လာမယ့် အောက်တိုဘာ (၁၆) ရက်နေ့မှာ ကျင်းပမယ့် ဘင်္ဂလားပင်လယ်ကွေ့ နိုင်ငံများ BIMSTEC ထိပ်သီးဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်မယ်လို့ မျှော်လင့်ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ က လာအိုနိုင်ငံမှာ လွန်ခဲ့တဲ့လ တွေ့ဆုံစဉ်က ဖိတ်ကြားသွားပါတယ်။ BIMSTEC အစည်းအဝေး ဒေါ်စု တက်ရောက်မယ်လို့ သမ္မတဦးထင်ကျော်ကလည်း အိန္ဒိနိုင်ငံ ခရီးစဉ်မှာ အတိအလင်း ကြေညာထားပြီး ဖြစ်ပါတယ်။ ဒေါ်စုကို နိုင်ငံ့ခေါင်းဆောင်အဖြစ် အပြည်ပြည်ဆိုင်ရာက အသိအမှတ် ပြုကြပါတယ်။ အနှစ် (၅၀) အတွင်း ပြည်တွင်းပြည်ပ ထောက်ခံမှုကို ဗမာအစိုးရ အပြည့်အဝရတာကို ပြသနေပါတယ်။
ဒဏ်ခတ်အရေးယူခံရစဉ်က ဗမာစစ်အစိုးရဟာ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေမှာ ရရာနေရာက ပါဝင်ခဲ့ရပါတယ်။ ဗမာစစ်အစိုးရကလည်း အိမ်နီးချင်းနိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုနဲ့ ကူညီမှုကို ရယူဖို့ ကြိုးပမ်းပါတယ်။ အပယ်ခံ ဗမာစစ်အစိုးရကို လက်ခံလိုက်တဲ့ အာဆီယံအသင်းဟာ အနောက်တိုင်းနဲ့ ဆက်ဆံရာမှာ ပြဿနာမျိုးစုံ ကြုံတွေ့ခဲ့ရပါတယ်။ ဗမာအစိုးရကိုယ်စားလှယ် အစည်းအဝေး တက်ခွင့်မရတဲ့ အချိန်အခါတွေ အများကြီး ရှိပါတယ်။ ၂၀၀၆ မှာ မြန်မာဟာ အာဆီယံဥက္ကဋ္ဌ လုပ်ခွင့်ရပေမယ့် အဆင့်အတန်းမမီတဲ့အတွက် (၈) နှစ်ကြတော့မှ (၂၀၁၄) မှာ အလှည့်ကျဥက္ကဋ္ဌ လုပ်နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ အကျယ်ချုပ်ချထားပြီး ဒေသဆိုင်ရာအဖွဲ့အစည်းတွေမှာ ဝင်ဆန့်ဖို့ ကြိုးပမ်းတဲ့ ဗမာစစ်အစိုးရဟာ ဝေဖန်ကန့်ကွက်မှုကို တနည်းမဟုတ်တနည်း ကြုံတွေ့ရပါတယ်။ ‘စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်ရာမှာ ဆေးရိုးသည်က ကန့်လန့်ကန့်လန့်’ ဆိုသလို စစ်အစိုးရရဲ့ ကိုယ်စားလှယ်ကြောင့် ညီလာခံသရုပ်ပျက်မှာကို အာဆီယံခေါင်းဆောင်တွေ စိုးရိမ်ခဲ့ကြပါတယ်။ အဲဒီတုန်းက ဒေါ်စုကို လွှတ်ပေးပြီး ဒီမိုကရေစီပြုပြင်ရေးလုပ်ဖို့ ဖိလစ်ပိုင်အမျိုးသမီးသမ္မတ Gloria Arroyo က ထိပ်သီးညီလာခံမှာ ပြောဖူးပါတယ်။ ညီလာခံ တက်ရောက်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ‘ထိုင်ရမလို ထရမလို’ နဲ့ ကိုးရိုးကားရား ဖြစ်နေပုံကိုလည်း ရုပ်မြင်သံကြားမှာ တွေ့နိုင်ပါတယ်။ ပြည်တွင်းမှာ ထင်သလိုလုပ်တဲ့ အစိုးရဟာ ပြည်ပမှာ ကျက်သရေ ကင်းမဲ့နေတာကို ညီလာခံတိုင်းမှာ တွေ့နိုင်ပါတယ်။
အနောက်ဖက်ဒေသကို ကုန်သွယ်ရေး တိုးချဲ့လိုတဲ့ထိုင်းနဲ့ အရှေ့ဖက်ကို စီးပွားရေး တိုးချဲ့လိုတဲ့ အိန္ဒိယတို့ရဲ့ ပူးပေါင်းဆောင်ရွက်တဲ့အစီအစဉ်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာ ပါဝင်လာတဲ့အခါ ၁၉၉၇ ဇွန်လမှာ BIST-EC (၄) နိုင်ငံ စီးပွားရေးအုပ်စု ပေါ်ထွက်လာပါတယ်။ ဇူလိုင်လမှာ ဗမာစစ်အစိုးရ အာဆီယံအသင်းဝင် ဖြစ်လာပြီး ဒီဇင်ဘာလမှာ (၄) နိုင်ငံ စီးပွားရေးအုပ်စုဝင် ဖြစ်လာပါတယ်။ မကြာမီ နီပေါ နဲ့ ဘူတန် ပါဝင်လာတဲ့အတွက် BIMSTEC (ခေါ်) ဘင်္ဂလားပင်လယ်ကွေ့ဒေသ (၇) နိုင်ငံအုပ်စု ဖြစ်လာပါတယ်။ ဒါကို တန်ပြန်တဲ့အနေနဲ့ ၁၉၉၉ သြဂုတ်လမှာ တရုတ်က ရှေ့ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ ပါဝင်တဲ့ BCIM (၄) နိုင်ငံ စီးပွားရေးစင်္ကြန်ကို တည်ထောင်ပါတယ်။ ယူနန်တောင်ပေါ်ဒေသကို လမ်းဖွင့်ပေးဖို့ တရုတ်က ရည်ရွယ်ပြီး အိန္ဒိယကတော့ အရှေ့မြောက်ဒေသကို လမ်းဖွင့်ပေးလိုပါတယ်။
