မသမာမှုနဲ့ မဲလိမ်မှုတွေ များတယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ စစ်အစိုးရ စီစဉ်တဲ့အတိုင်း လွှတ်တော် ကိုယ်စားလှယ် အများစုကို ကြံ့ဖွံ့ပါတီက ရရှိသွားတဲ့အတွက် အစိုးရသစ်ဖွဲ့နိုင်တဲ့ အခြေအနေကို ရောက်နေပါတယ်။ ဒီမိုကရေစီ အခြေခံသဘောကို အကြီးအကျယ် ချိုးဖျက်ထားတဲ့အတွက် ရွေးကောက်ပွဲ အာဏာရှင်စနစ် လို့လည်း ခေါ်နိုင်ပါတယ်။ ပါတီစုံ ရွေးကောက်ပွဲလုပ်ပြီး တချိန်တည်းမှာပဲ စစ်အစိုးရပါတီ အနိုင်ရအောင် ချုပ်ကိုင်ချယ်လှယ်ထားတဲ့ အစီအစဉ် ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်တပ်နဲ့ အာဏာသိမ်းတဲ့ အစိုးရကနေ ရွေးကောက်ပွဲကျင်းပပြီး ဖွဲ့စည်းတဲ့ အစိုးရအဖြစ် အသွင်ပြောင်းမှာမို့ တာဝန်သိတဲ့ အုပ်ချုပ်ရေးစနစ်များ ပေါ်ထွက်လာနိုင်မလားလို့လည်း စဉ်းစားနိုင်ပါတယ်။ ရွေးကောက်တင်မြှောက်ခံရပေမယ့် ပုန်းလျှိုးကွယ်လျှိုးလုပ်တဲ့ အစိုးရမျိုးကိုလည်း ပြည်သူလူထုက ယုံကြည်မှာ မဟုတ်ပါဘူး။ ဆုံးဖြတ်ချက် ဘယ်လိုချမှတ်တယ်၊ ဘယ်လို အကျိုးသက်ရောက်မှုရှိတယ် ဆိုတာကို သိသာမြင်သာဖို့နဲ့ ရှင်းပြဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ တာဝန်သိသိနဲ့ စားဝတ်နေရေး ပြေလည်အောင် လုပ်ပေးနိုင်တဲ့ အစိုးရကိုသာ ပြည်သူလူထုက ယုံကြည်ပါလိမ့်မယ်။
ဆင်းရဲချမ်းသာ ကွဲပြားမှု နက်ရှိုင်းပြီး တရားတဲ့ ဥပဒေကင်းမဲ့နေရင် တိုင်းသူပြည်သားက အစိုးရကို ယုံကြည်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ရွေးကောက်ပွဲကျင်းပပြီး ဖွဲ့စည်းလိုက်တဲ့ အစိုးရသစ်ဟာ ယခင် စစ်အစိုးရနဲ့ ဘယ်လိုကွဲပြား ခြားနားတယ်ဆိုတာကို စောင့်ကြည့်ဖို့ လိုပါတယ်။ စစ်အစိုးရလက်ထက်မှာ အာဏာရှိလေ တာဝန်မဲ့လေ ဖြစ်ပါတယ်။ ဗမာစစ်အစိုးရဟာ အမြဲတမ်း ဥပဒေအထက်မှာ ရှိနေပါတယ်။ တိုင်းရင်းသားပြဿနာ၊ စီးပွားရေးကျပ်တည်းမှုနဲ့ ပညာရေး၊ ကျန်းမာရေး ချွတ်ခြုံမှုတွေကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာကို စောင့်ကြည့်ဖို့ လိုပါတယ်။ တဖက်သတ် အမိန့်ပေးတဲ့စနစ် ကျင့်သုံးတာကိုလည်း စောင့်ကြည့်ဖို့လိုပါတယ်။ ဒီမိုကရေစီနိုင်ငံမှာ ရာထူးကြီးလေ တာဝန်ကြီးလေ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးသဘောတူချက် မရနိုင်သေးတဲ့အတွက် ယာယီငြိမ်းချမ်းရေး ရေရှည်ခံလိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။ ကချင် နဲ့ ဝ လို့ အင်အားကောင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဗမာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်အဖြစ် ပြောင်းပစ်ဖို့ကိစ္စကိုသာ ဗမာဘက်က အာရုံစိုက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်ဘက်ကလည်း စစ်အင်အား ကောင်းမှသာ ကိုယ့်ဇာတိမြေကို ကာကွယ်နိုင်မယ်ဆိုတာကို နားလည်းထားပုံရပါတယ်။ အမျိုးသားလွတ်လပ်ရေးကို လက်နက်နဲ့ ကာကွယ်ရမယ်ဆိုတဲ့ ခံယူချက်ပါပဲ။ ဒီ အယူအဆမျိုး အနောက်တိုင်းမှာလည်း ခေတ်စားခဲ့ဘူးပါတယ်။ မိမိနယ်မြေကို ကာကွယ်နိုင်စွမ်းမရှိရင် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ ခက်ခဲမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ မြန်မာပြည်မှာ အပြောင်းအလဲဖြစ်ဖို့ လူတိုင်းလိုလို မျှော်လင့်နေကြပါတယ်။ နှစ်ပေါင်းများစွာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အခြေအနေကို စိတ်ကုန်နေကြပါပြီ။ ရွေးကောက်ပွဲမှာ စိတ်ဝင်စားမှု မရှိကြတာဟာ ပြည်သူ့သဘောထားကို ဖော်ပြနေတာပါ။
လူတဦးတယောက်အပေါ်မှာ မူတည်နေတဲ့ နိုင်ငံရေးစနစ်ဟာ ရေရှည်ခံမှာ မဟုတ်ပါဘူးဆိုတာ မဆလ ခေတ်က သက်သေပြနေပါတယ်။ မြန်မာပြည်မှာ စစ်တပ်က အနိုင်ကျင့် အုပ်ချုပ်နေတာကို ရပ်ဆိုင်းပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်လာအောင် ကြိုးစားဖို့ လိုပါတယ်။ တာဝန်မသိတဲ့ အစိုးရကို တိုင်းသူပြည်သားများက မယုံကြည်လို့ ပုန်ကန်ထကြွမှု ပေါ်ပေါက်လာတရတာ ဖြစ်ပါတယ်။ ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ အကျင့်မဖျောက်နိုင်ပဲ အာဏာရှင် အသိုင်းအဝိုင်းရဲ့ အခိုင်းခံဘဝကို မကျော်လွန်နိုင်ရင် တာဝန်သိ အစိုးရဖြစ်လာဖို့ အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ အစိုးရက တာဝန်မသိရင် ပြည်သူလူထုဘက်က တာဝန်သိဖို့ လိုပါတယ်။
တာဝန်မသိတဲ့ အစိုးရအမှုထမ်းရဲ့ လုပ်ရပ်မှန်သမျှကို တိုင်းသူပြည်သားများက ဖော်ထုတ်တာဟာ တရုတ်နဲ့ အီရန်လို အာဏာရှင်နိုင်ငံတွေမှာ လုပ်ရိုးလုပ်စဉ် ဖြစ်နေပါပြီ။ ရွေးကောက်ပွဲမှာ ကလိမ်ကျစ် လုပ်တာတွေကို ပြည်သူလူထုက ဖော်ထုတ်ဖို့ လိုပါတယ်။ အာဏာရှင်ဝါဒီတွေက ပိတ်ပင်ဖို့ ကြိုးစားတဲ့သတင်းတွေကို ဒီမိုကရေစီသမားတွေက ဖော်ထုတ်ဖို့ ကြိုးစားတာဟာ နှလုံးရည်တိုက်ပွဲပါ။
လွန်ခဲ့တဲ့ နှစ် ဇွန်လက ကျင်းပနေတဲ့ အီရန်ရွေးကောက်ပွဲမှာ မသမာနည်းတွေ သုံးတာကို ကွန်ပြူတာအင်တာနက် မှာ သောင်းချီပြီး ဖော်ပြကြတဲ့အတွက် အစိုးရသစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပေါ်ပေါက်လာရပါတယ်။ ဒီလိုဖြစ်လာမှာကို စိုးရိမ်လို့ ထင်ပါရဲ့ ၊ ဗမာအစိုးရဟာ အင်တာနက် ဆက်သွယ်မှုကို ချုပ်ကိုင်ပြီး ပြည်ပသတင်းလောကနဲ့ ဆက်သွယ်ရ ခက်ခဲအောင် လုပ်ထားပါတယ်။
ဒီမိုကရေစီ မရှိပေမယ့် အာဏာရှိသူက တာဝန်သိရင် ပြည်သူတွေ ခံသာပါသေးတယ်။ အမှုထမ်း အရာထမ်း တဦးချင်အနေနဲ့ တာဝန်သိမှု၊ အဖွဲ့အစည်းအနေနဲ့ တာဝန်သိမှု၊ နိုင်ငံရေးအရ တာဝန်သိမှု စသဖြင့် အဆင့်ဆင့် တာဝန်သိဖို့ အရေးကြီးပါတယ်။ တာဝန်သိသူကိုသာ တိုင်းသူပြည်သားက ယုံကြည်ပါလိမ့်မယ်။ နိုင်ငံသူနိုင်ငံသား အယုံအကြည်မရှိတဲ့ အစိုးရလုပ်ငန်းတွေဟာ အောင်မြင်ဖို့ ခက်ခဲပါတယ်။