လာမယ့် အင်္ဂါနေ့ဆိုရင် မြန်မာပြည်လွတ်လပ်ရေးရတာ (၆၃) နှစ် ရှိသွားပါပြီ။ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှား လွတ်လပ်ရေးရတာလည်း အနှစ် (၆၀) ကျော်ပါပြီ။ မလေးရှားကတော့ ၁၉၅၇ မှာ လွတ်လပ်ရေးရတာမို့ ဗမာထက် (၉) နှစ်ကျော် နောက်ကျပါတယ်။ အခုတော့ ဒီနိုင်ငံတွေအားလုံး မြန်မာပြည်ထက် အများကြီးသာနေတာကို တွေ့ရပါတယ်။ ကိုလိုနီခေတ်ရဲ့ လူမှုဒုက္ခတွေဟာ အခုလောက် မဆိုးကြောင်း အင်္ဂလိပ်ခေတ်မှီလိုက်ကြတဲ့ လူကြီးတွေ ပြောလေ့ရှိကြပါတယ်။ လွတ်လပ်တဲ့နိုင်ငံသားတွေက ကိုလိုနီခေတ်ကို ပြန်လည်တမ်းတနေတာဖြစ်လို့ လွတ်လပ်ရေး ရတာဟာ ကျိန်စာသင့်သလို ဖြစ်နေပါတယ်။
လွတ်လပ်တဲ့ မြန်မာပြည်ရဲ့ ထင်ရှားတဲ့ အသွင်လက္ခဏာတခုက မိမိအာဏာတည်မြဲရေးကို အဓိက ထားတာပါ။ ဒီနေရာမှာ ဗမာမင်းလက်ထက်နဲ့ အတော်တူနေပါတယ်။ သီပေါမင်းဟာ မိမိအာဏာ တည်မြဲဖို့ဆိုရင် လူကြီးကလေးပါမကျန် သတ်ပစ်ပါတယ်။ မင်းအဆက်ဆက် အသစ်တက်တိုင်း အန္တရာယ်ပေးနိုင်တဲ့ ပြိုင်ဘက်တွေအားလုံး အသတ်ခံရတာ မြန်မာ့ဓလေ့ပဲလို့ အင်္ဂလိပ်အရာရှိ Sir J.G. Scott က လွန်ခဲ့တဲ့ အနှစ်တရာကျော်လောက်က သုံးသပ်ခဲ့ပါတယ်။ အခုခေတ် မြန်မာပြည် မှာတော့ အန္တရာယ်ပေးနိုင်တဲ့ မင်းလောင်းတွေကို အရင်လို သတ်မပစ်ဘဲ ထောင်သွင်း အကျဉ်းချပြီး နှိပ်စက်ညှဉ်းပန်းပါတယ်။
ကိုလိုခေတ်မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေချမ်းသာပြီး မြန်မာပြည်သူပြည်သားတွေ ဆင်းရဲကြပါ တယ်။ ရန်ကုန်စီးပွားရေးလောကကို အိန္ဒိယအနွယ်ဝင်တွေ လွှမ်းမိုးကြပြီး မန္တလေးစီးပွားရေးလောက ကို တရုတ်တွေကြီးစိုးကြပါတယ်။ အခုခေတ် မန္တလေးဟာလည်း တရုတ်မြို့တော် ဖြစ်နေသလို ကိုလိုနီခေတ်ရန်ကုန်ဟာ ဟိန္ဒိူမြို့တော် ဖြစ်ခဲ့ပါတယ်။ ဟိန္ဒိူစကားမတတ်ရင် ရန်ကုန်မြို့မှာ လူရာ မဝင်ပါဘူး။ ကိုလိုနီခေတ် မြန်မာပြည်ကို အင်္ဂလိပ်အရာရှိတစုက အုပ်ချုပ်ပြီး ယနေ့မြန်မာပြည်ကို ဗမာစစ်ဗိုလ်တစုက အုပ်ချုပ်ပေမယ့် အနှစ်သာရကတော့ အတူတူပါ။ လူတစု ကြီးပွားချမ်းသာရေး အတွက် ပြည်သူလူထုအများစု အနစ်နာခံနေကြရပြီး နိုင်ငံခြားကုမ္မဏီတွေနဲ့ အစိုးရအသိုင်းအဝိုင်းသာ ကြီးပွားချမ်းသာနေကြပါတယ်။
တိုင်းသူပြည်သားတွေ မလွတ်လပ်ရင် လွတ်လပ်ရေးမရသေးဘူးလို့ ဗိုလ်ချုပ်အောင်ဆန်းက ယုံကြည် ပါတယ်။ ဂျပန်ခေတ် ၁၉၄၄ သြဂုတ်လ (၁) ရက်နေ့ ရန်ကုန်ဂျူဗလီခန်းမမှာ ကျင်းပခဲ့တဲ့ လွတ်လပ် ရေးနှစ်လည်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့မိန့်ခွန်းဟာ အခုခေတ်ကို ပြောသလို ဖြစ်နေတာကို တွေ့ရပါတယ်။
“တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးအရသာကို မခံစားရသေးဘူး၊ ခံစားရသူတွဟာ လူနည်းစုသာဖြစ်တယ်။ အဲဒီလူနည်းစုဟာ ဘယ်သူတွေလဲဆိုရင် ကျနော်အပါအဝင် အထက်ပိုင်းက အစိုးရအရာရှိကြီးတွေ၊ ဒီလူတွေကို ကပ်မြှောင်နေပြီး စားသောက်နေသူတွေ၊ အမြတ်အစွန်း ကြီးကြီး ယူပြီး လူတွေရဲ့ ဒုက္ခကို ရင်းနှီးပြီး စီးပွားရှာနေတဲ့ ခေတ်ပျက်သူဌေးတွေ၊ ဒီလူတွေလောက်ပဲ လွတ်လပ်ရေးအရသာကို ခံစားရတယ်။ လွတ်လပ်ရေးဟာ အများသိကြတဲ့အတိုင်း စာပေါ်မှာ ရေး ထားတဲ့ လွတ်လပ်ရေးပဲ ရှိသေးတယ်။ ကျုပ်တို့ရှေ့ဆက်ပြီး စခန်းသွားနိုင်၊ စွန့်စားနိုင်မှ လွတ်လပ်ရေး အကောင်အထည်ကို မြင်ရလိမ့်မယ်” လို့ ဂျပန်စစ်တပ်အောက်က လွတ်လပ်ရေးအကြောင်း ပြောသွား ခဲ့ပါတယ်။
လက်တစုပ်စာ လူနည်းစုက ပြည်သူလူထုအများစုကို အုပ်ချုပ်တဲ့အခါ စစ်တပ်ကို အားကိုးရပါတယ်။ ကိုလိုနီအစိုးရအဖို့ တိုင်းပြည်တပြည်လုံး ငြိမ်ဝပ်ပြီး ပိပြားနေပြီး ကိုယ်လိုချင်တာကိုရဖို့က အရေးကြီး ဆုံး ဖြစ်ပါတယ်။ မြန်မာပြည်ကို ခေတ်မီနိုင်ငံဖြစ်အောင်လုပ်ဖို့ စိတ်မကူးပါဘူး။ မြန်မာ တပြည်လုံးကို သိမ်းပိုက်လိုက်တဲ့ ၁၈၈၅ ခုနှစ်ကစပြီး ၁၉၄၁ ခုနှစ်မှာ ဂျပန်ရောက်လာတဲ့အထိ နှစ်ပေါင်း (၆၀) နီးပါး ကျင့်သုံးခဲ့တဲ့ အင်္ဂလိပ်အုပ်ချုပ်ရေးစနစ်ဟာ စစ်အုပ်ချုပ်ရေးတမျိုး ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်သုံး ပြီး လူ့အဖွဲ့အစည်းတွေကို အနိုင်ကျင့်တာဟာ ကိုလိုနီဓလေ့သာ ဖြစ်ပါတယ်။ ကိုလိုနီစစ်တပ်ရဲ့ တာဝန်ဟာ ကိုလိုနီအရှင်သခင်တွေရဲ့ အမိန့်ကို နာခံဖို့သာ ဖြစ်ပါတယ်။
ယနေ့ လွတ်လပ်ရေးရတာ အနှစ် (၆၀) ကျော်လာပေမဲ့ မြန်မာပြည်သူပြည်သားတွေဟာ မလွတ်လပ် သေးကြောင်း နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ကျော်က သက်သေပြနေပါတယ်။ ဗမာစစ်အစိုးရဟာ ဗေဒင်၊ ယတြာ၊ အတိတ်နိမိတ်တွေကို ယုံကြည်ပြီး လက်နက်အားကိုးနဲ့ ကြီးစိုးနေတုန်း ဖြစ်ပါတယ်။ အတတ်ပညာရှင်၊ အသိပညာရှင်တွေရဲ့ အကြံဉာဏ်ကို မလေးစားဘဲ ဘိုးတော်နဲ့ဗေဒင်ပညာကို အားကိုးနေတဲ့ ဗမာစစ်အစိုးရပါ။ ကွဲလွဲတဲ့ သဘောထားရှိသူတွေကို စစ်အစိုးရက ရန်သူလို သဘော ထားတတ်ပါတယ်။ ကိုလိုနီအစိုးရအဖို့ တပြည်လုံး ငြိမ်ဝပ်ပိပြားနေပြီး ကိုယ်လိုချင်တာကိုရဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။
ကိုလိုနီအစိုးရနဲ့ ဖက်ဆစ်ဂျပန်အဖို့ အာဏာဆိုတာ အထက်ကလာတဲ့ အမိန့်ပါ။ အမိန့်နာခံအောင် ပြည်သူလူထုကို သွေးဆောင်ဖြားယောင်းမယ်၊ ကြောက်အောင်လုပ်မယ်၊ မဖြစ် ဖြစ်တဲ့နည်းနဲ့ ငြိမ်ဝပ် ပိပြားအောင် အမိန့်နာခံအောင် လုပ်တာဟာ အင်္ဂလိပ်နယ်ချဲ့နဲ့ ဂျပန်ဖက်ဆစ်ရဲ့နည်း ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာဟာ ပြည်သူလူထုဆီက လာတယ်ဆိုတာကို အင်္ဂလိပ်နယ်ချဲ့နဲ့ ဂျပန်ဖက်ဆစ်တွေက လက်မခံနိုင်ပါဘူး။ ဗမာစစ်အစိုးရလည်း လက်မခံနိုင်တာမို့ မြန်မာပြည်သားတွေ မလွတ်လပ်သေးဘူး လို့ ပြောနိုင်ပါတယ်။