သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းပြဿနာ နဲ့ လူ့အခွင့်ရေးရာ


ပြည်တွင်းမှာ လူမျိုးရေး၊ ဘာသာရေးနဲ့ အခြားပြဿနာမျိုးစုံ ဖြစ်ပွားတုန်း လူ့အခွင့်အရေး ရိုသေလေးစားဖို့ တိုက်တွန်းရတာ အလွန်ခက်ခဲကြောင်း မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားရဲ့ ခရီးက သက်သေပြနေပါတယ်။ ဒီနှစ်ထဲမှာ ကင်တားနား မြန်မာပြည်သွားတာ နှစ်ကြိမ်ရှိသွားပါပြီ။ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလက (၅) ရက် ခရီးထွက်ခဲ့ပြီး သြဂုတ်လမှာ (၁၀) ရက် ခရီးထွက်ပါတယ်။ သြဂုတ်လခရီးစဉ်မှာ ကန့်ကွက်ဆန္ဒပြမှုတွေကို ကင်တားနား ကြုံတွေ့ရပါတယ်။

ရခိုင်ပြည်နယ် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းနဲ့ ပတ်သက်ပြီး ကင်တားနားရဲ့ ဆောင်ရွက်ချက်ကို မကျေနပ်သူတွေက စစ်တွမှာ ကန့်ကွက်ဆန္ဒပြပါတယ်။ ဘင်္ဂလီ သွေးထိုးလှုံဆော်သူ ကင်တားနား ထွက်သွားဆိုတဲ့ အင်္ဂလိပ်-မြန်မာ ဆိုင်းဘုတ်ကိုင်သူ (၆၀) ကျော်ကိုတွေ့တော့ မကြိုက်ပေမယ့် အတိအလင်း အခုလို သဘောထားထုတ်ဖော်နိုင်တာကို ကြိုဆိုမိတယ်လို့ ဆိုပါတယ်။ ကင်တားနားဟာ ကားပေါ်ကဆင်းပြီး ဆန္ဒပြသူ ရခိုင်အမျိုးသမီးတဦးရင်ဖွင့်တာကို နားထောင်မိကြောင်း သြဂုတ်လ (၂၁) ရက် ရန်ကုန်လေဆိပ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဆန္ဒပြသူကို ဂရုစိုက်ကြောင်းပြတာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ သြဂုတ်လ (၁၉) ရက်နေ့ည မိတ္ထီလာမှာ သူစီးလာတဲ့ကားကို ဆန္ဒပြသူ (၂၀၀) လောက်က ဝိုင်းဝန်းကန်ကျောက် အော်ဟစ်တဲ့အတွက် မွတ်စလင်ဒုက္ခသည်စခန်း သွားမယ်အစီအစဉ်ကို ဖျက်လိုက်ရတယ်လို့ ကင်တားနား က ဆိုပါတယ်။ ဒီလို အကြမ်းဖက်တဲ့ လူအုပ်စုတွေကို ထိန်းချုပ်ဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ ရဲအစောင့်အရှောက်နဲ့သွားတာဖြစ်ပြီး ဆန္ဒပြသူတွေက စာပေးဖို့ ကားမှန်ကိုခေါက်တာလောက်ပဲ ရှိတယ်လို့ဆိုပါတယ်။ ပြည်တွင်းစာနယ်ဇင်းအချို့ကလည်း ဒီပုံစံမျိုး သတင်းရေးကြတဲ့အတွက် ဒီကိစ္စဟာ အငြင်းပွားစရာ ဖြစ်လာပါတယ်။ မစ္စတာကင်တားနား ပြန်သွားတဲ့အကြောင်း ရေးထားတဲ့ သမ္မတရုံးရဲ့ သြဂုတ်လ (၂၁) ရက်နေ့ သတင်းမှာတော့ ဒီကိစ္စကို လုံးဝမဖော်ပြပါဘူး။

လာရှိုးမြို့မှာ အကြမ်းဖက် တိုက်ခိုက်ခံရသူ မွတ်စလင် ဒုက္ခသည်တထောင်ကျော်ကို ကြည့်ရှုစောင့်ရှောက်နေတဲ့ မန်ဆူဆရာတော်ကို ကင်တားနား က ချီးကျူးသွားပါတယ်။ ဒါပေမဲ့ ဆန္ဒပြသူတွေကတော့ ကင်တားနားကို ဘင်္ဂလီမွတ်စလင်ဘက်ကနေ ရှေ့နေလိုက်သူအဖြစ် မြင်ကြပါတယ်။ ကင်တားနားဟာ မွတ်စလင်ဘာသာဝင်ကို တမင်ထောက်ခံ အားပေးနေတာမဟုတ်ဘဲ နယ်ခြားဖြတ်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့ ရပ်တည်ချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်နိုင်ပါတယ်။ လူမျိုးဘာသာရေး ပဋိပက္ခ မဖြေရှင်းနိုင်ရင် ဒီမိုကရေစီပြုပြင်ရေးကို ထိခိုက်လိမ့်မယ်ဆိုတဲ့စကားဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့ လက်သုံးတော်ဝေဖန်ချက်တခု ဖြစ်လာပါတယ်။

