သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မီးသွေး နှင့် ကျန်းမာရေး


ဘန်းချောင်း ကျောက်မီးသွေးမိုင်း
ဘန်းချောင်း ကျောက်မီးသွေးမိုင်း
ကျောက်မီးသွေး နှင့် ကျန်းမာရေး
please wait

No media source currently available

0:00 0:05:25 0:00
တိုက်ရိုက် လင့်ခ်

အရှေ့တောင်အာရှမှာ လေထုအညစ်ညမ်းဆုံးဒေသဟာ မြန်မာပြည်ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရတွေကတော့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တိုးချဲ့ဆောက်လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ လျှပ်စစ်ဓါတ်အား မလုံလောက်တဲ့ ပြဿနာကို ကျောက်မီးသွေးနဲ့ ဖြေရှင်းမယ့် အကြံအစည်ဟာ ပြည်သူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတယ်လို့ Green Peace နဲ့ အခြားအဖွဲ့ (၄) ဖွဲ့ ပူးပေါင်းပြီး မကြာမီက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကျောက်မီးသွေးစက်ရုံ ဆောက်တာဟာ အဆိပ်ပင်ရေလောင်းသလို ဖြစ်နေပါတယ်။

သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ဟာ ကျန်းမာရေးကို အန္တရာယ်မပေးသင့်ပေမယ့် ဓါတ်ငွေ့ကို နိုင်ငံခြားရောင်းစားနေတာမို့ ပြည်တွင်းအတွက် လုံလောက်အောင် မသုံးနိုင်ပါဘူး။ ဒါကြောင့် ဈေးသက်သက်သာသာနဲ့ မြန်မြန်သုံးနိုင်မယ့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေကို တည်ဆောက်ဖို့ ဦးသန်းရွှေနဲ့ ဦးသိန်းစိန်လက်ထက်က စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ရေအားလျှပ်စစ်က ဓါတ်အားအများဆုံး ထုတ်ယူပြီး၊ သဘာဝဓါတ်ငွေ့က ဒုတိယ အများဆုံး ထုတ်ယူပါတယ်။ ကျောက်မီးသွေးသုံးဓါတ်အားဟာ (၂) ရာခိုင်နှုန်းသာရှိလို့ ၂၀၀၃ ခုနှစ်မှာ (၃၀) ရာခိုင်နှုန်းအထိ တိုးထုတ်ဖို့ ရည်ရွယ်ပါတယ်။

ဒီအတိုင်းဆိုရင် Sulphar Dioxide ကန့်ဓါတ်ထုတ်လွှတ်မှု (၇) ဆ တိုးလာပြီး Nitrogen Oxide က (၃) လ တိုးလာနိုင်ပါတယ်။ အမှုန်အမွှား ထုတ်လုပ်မှုများလေ လေထုညစ်ညမ်းလေ ဖြစ်ပါတယ်။ လေထုမသန့်ရှင်းတဲ့အတွက် အဆုတ်ရောဂါ ဖြစ်မှုနဲ့ လေဖြတ်မှုနှုန်း မြင့်မားလာပြီ နှစ်စဉ် နိုင်ငံသား (၇၀၀၀) ကျော် သေဆုံးနိုင်ပါတယ်။ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေကို အနှစ် (၄၀) လောက် လည်ပတ်နိုင်ရင် နိုင်ငံသူနိုင်ငံသား (၃) သိန်းနီးပါး သေဆုံးနိုင်တယ်လို့ Greenpeace အဖွဲ့ကြီးက ခန့်မှန်းပါတယ်။ ကျောက်မီးသွေး လောင်ကျွမ်းလို့ ပေါ်ထွက်လာတဲ့ အမှုန်အမွှားတွေဟာ လေထုညစ်ညမ်းမှုကို သုံးဆနီးပါး ပိုမိုဆိုးဝါးစေပါတယ်။ ပြဒါးဓါတ်၊ ခဲဓါတ်၊ အားဆင်းနစ်၊ ခရိုမီယမ်၊ နီကယ်၊ ကပ်ဒမီယံ စတဲ့ ဒြပ်စင်တွေ လေထုထဲမှာ ပျံ့နံှ့ရတဲ့အကြောင်းရင်းဟာ ကျောက်မီးသွေးသုံး စက်ရုံတွေ ဖြစ်ပါတယ်။

