်း က ရှင်းပြပါတယ်။ ပထမအဆင့်က အပစ်အခတ် ရပ်စဲဖို့ ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံရေးတိုးတက်ဖို့ ဆောင်ရွက်ပြီး နောက်ဆုံးတတိယအဆင့်က လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆုံးဖြတ်ပြီး ဥပဒေပြရေး ဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားတွေဘက်က တောင်းဆိုတဲ့ ပင်လုံညီလာခံသဘောမျိုးကို တတိယအဆင့်မှာ ကျင်းပဖွယ်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဦးအောင်မင်းတို့အဖွဲ့နဲ့ KNU ခေါင်းဆောင်ပိုင်း ပဏာပဆွေးနွေးပွဲ ကျင်းပပြီး မကြာမီမှာ ပထမအဆင့်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူချက်ကို လက်မှတ်ရေးထိုးနိုင်တာ ဖြစ်ပါတယ်။ KNU တောင်းဆိုတာကို အစိုးရကမူအားဖြင့် သဘောတူလိုက်ပါတယ်။

အလားတူ အပစ်အခတ် ရပ်စဲရေးသဘောတူချက်ကို ဦးရွက်ဆစ် ဦးဆောင်နေတဲ့ ရှမ်းပြည်တပ်ဖွဲ့နဲ့ ဒီဇင်ဘာလက်မှတ်ထိုးခဲ့ပြီး ဇန်နဝါရီ (၆) ရက်မှာ ချင်းအမျိုးသားတပ်ဦးနဲ့ လက်မှတ်ထိုးပါတယ်။ နှစ်လအတွင်း လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ (၃) ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲဖို့ လက်မှတ်ထိုးနိုင်ခဲ့တာဟာ အပြန်အလှန်ယုံကြည်မှု ရှိလာတဲ့အတွက် ဖြစ်တယ်လို့ ဦးအောင်မင်းက ဆိုပါတယ်။ ရှေ့ဆက်ပြီး ကယား၊ မွန်၊ ပအို့ စတဲ့ လက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့နဲ့ ဆွေးနွေးမယ်လို့ ဆိုပါတယ်။ သူ တာဝန်ယူထားတဲ့ လက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့စလုံးနဲ့ အပစ်အခတ်ရပ်စဲနိုင်လိမ့်မယ်လို့ ဦးအောင်မင်းက ယူဆပါတယ်။ ဟန်ဆောင်မှုမရှိဘဲ ရင်ထဲမှာရှိတဲ့အတိုင်းပြောပြီး လိုက်လိုက်လျောလျော တန်းတူရည်တူ ဆက်ဆံနိုင်တဲ့အတွက် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တာကို ဦးအောင်မင်း က ရှင်းပြပါတယ်။

KNU အဖွဲ့က တင်ပြတဲ့ ရည်မှန်းချက် (၁၁) ချက်ထဲမှာ တပြည်လုံး အပစ်အခတ်ရပ်စဲရေး၊ အခြေခံပြည်သူ့ ဝန်ဆောင်လုပ်ငန်းဆောင်ရွက်ရေး၊ အဓမ္မခိုင်းစေမှုနဲ့ ငွေကြေးကောက်ခံမှု ရပ်ဆိုင်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သတင်းမီဒီယာပါဝင်ရေး၊ ပြည်သူ့ဘဝ ပြန်လည်ထူထောင်ရေး၊ မြေယာကိစ္စ ဖြေရှင်းရေး စတာတွေပါဝင်ပါတယ်။ အစိုးရတပ်က ဖြတ် (၄) ဖြတ်လမ်းစဉ် ကျင့်သုံးတဲ့ဒဏ်ကို အနှစ် (၄၀) ကျော်ခံလာရတဲ့နယ်မြေကို ပြန်လည်ထူထောင်တာဟာ အလွန်ကြီးမားတဲ့ တာဝန်ဖြစ်ပါတယ်။ KNU တောင်းဆိုတာကို အစိုးရက မလုပ်ပေးနိုင်စရာတခုမှာ မရှိပါဘူး။ ချက်ချင်းလုပ်ပေးနိုင်တဲ့ကိစ္စနဲ့ တဖြည်းဖြည်းချင်း လုပ်ပေးရမယ့်ကိစ္စပဲ ကွာခြားတယ်လို့ ဦးအောင်မင်း က ဆိုပါတယ်။ အခြေအနေ ကောင်းလာရင် လက်နက်ကိုင်ချင်စိတ် ကွယ်ပျောက်သွားလိမ့်မယ်လို့ ဆိုပါတယ်။

ကရင့်အကျိုးစီးပွား မြှင့်တင်ဖို့ ရည်ရွယ်ပြီး ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကရင်နိုင်ငံရေးပါတီ (၃) ခု ရှိပါတယ်။ ပိုးကရင် ဒီမိုကရေစီပါတီက (၉) နေရာ၊ ကရင်ပြည်သူ့ပါတီက (၆) နေရာ၊ ကရင်ပြည်နယ်ဖွံ့ဖြိုးရေးပါတီက (၂) နေရာ ရွေးကောက်ပွဲမှာ အနိုင်ရရှိပါတယ်။ အရင်ကတည်းက အပစ်အခတ်ရပ်စဲထားတဲ့ KNU အဖွဲ့ ခွဲလည်းရှိပါတယ်။ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့တပ်ဖွဲ့ဟာ ဗိုလ်ချုပ်ကြီးစောဗိုလ်မြ ကွယ်လွန်သွားတဲ့နောက်ပိုင်း သူတို့ထိန်းချုပ်ရာ နယ်မြေမှာအစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီး KNU ငြိမ်းချမ်းရေးကောင်စီကို တည်ထောင်ထားပါတယ်။ ၁၉၉၅ ခုနှစ်မှာလည်း KNU က ခွဲထွက်သွားတဲ့ DKBA ဗုဒ္ဓဘာသာတပ်ဖွဲ့နဲ့ အစိုးရတပ် အပစ်အခတ်ရပ်စဲခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ မူဝါဒသဘောတရားအပေါ်မှာ အခြေမခံဘဲ လူပုဂ္ဂိုလ်ပေါ်မှာ အခြေခံတဲ့ ဓလေ့က ကြီးစိုးတတ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့အခါမှာ သူရည်မှန်းချက်ကို အကောင်အထည် မဖော်နိုင်တာဟာ ထင်ရှားတဲ့ သာဓက ဖြစ်ပါတယ်။ စစ်မြေပြင်ဖြစ်ခဲ့တဲ့ ကရင်တို့ဌာနေကို ပြန်လည်ထူထောင်ရေးဟာ အချိန်ကြာညောင်းနိုင်ပါတယ်။ ဒါကြောင့် သမ္မတဦးသိန်းစိန် လက်ထက်မှာ ကရင်တိုင်းရင်းသားအရေးကို အလုံအလောက် ဖြေရှင်းနိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။

XS
SM
MD
LG