ကမ္ဘာ့လူဦးရေ သန်းနှစ်ရာကျော်ဟာ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့နိုင်ငံပြင်ပမှာ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။ အများစုဟာ ဖွံ့ဖြိုးစနိုင်ငံအချင်းချင်း ရွှေ့ပြောင်းနေကြတာဖြစ်ပြီး ဒီအထဲက (၄၀) ရာခိုင်နှုန်းဟာ အိမ်နီးချင်းနိုင်ငံကို ရွှေ့ပြောင်းသူဖြစ်ပါတယ်။ ဒီလူတွေရဲ့ စီးပွားရေး၊ လူမှုရေး နဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေကို သူတို့နေထိုင်တဲ့ အိမ်ရှင်နိုင်ငံက စောင့်ရှောက်ဖို့တာဝန်ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်က ယူဆပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ရေးနဲ့ မြှင့်တင်ရေးဟာ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ ဦးစားပေးလုပ်ငန်း တခုဖြစ်တယ်လို့ လူ့အခွင့်အရေးရာမဟာမင်းကြီး Navi Pillay က ဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ (အထူးသဖြင့်) ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေ လူ့အခွင့်အရေး ချိုးဖျက်ခံနေရတာကို ရပ်ဆိုင်းဖို့နဲ့ လူ့အခွင့်အရေး မြှင့်တင်တဲ့နေရာမှာ မြန်မာအစိုးရကို ကူညီဖို့ Navi Pillay က ဇွန်လ (၁၉) ရက်နေ့က ကြေညာပါတယ်။

ဥရောပလူ့အခွင့်အရေးစာချုပ်က လူတိုင်းမှာ လူ့အခွင့်အရေးရှိတယ်လို့ ဆိုတဲ့အတွက် ရာဇဝင်သားမှာလည်း လူ့အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ တိုင်းပြည်ထိခိုက်မယ်လို့ ယူဆရင် ရာဇဝင်သားရဲ့ လူ့အခွင့်အရေးကို ရုတ်သိမ်းနိုင်တယ်လို့ စာချုပ်ရဲ့ပုဒ်မ (၁၅) က ဆိုပါတယ်။ ဗြိတိန်နိုင်ငံမှာတော့ လူတိုင်းမှာ လူ့အခွင့်အရေးရှိတာမို့ နိုင်ငံခြားသား ရာဇဝတ်သားကို ပြည်နှင်ဒဏ်ပေးဖို့ ခက်ခဲနေပါတယ်။ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်လို့ ထောင်ကျသွားတဲ့ နိုင်ငံခြားသားတဦး ထောင်ကလွတ်တဲ့အခါ ဗြိတိန်က မိသားစုနဲ့အတူ နေခွင့်ရှိတာကြောင့် သူ့ကိုပြည်နှင်ဒဏ် မပေးနိုင်ဘဲ ဖြစ်နေပါတယ်။

ပြည်နှင်ဒဏ်ခတ်ပြီး ပို့ပေးလိုက်တဲ့နိုင်ငံမှာ နှိပ်စက်ညှဉ်းပမ်းခံရနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် မွတ်စလင်ဓမ္မဆရာတဦးကို ပြည်နှင်ဒဏ်ပေးဖို့ ခက်ခဲနေတဲ့အတွက် ဥရောပလူ့အခွင့်အရေးစာချုပ်ကို ပြုပြင်ဖို့ ဗြိတိသျှဝန်ကြီးချုပ်ကိုယ်တိုင် မနှစ်က တိုက်တွန်းခဲ့ရပါတယ်။ လူတိုင်းမှာ လူ့အခွင့်အရေးရှိတယ်ဆိုတာကြောင့် အမုန်းတရားဗြောင်ဟောကြားတဲ့ ဓမ္မဆရာကို ပြည်နှင်ဒဏ်ပေးဖို့ ခက်ခဲသွားတာပါပဲ။ လူ့အဖွဲ့အစည်းကို အန္တရာယ်ပေးမယ်သူကိုလည်း လူ့အခွင့်အရေး ပေးနေတဲ့အတွက် တိုင်းသူပြည်သားကိုကာကွယ်ဖို့ အခက်အခဲတွေ့ရပုံကို ဗြိတိန်နိုင်ငံက သက်သေပြနေပါတယ်။
XS
SM
MD
LG