လေထုထဲမှာ ပါဝင်နေတဲ့ အမှုန်အမွှားပမာဏ Particulate Matter ကိုကြည့်ပြီး လေထုညစ်ညမ်းမှုကို တိုင်းတာဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က စံသတ်မှတ်ထားပါတယ်။ နမ္မတူ၊ ပြည်၊ အောင်လံ၊ မိတ္ထီလာ၊ ကသာ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ ရေနံချောင်း၊ မောင်လမြိုင်၊ နမ်းခမ်း၊ ကျောက်ဖြူ၊ တောင်ငူ၊ ပြည်ဦးလွင် စတဲ့ မြို့ (၁၄) မြို့ကို လေ့လာတဲ့အခါမှာ ညစ်ညမ်းတဲ့ အမှုန်အမွှား ပါဝင်မှုဟာ စိုးရိမ်ဖွယ် ဖြစ်နေပါတယ်။ ဒီအထဲမှာ ရေနံချောင်း၊ မော်လမြိုင်၊ နမ်းခမ်း၊ ကျောက်ဖြူ၊ တောင်ငူ နဲ့ ပြင်ဦးလွင်ရဲ့ လေထုညစ်ညမ်းမှုဟာ နာမည်ကြီးတဲ့ ဘေဂျင်းမြို့တော်ထက် ဆိုးဝါးတယ်လို့ ဆိုပါတယ်။ အဆိုးဆုံးဟာ ပြင်ဦးလွင်ဖြစ်ပြီး သတ်မှတ်ထားတဲ့ လေထုညစ်ညမ်းမှု စံချိန်ထက် (၇) ဆ ပိုပြီးညစ်ညမ်းပါတယ်။ ကျောက်မီးသွေးသုံးတာ များလာရင် အခြေအနေ ပိုဆိုးလာဖို့သာ ရှိပါတယ်။

လေထုညစ်ညမ်းမှုကြောင့် ရောဂါဖြစ်ပွားပြီး အချိန်မတိုင်မီ သေဆုံးတဲ့ မြန်မာနိုင်ငံသားဦးရေ နေ့စဉ် (၄၅) ယောက် ရှိမယ်လို့ (၂၀၁၅) ခုနှစ်က ခန့်မှန်းထားပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုရှိုက်မိတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးပြဿနာတွေ အများကြီး ရှိပါတယ်။ အဆုတ်ရောဂါ၊ ပန်းနာရင်ကျပ်၊ ချောင်းဆိုး၊ သွေးတိုး၊ သွေးခဲ၊ ယောင်ယမ်း၊ လေဖြတ်မှု၊ ဦးနှောက်အာရုံကြောရောဂါ၊ နှလုံးရောဂါနဲ့ သန္ဓေသား ပုံမှန်ကြီးထွားရေး ပြဿနာစတာတွေကို ကျောက်မီးသွေးက ဖန်တီးပေးနိုင်ပါတယ်။ မြန်မာပြည်က ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံရဲ့ ထုတ်လွှတ်မှု အတိုင်းအတာ သတ်မှတ်ချက်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ဟာ မရှိသလောက် ရှားပါးတယ်။ ဒါကြောင့် ထားဝယ်စီမံကိန်းရဲ့ ထုတ်လွှတ်မှုကို ခန့်မှန်းတဲ့အခါမှာ ထိုင်းနိုင်ငံရဲ့ ထုတ်လွှတ်မှုစံ သတ်မှတ်ချက်ကို အသုံးပြုရပါတယ်။

လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်ပြီး နာတာရှည်ရောဂါ ဖြစ်ပွားပုံကို ဖော်ပြရာမှာ American Cancer Society ရဲ့ လေ့လာတွေ့ရှိချက်တွေအပေါ်မှာ အခြေခံထားပါတယ်။ အမေရိကန်နိုင်ငံသား တသန်းကျော်ရဲ့ ကျန်းမာရေးအခြေအနေကို (၁၈) နှစ်လောက် လေ့လာတဲ့အခါမှာ နေထိုင်ရာအရပ်ရဲ့ လေထုညစ်ညမ်းမှု အတိုင်းအတာကိုလိုက်ပြီး ကျန်းမာရေးအခြေအနေ ကွဲပြားသွားတာ တွေ့ရပါတယ်တဲ့။ ဒီလိုရှိပြီးသား အချက်အလက်တွေကို လေ့လာဆန်းစစ်တဲ့အခါမှာ ကျောက်မီးသွေးက ထွက်တဲ့ အမှုန်အမွှားတွေကို ရှုရှိုက်မိလို့ အချိန်မတိုင်မီ သေဆုံးမယ့်သူစာရင်းကို ခန့်မှန်းနိုင်တာ ဖြစ်ပါတယ်။

မြို့နေလူဦးရေ များပြားလာမှု၊ လူနေမှုပုံစံ ပြောင်းလဲလာမှု၊ အသက်အရွယ် ကြီးရင့်လာမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အပြောင်းအလဲ စတာတွေကြောင့် အရှေ့တောင်အာရှ လူဦးရေဟာ လေထုညစ်ညမ်းမှုဒဏ်ကို ခံစားနေကြရပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ၂၀၃၀ မှာ ရောဂါအမျိုးမျိုးကြောင့် သေဆုံးနိုင်ပုံကို ခန့်မှန်းထားပါတယ်။ မြို့နေလူဦးရေ ပြောင်းလဲလာပုံကို ကမ္ဘာ့ဘဏ်ရဲ့ မှန်းဆချက်ပေါ်မှာ အခြေခံပါတယ်။ နောက်ဆုံးအနေနဲ့ လိုရင်းတိုရှင်း ပြောရမယ်ဆိုရင်တော့ မြန်မာပြည်မှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံဟာ တိုင်းသူပြည်သားတွေရဲ့ ကျန်းမာရေးကို အမြဲတမ်း အန္တရာယ်ပေးလိမ့်မယ်လို့ Greenpeace အဖွဲ့က တင်ပြထားပါတယ်။

XS
SM
MD
LG