သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ ရင်ဆိုင်နေရတဲ့ စီးပွားရေးပြဿနာများ


ကမ္ဘာ့စီးပွားရေး အင်ဂျင်ကြီးတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ တိုးတက်ဖွံ့ဖြိုးနေတဲ့ အာဆီယံနိုင်ငံတွေအကြားမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံဟာ အာရှဒေသ ကုန်စည်ဆက်သွယ်တင်ပို့မှုမှာ မဟာဗျူဟာကျတဲ့နေရာကို ရယူထားကြောင်း သမ္မတဦးသိန်းစိန်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ အောက်တိုဘာ (၁၀) ရက်နေ့က ပြောသွားပါတယ်။ လုပ်အားသုံး အခြေခံကုန်ထုတ်လုပ်ငန်းတွေနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးမှာ ရင်းနှီးမြှပ်နံှမှုတွေ အဓိက လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

မြန်မာ့ပထဝီအနေအထား မဟာဗျူဟာကျပေမယ့် အိမ်နီးချင်း ငါးနိုင်ငံနဲ့ ဆက်သွယ်ရေးခက်ခဲတဲ့ ပြဿနာကို အရင်ဆုံးကျော်လွှားရလိမ့်မယ်လို့ ဝါရှင်တန်အခြေစိုက် Brookings Institute က မကြာမီက ဖော်ပြထားပါတယ်။ ဝါရင့်သုတေသီ Lex Rieffel ပြုစုတဲ့ မြန်မာ့စီးပွားရေးစာတမ်းမှာ ဖော်ပြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် မတ်လမှာ ဦးသိန်းစိန်အစိုးရ တက်လာပြီးတော့ ပြုပြင်ပြောင်းလဲရေး လုပ်တာကို ဘယ်သူမှ မျှော်လင့်မထားတာကြောင့် ရင်သပ်ရှု့မောဖွယ်အဖြစ် ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ စီးပွားရေးမှာ ရင်ဆိုင်နေတဲ့ ပြဿနာအခက်အခဲတွေကို ဖော်ပြတာက နည်းနေတယ်လို့ ဆိုပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖိနှိပ်ညှဉ်းပမ်းမှုကို နိဂုံးချုပ်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်တာဟာ အံ့သြစရာ ဖြစ်နေပါတယ်။ အစိုးရကိုယ်တိုင် အလုပ်ရုံဆွေးနွေးပွဲနဲ့ နှီးနှောဖလှယ်ပွဲတွေ ကျင်းပနေတာကြောင့် အပြင်ကအကြံပေးချက်တွေ အလျှံပယ်ဖြစ်နေပါပြီ။ ဒီစာတမ်းကတော့ ပြည်တွင်းမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး သင့်တော်တဲ့ ပေါ်လစီချမှတ်နိုင်ရေးအတွက် ရည်ရွယ်တယ်လို့ ဖော်ပြပါတယ်။ စီးပွားရေးလမ်းစဉ်တိုင်းမှာ အကျိုးနဲ့အပြစ်ဆိုတာရှိတဲ့အတွက် နိုင်သူနဲ့ရှုံးသူ ရှိတတ်ပြီး မထင်မှတ်တဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရပါတယ်။ ဒါကြောင့် စီးပွားရေးကဏ္ဍ (၉) ခုက ပေါ်လစီပြဿနာကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားပါတယ်။ မနှစ်ကနှုန်းအတိုင်းသာ ဆက်လုပ်နိုင်ရင် ယနေ့ ဗိယက်နမ် အခြေအနေကို (၁၀) နှစ်အတွင်း ရောက်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရဟာ လက်လှမ်းမီသလောက် လုပ်နေရတာမို့ ဒီနှုန်းအတိုင်း ဆက်သွားနိုင်မယ့် အလားအလာမရှိဘူးလို့ ဆိုပါတယ်။

ပေါ်လစီဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့အပေါ်မှာ မူတည်ပြီး နိုင်ငံရေးနဲ့ လူမှုစီးပွားရေး တိုးတက်တာဖြစ်လို့ ဦးသိန်းစိန်အစိုးရ ရင်ဆိုင်နေရတဲ့ အဓိက စီးပွားရေးပြဿနာတွေကို မီးမောင်းထိုးပြထားပါတယ်။ အစိုးရအသုံးစရိတ်လိုငွေပြတိုင်း ငွေစက္ကူရိုက်ထုတ်သုံးစွဲတဲ့ အနှစ် (၂၀) ကျော်သုံးခဲ့တဲ့ အကျင့်ကိုမစွန့်နိုင်သေးပါဘူး။ ၂၀၁၃ အရှေ့တောင်အာရှအားကစားပွဲနဲ့ ၂၀၁၄ အာဆီယံထိပ်သီးညီလာခံတွေကြောင့် အစိုးရအသုံးစရိတ် ပိုများလာဖို့သာ ရှိပါတယ်။ ဓါတ်ငွေ့နဲ့ အခြားသယံဇာတ ရောင်းရငွေတွေ အာဏာရှင်တစုရဲ့ အိပ်ထဲရောက်နေတယ်ဆိုတဲ့အမြင် ကွယ်ပျောက်စေဖို့အတွက် ဒီငွေကို အစိုးရအသုံးစရိတ်မှာပြနိုင်ဖို့ ဦးသိန်းစိန်အစိုးရ ကြိုးပမ်းရပါလိမ့်မယ်။ မြန်မာ့လူဦးရေ (၇၀) ရာခိုင်နှုန်း ပါဝင်တဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ကုန်ထုတ်လုပ်မှု တိုးပွားလာဖို့ အရေးကြီးတာကိုလည်း ဖော်ပြပါတယ်။

