မြန်မာနိုင်ငံမှာ စတင်ပြုပြင်ပြောင်းလဲနေတာကို ထောက်ခံအားပေးဖို့ အမေရိကန်အစိုးရက အဆင်သင့်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ရဲ့ ခရီးစဉ်ပြသနေပါတယ်။ ပြုပြင်ပြောင်းလဲမှု အရှိန်ရပြီး ကျယ်ပြန့်လာလေလေ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်လေလေ ဖြစ်လာပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ဗမာအစိုးရတို့ရဲ့ ဆက်ဆံရေးအပေါ်မှာ မူတည်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခ နိဂုံးချုပ်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ကုလသမဂ္ဂ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးစတာတွေကို အမေရိကန်က တောင်းဆိုပါတယ်။ ဒီခရီးကို သမိုင်းတွင်မယ့် ခရီးအဖြစ် ကမ္ဘာ့သတင်း မီဒီယာမှာ အကြီးအကျယ်ဖော်ပြပေမယ့် ဒီဇင်ဘာ (၁) ရက်နေ့ထုတ် ဗမာအစိုးရသတင်းစာတွေမှာ အရေးမကြီးတဲ့ သတင်းတိုလေးအဖြစ်သာ အတွင်းစာမျက်နှာမှာ ဖော်ပြတာ တွေ့ရပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မြောက်သွားတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံမှုကြောင့်ဖြစ်ကြောင်း သမ္မတ Obama ရဲ့ ပေးစာက သက်သေပြနေပါတယ်။ အမေရိကန် မြန်မာ ဆက်ဆံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးကြီးတဲ့အခန်းက ပါဝင်နေတာ ထင်ရှားပါတယ်။ ပြည်တွင်းမှာ ဆက်ဆံရေး ကောင်းမွန်လာရင် ဒဏ်ခတ်ပိတ်ဆို့မှုကို ရုတ်သိမ်းသွားပါလိမ့်မယ်။ ဗမာအစိုးရဟာ အမေရကန်ရဲ့ ရန်သူမဖြစ်ခဲ့ဘူးပါ။
လွန်ခဲ့တဲ့ အနှစ် (၃၀) ကျော်က ဗိယက်နမ်ရဲ့ ရန်သူနံပါတ် (၁) ဟာ အမေရိကန်ပါ။ ဗမာအစိုးရကို အမေရိကန် စီးပွားရေးဒဏ်ခတ်သလို ဗိယက်နမ်ကို ဒဏ်ခတ်တဲ့အပြင် စစ်ဆင်တဲ့အတွက် အမေရိကန်စစ်သား (၆) သောင်းနီးပါးနဲ့ ဗိယက်နမ်နိုင်ငံသား (၃) သန်းကျော် သေဆုံးခဲ့ရပါတယ်။ အမေရိကန်က ဗိယက်နမ်ကို အနှစ် (၃၀) စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ငွေမချေးနိုင်အောင်လည်း ပိတ်ပင်ခဲ့ပါတယ်။ အဲဒီတော့ ဗိယက်နမ်က ဆိုဗိယက်ကို အားကိုးပါတယ်။ ဗမာအစိုးရကတော့ တရုတ်ကို အားကိုးပါတယ်။ ဒီအတောအတွင်း ဆိုဗိယက်ပြည်ထောင်စု ပြိုကွဲသွားတဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ချင်ရင် အမေရိကန်ကို က~ကောစလုပ်လို့ မဖြစ်တော့မှန်း ဗိယက်နမ်ကွန်မြူနစ်တွေ သဘောပေါက်လာပါတယ်။