အိန္ဒိယနဲ့ ထိုင်းဟာ သူတို့အကျိုးစီးပွား မြှင့်တင်ဖို့အတွက် (၇) နိုင်ငံ BIMSTEC စီးပွားရေးအုပ်စုကို ဖွဲ့စည်းပေမယ့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါ နဲ့ ဘူတန်နိုင်ငံတွေကတော့ အကျိုးခံစားနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝင်ရောက်လာကြတာ ဖြစ်ပါတယ်။ BIMSTEC စီးပွားရေးအုပ်စုဟာ ဆွေးနွေးဘက်နိုင်ငံတွေကို စီမံကိန်းအကောင်အထည်ဖော်ဖို့ တိုက်တွန်းတာလောက်ပဲ လုပ်နိုင်ပါတယ်။ ငွေကြေးထောက်ပံ့တဲ့အဖွဲ့အစည်း မဟုတ်တဲ့အတွက် အုပ်စုဝင်နိုင်ငံတွေကို သြဇာလွှမ်းမိုးနိုင်တဲ့ အခြေအနေ မရှိပါဘူး။ ဒါကြောင့် တည်ထောင်တာ အနှစ် (၂၀) နီးပါးရှိပေမယ့် တိုးတက်မှုမှာ အလွန်နှေးကွေးနေတာ တွေ့ရပါတယ်။ ဖွဲ့စည်းပြီး (၁၇) နှစ်ကြာတော့မှ BIMSTEC ရုံးချုပ်ကို ဒါကာမြို့တော်မှာ ဖွင့်လှစ်နိုင်ပါတယ်။ အိန္ဒိယ ဦးဆောင်တဲ့အုပ်စုဖြစ်လို့ လာမယ်ကြမယ် မူဝါဒ ကျင့်သုံးသလို ဖြစ်နေပါတယ်။
အိန္ဒိယဦးဆောင်တဲ့ BIMSTEC (၇) နိုင်ငံ စီးပွားရေးအုပ်စုမှာရော တရုတ်ဦးဆောင်တဲ့ (၄) နိုင်ငံ BCIM စီးပွားရေးစင်္ကြန်မှာရော ပါဝင်နေသူ (၂) ဦးဟာ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ ဖြစ်ပါတယ်။ တရုတ်မှာ လူဦးရေသန်း (၁၃၇၀) ရှိပြီး အိန္ဒိယမှာ သန်း (၁၂၇၆) ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ သန်း (၁၆၀) မြန်မာမှာ (၅၂) သန်း ရှိပါတယ်။ တရုတ်နဲပ အိန္ဒိယ လက်တွဲပြီး ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့အတူ စီးပွားရေးစင်္ကြန် တည်ဆောက်နိုင်ရင် အိန္ဒိယအရှေ့မြောက်ပြည်နယ်တွေနဲ့ ယူနန်ပြည်နယ် လမ်းပွင့်သွားမှာဖြစ်လို့ ပါဝင်သူအားလုံး အကျိုးခံစားရလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ လူဦးရေ ထူထပ်တဲ့ဒေသနဲ့ လမ်းပွင့်သွားရင် မဖွံ့ဖြိုးသေးတဲ့ (၅၂) သန်း နစ်နာနိုင်တာကိုလည်း သတိရှိဖို့ ထောက်ပြကြပါတယ်။
၁၉၈၅ မှာ တည်ထောင်တဲ့ အာရှတောင်ပိုင်းဒေသအသင်း SAARC မှာလည်း မြန်မာဟာ လေ့လာသူအဆင့်က ပါဝင်ပါတယ်။ ပထဝီအနေအထားအရ မြန်မာပြည်ဟာ အာရှတောင်ပိုင်းဒေသမှာ ပါဝင်သလို အရှေ့တောင်အာရှမှာလည်း ပါဝင်နေပါတယ်။ ဒါပေမဲ့ တောင်ပိုင်းအာရှဒေသအသင်းဟာ ပါကစ္စတန်-အိန္ဒိယ ပဋိပက္ခကြောင့် တိုးတက်မှု ဆိတ်သုဉ်းတဲ့အတွက် BIMSTEC စီးပွားရေးအုပ်စုကို ထပ်မံဖွဲ့စည်းရတာ ဖြစ်ပါတယ်။ အိန္ဒိယ ဦးဆောင်တဲ့အသင်းအဖွဲ့နဲ့ စီမံကိန်းတွေရဲ့ ထင်ရှားတဲ့ အသွင်လက္ခဏာဟာ နှောင့်နှေးကြန့်ကြာ မသေချာတာဖြစ်လို့ ဝန်ကြီးချုပ်မိုဒီ နဲ့ ဒေါ်စုတို့လက်ထက်မှာ ဘယ်လိုများ ပြောင်းလဲလာမယ်ဆိုတာကိုတော့ စောင့်ကြည့်ဖို့သာ ရှိပါတယ်။