ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့သတင်းနဲ့ ရွေးကောက်ပွဲသတင်းကို နိုင်ငံခြားအစိုးရတွေ တုံ့ပြန်တာကိုကြည့်ပြီး ထောက်ခံမှုအတိုင်းအတာကို ခန့်မှန်းနိုင်ပါတယ်။ အမေရိကန်၊ အင်္ဂလိပ် နဲ့ အခြား ဒီမိုကရေစီ အစိုးရတွေက ဒေါ်စုလွတ်မြောက်တာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပြီး ရွေးကောက်ပွဲကို ပြစ်တင်ရှုတ်ချကြပါတယ်။ အာရှအစိုးရတွေကလည်း ဒေါ်စုလွတ်မြောက်တာကို ဝတ်ကျေတမ်းကျေ တုံ့ပြန်ကြပါတယ်။ အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဗိယက်နမ် နဲ့ လာအို တို့ဟာ ရွေးကောက်ပွဲသတင်းကို ပိုပြီး ဦးစားပေးကြပါတယ်။ ရွေးကောက်ပွဲ ရှုတ်ချတဲ့ ကုလသမဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို တရုတ် နဲ့ အိန္ဒိယတို့က ကန့်ကွက်ကြပါတယ်။ ဒေါ်စု သပိတ်မှောက်တဲ့ ရွေးကောက်ပွဲကို အရေးကြီးတဲ့ ဒီမိုကရေစီ ခြေလှမ်းအဖြစ် တရုတ်၊ အိန္ဒိယ နဲ့ ထိုင်းအစိုးရတွေက ယူဆကြပါတယ်။
ဒါကိုကြည့်ရင် ဒေါ်စုခေါင်းဆောင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံတဲ့ အစိုးရတွေရှိသလို ဗိုလ်ချုပ်မှုးကြီးရဲ့ ဒီမိုကရေစီကို ထောက်ခံတဲ့ အစိုးရတွေလည်း ရှိနေတာ ထင်ရှားပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကို စစ်အစိုးရက အသိအမှတ် မပြုတဲ့အတွက် ၁၉၉၁ မှာ ဒေါ်စုကို နိုလ်ဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပြီး မီးမောင်းထိုးပြလိုက်ကတည်းက မြန်မာ့ဒီမိုကရေ လှုပ်ရှားမှုကို ဒီမိုကရေစီနိုင်ငံတွေမှာ ထောက်ခံလာကြပါတယ်။ မလွတ်လပ်သေးတဲ့ မြန်မာပြည်သူပြည်သားတွေကို လွတ်လပ်တဲ့နိုင်ငံသူ နိုင်ငံသားတွေက ကူညီရိုင်ပင်းဖို့ ဒေါ်အောင်ဆန်းစုကြည် က ပန်ကြားပါတယ်။
ဗမာစစ်အစိုးရကို ၁၉၉၇ မေလကစပြီး အမေရိကန်က ဒဏ်ခတ်အရေးယူလာတာမို့ (၁၃) နှစ်ကျော် နေပါပြီ။ ဒီပဲရင်းအရေးအခင်းကို ကန့်ကွက်တဲ့အနေနဲ့ ၂၀၀၃ ခုနှစ်မှာ ကွန်ဂရက်လွှတ်တော်က ဥပဒေပြဌာန်းပြီး မြန်မာပြည်က သွင်းကုန်အားလုံးကို ပိတ်ပင်လိုက်ပါတယ်။ သံဃာဦးဆောင်တဲ့ လူထုဆန္ဒပြပွဲကို အကြမ်းဖက်နှိမ်နှင်းတဲ့ ဗမာစစ်အစိုးရကို ၂၀၀၇ ခုနှစ် အောက်တိုဘာလမှာ အရေးယူဒဏ်ခတ် ပြန်ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့နဲ့ ရင်းနှီးတဲ့ စီးပွားရေးသမားတွေကို ဘဏ္ဍာရေးအရ အရေးယူပါတယ်။ သံဃာဦးဆောင်တဲ့ ဆန္ဒပြပွဲကြောင့် မြန်မာအရေးကို တကမ္ဘာလုံး အာရုဏ်စိုက်လာပြီး ဝိုင်းဝန်းဖိအားပေးကြတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့နဲ့ ဆွေးနွေးမယ်လို့ ဗိုလ်ချုပ်မှုးကြီးက ကမ်းလှမ်းပြီး ဒေါ်စုနဲ့ ဆက်သွယ်ဖို့အတွက် ဆက်သွယ်ရေး ဝန်ကြီးခန့်တဲ့အထိ တုံ့ပြန်လာပါတယ်။