အမေရိကန်-မြန်မာ ဆက်ဆံရေးမှာ အမေရိကန်-ဗိယက်နမ် ဆက်ဆံရေးလို နစ်နာနေတဲ့ ပြဿနာ ကြီးငယ်ရှိတာ မဟုတ်ပါဘူး။ နှစ်နိုင်ငံက တိုင်းသူပြည်သားတွေ သေကြေပျက်စီး နှစ်နာဆုံးရှုံးရတာမျိုးလည်း မရှိပါဘူး။ အမေရိကန်အစိုးရဟာ ဥပဒေပြဋ္ဌာန်းပြီး လူ့အခွင့်အရေးကို မထီလေးစားလုပ်ပြီး ဖိနှိပ်ချုပ်ချယ်နေလို့ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ရေးတဲ့ အမေရိကန်ရဲ့ ပစ္စဖိတ် ရေးရာမူဝါဒ ဆောင်းပါးမှာ အိန္ဒိယနဲ့ ပစ္စဖိတ်သမုဒ္ဒရာဒေသ လုံခြုံရေးနဲ့ အမေရိကန် အကျိုးစီးပွား မြှင့်တင်ရေးကို အရေးယူဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ချထားကြောင်း ဖော်ပြတာကို ထူးခြားချက်အဖြစ် သုံးသပ်ကြပါတယ်။ အိန္ဒိယသမုဒ္ဒရာ ကမ်းခြေနိုင်ငံတွေကို အမေရိကန်အစိုးရက အရင်ထက် ပိုပြီးဦးစားပေးလာတာဟာ မြန်မာပြည်အတွက် အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။
တရုတ်ကွန်မြူနစ် သြဇာခံနယ်မြေ ချဲ့ထွင်မှာကို ဟန့်တားဖို့အတွက် ရန်သူဟောင်းကြီး ဂျပန်စီးပွားရေး တောင့်တင်းလာအောင် အမေရိကန်က ကူညီခဲ့သလို ရန်သူဟောင်း ဗိယက်နမ်ကို အားကောင်းလာအောင် ကူညီပြီး တရုတ်ကိုထိန်းထားဖို့ ရည်ရွယ်တယ်လို့လည်း သုံးသပ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထင်ရှားတာကတော့ အရင်ကသူသေကိုယ်သေ အပြတ်အသတ် တိုက်ခိုက်ခဲ့ကြတဲ့ ရန်ဘက်တွေ ပြန်လည်သင့်မြတ်သွားတဲ့အချက် ဖြစ်ပါတယ်။ အတိတ်ကို ပုံကြီးချဲ့ပြီး နာကျည်းနေလို့ အကျိုးမရှိတာကို ဗိယက်နမ်ကွန်မြူနစ်က နားလည်ပါတယ်။ အကြီးအကျယ် ဆုံးရှုံးပျက်စီးခဲ့ရတဲ့ အမေရိကန်-ဗိယက်နမ် ဆက်ဆံရေးကို လေ့လာပြီး အမေရိကန်-မြန်မာ ဆက်ဆံရေးမှာ သင်ခန်းစာယူနိုင်ပါတယ်။
ဒီမိုကရေစီကျင့်သုံးပြီး အားကောင်းတဲ့ မြန်မာနိုင်ငံပေါ်ထွက်လာတာကို အမေရိကန်နဲ့ မဟာမိတ် အာရှနိုင်ငံတွေက မြင်လိုတာကြောင့် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ရဲ့ မြန်မာပြည်ခရီးဟာ အာရှ-ပစ္စဖိတ်ရေးရာမှာ အရေးကြီးတဲ့အခန်းက ပါဝင်တယ်လို့ ယူဆနိုင်ပါတယ်။ နောက်တချက်ကတော့ ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူရာမှာ အမေရိကန်နိုင်ငံပါတီကြီးတွေဟာ တသားတည်းဖြစ်ခဲ့သလို သမ္မတ Obama ရဲ့ မြန်မာ့ရေးရာလမ်းစဉ်ကိုလည်း ထောက်ခံကြတာ တွေ့ရပါတယ်။
ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီပြုပြင်ရေးကို မည်ကာမတ္တမဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားတွေ လက်ခံလာတဲ့အထိ လုပ်ကိုင်ဆောင်ရွက်နိုင်မယ်ဆိုရင် ဗမာအစိုးရကို ဒဏ်ခတ်ပိတ်ဆို့တဲ့ ဥပဒေတွေကို ရုတ်သိမ်းဖို့ အမေရိကန်အဖို့ အခက်အခဲရှိမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီအခြေအနေ ကောင်းရင်ကောင်းသလို အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ ပြုစုပျိုးထောင်ရေးအတွက် လိုအပ်တဲ့ အခြေခံကို နိုင်ငံခြားက ဖန်တီးပေးနိုင်တာ မဟုတ်ပါဘူး။ ပြည်တွင်းမှာ ဝိုင်းဝန်တည်ဆောက်ရမှာ ဖြစ်ပါတယ်။ တရုတ် လောင်းရိပ်က လွတ်မြောက်ရာလမ်းကြောင်းဟာ ဒီမိုကရေစီ ပြုပြင်ရေးသာ ဖြစ်ပါတယ်။