သဘာဝသယံဇာတ ထုတ်ယူမှုကြောင့် ပတ်ဝန်းကျင်ပျက်စီးပြီး လူ့အဖွဲ့အစည်းနစ်နာဆုံးရှုံးတာကို ဦးသိန်းစိန်အစိုးရအနေနဲ့ ရဲရဲတင်းတင်း ကိုင်တွယ်ရမယ်လို့ ဆိုပါတယ်။ အနှစ် (၂၀) ကျော် ကိုယ်ကျိုးရှာခဲ့တာတွေကို ရပ်ဆိုင်းရဲရမယ်လို့ ဆိုပါတယ်။ အရှေ့တောင်အာရှမှာ အဆင့်အတန်းအနှိမ့်ဆုံးနဲ့ အားအနည်းဆုံးဖြစ်တဲ့ ဘဏ်လုပ်ငန်းစနစ် အာဆီယံအဆင့် မီလာအောင်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ စီးပွားရေးတွက်ချေကိုက်ပြီး လူ့အဖွဲ့အစည်းအကျိုးပြုမယ့် အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့လိုပါတယ်။ အာရှဈေးကွက်နဲ့ ဆက်သွယ်နိုင်တဲ့ သယ်ယူပို့ဆောင်ရေးစနစ် တည်ဆောက်ဖို့ နဲ့ ထိရောက်တဲ့ Telecom စနစ်ရှိဖို့ အရေးကြီးပါတယ်။ အထူးစီးပွားရေးရေးဇုန်တွေကြောင့် နိုင်ငံခြားအရင်းအနှီး ဝင်လာပြီး နိုင်ငံသားတွေအတွက် အလုပ်အကိုင် ပေါ်ပေါက်လာဖို့ လိုအပ်ပါတယ်။

နိုင်ငံပိုင်ပစ္စည်းတွေကို လက်သိပ်ထိုးပြီး ပုဂ္ဂလိကပိုင်လုပ်မယ့် အစီအစဉ်တွေ ရှိပုံရပါတယ်။ နိုင်ငံပိုင်လုပ်ငန်းကို ပုဂ္ဂလိကပိုင် လုပ်မယ့်အစား လက်ဝါးကြီးအုပ်စနစ်ကို ဖျက်သိမ်းပြီး အခြားကုမ္မဏီတွေကို ပြိုင်ဆိုင်လုပ်ပိုင်ခွင့်ပေးတာဟာ ပိုကောင်းပါလိမ့်မယ်။ နိုင်ငံပိုင်လုပ်ငန်းကို သိမ်းယူပြီး ပုဂ္ဂလိကပိုင်အဖြစ် လှုပ်ရှားနေတဲ့ စစ်အုပ်စုရဲ့ ဦးပိုင်ကုမ္မဏီနဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းရဲ့ အခန်းကဏ္ဍကိုလည်း ဦးသိန်းစိန်အစိုးရ ရှင်းရပါလိမ့်မယ်။ စီးပွားရေးလုပ်လို့ မကောင်းဆုံးနေရာအဖြစ် နာမည်ရတဲ့ မြန်မာပြည်မှာ စီးပွားရေးရာသီ ကောင်းမွန်လာအောင်လုပ်ဖို့လည်း ကြိုးပမ်းရပါလိမ့်မယ်။

နိုင်ငံခြားဧည်သည်တွေကို လက်ခံတွေ့ဆုံနေရတဲ့ ထိပ်ပိုင်းအရာထမ်းတွေဟာ ပေါ်လစီလမ်းစဉ်ချမှတ်ရာမှာ အချိန်အလုံအလောက် မပေးနိုင်မှာကိုလည်း စိုးရိမ်စရာအဖြစ် ဖော်ပြထားပါတယ်။ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်အနေနဲ့ မြန်မာနိုင်ငံမှာ ရပိုင်ခွင့်ရှိပေမယ့် ကျန်နေတဲ့အကြွေးတွေကို အရင်ဆပ်ဖို့ လိုပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ကမ္ဘာ့ဘဏ်တို့ကို ဆပ်ရမယ့်အကြွေး ဒေါ်လာသန်း (၇၅၀) ကိစ္စဟာလည်း ဦးသိန်းစိန်အစိုးရ ကျော်လွှားရမယ့်ပြဿနာဖြစ်ကြောင်း သုတေသီ Lex Rieffel က တင်ပြထားပါတယ်။
XS
SM
MD
LG