စစ်အစိုးရနဲ့ ရင်းနှီးတဲ့ စီးပွားရေးသမားတွေကို ၂၀၀၇ နောက်ပိုင်းမှာ ဘဏ္ဍာရေးအရ အရေးယူလာတာဟာ တဖြည်းဖြည်း အကျိုးသက်ရောက်မှု ရှိလာပုံရပါတယ်။ ဒဏ်ခတ်အရေးယူမှုကို ရုတ်သိမ်းသင့်ကြောင်း မြန်မာပြည်ကို ဒဏ်ခတ်အရေးယူနေတာဟာ မတရားတဲ့ လုပ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း က ပြောပါတယ်။ နောက်တခါ ဟာဗားနားမြို့မှာ ကျင်းပတဲ့ ဘက်မလိုက် နိုင်ငံများ အစည်းအဝေးမှာလည်း ဖွံ့ဖြိုးစနိုင်ငံတွေကို ဒဏ်ခတ်အရေးယူတာတွေ ရပ်ဆိုင်းသင့်ကြောင့် ဦးဉာဏ်ဝင်း က ပြောပြန်ပါတယ်။ ဒါကြောင့် ဒဏ်ခတ်မှုဟာ စစ်အစိုးရ အသိုင်းအဝိုင်းကို ထိခိုက်နေရပြီ ယူဆနေကြပါတယ်။
တိုင်းသူပြည်သားကို ဖိနှိပ်ညှင်းပမ်းနေတာ ရပ်ဆိုင်းပြီး အတိုက်အခံကို လေးစားမယ်၊ နိုင်ငံရေး လွတ်လပ်မှုပေးမယ်ဆိုရင် ဒဏ်ခတ်အရေးယူမှုတွေ လျော့ပါးသွားနိုင်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရနဲ့ လက်တွဲနေတဲ့ စီးပွားရေးသမားတစုကို ထိခိုက်လာတော့မှ ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်အုပ်စုက ပြောဆိုလာတာကို မရိုးသားဘူးလို့ သုံးသပ်သူတွေ ရှိပါတယ်။ စီးပွားရေး ဒဏ်ခတ်အရေးယူရုံနဲ့ ဒီမိုကရေစီမှာ မဟုတ်ပေမယ့် ဗမာစစ်အစိုးရနဲ့ စီးပွားရေးသမားတစု လုပ်ချင်တိုင်း မလုပ်နိုင်တဲ့ အခြေအနေကို ရောက်သွားပါတယ်။ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုသာမရှိရင် ဗမာစစ်အစိုးရရဲ့ သောင်းကျန်းမှုနဲ့ ရက်စက်မှုတွေကို အခုလောက် လူသိများမှာ မဟုတ်ပါဘူး။ ဒီ သဘောနဲ့ကြည့်ရင် ဒဏ်ခတ်အရေးယူမှုကို အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်။
မြန်မာဒီမိုကရေစီအရေးကို ဒီမိုကရေစီနိုင်ငံတွေက ထောက်ခံအားပေးသလို အိမ်နီးချင်းနိုင်ငံတွေကလည်း ဗမာစစ်အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းလာကြပါတယ်။ ၁၉၉၇ မှာ စစ်အစိုးရ အာဆီယံ အသင်းဝင် ဖြစ်လာပါတယ်။ တရားဝင်အစိုးရ မဟုတ်တဲ့အတွက် အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌ မလုပ်ဖို့ ဝိုင်းဝန်တိုက်တွန်းတာကို ၂၀၀၅ ခုနှစ်မှာ ဗမာစစ်အစိုးရက လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ BIMSTEC ခေါ် ဘင်္ဂလားပင်လယ်ကွေ့ (၇) နိုင်ငံအသင်းမှာတော့ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ဗမာစစ်အစိုးရက အလှည့်ကျ ဥက္ကဌ လုပ်နေကြပါတယ်။ ဒီအသင်းထဲမှာ ဘင်္ဂလာဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ ဆီရိလင်္ကာ နဲ့ ထိုင်း တို့ ပါဝင်ကြပါတယ်။ ဗမာစစ်အစိုးရကို အိမ်နီးချင်းတွေက အသိအမှတ်ပြုတာ ဖြစ်ပါတယ်။
ဗမာစစ်အစိုးရကို ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက်ချပြီး ဝေဖန်ရှုတ်ချလာတာ ၁၉၉၁ ကတည်းကဖြစ်ပြီး အခုဆိုရင် အကြိမ် (၂၀) ရှိနေပါပြီ။ လုံခြုံရေးကောင်စီက အရေးယူဖို့ကိစ္စကို တရုတ်နဲ့ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့လို့ အချည်းနှီး ဖြစ်ခဲ့ရပါတယ်။ လစ်လျူရှုနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဗမာစစ်အစိုးရ သဘောထားပြောင်းဖို့ အလားအလာ မရှိဘူးလို့ သုံးသပ်ကြပါတယ်။