ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ပြုပြင်စရာတွေ ပြည့်နှက်နေတဲ့ မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ စီမံကိန်းတွေ ချမှတ်အကောင်အထည်ဖေါ်နိုင်ဘို့အတွက် အခြေခံဘာတွေလိုအပ်ပါသလဲ၊ NLD အစိုးရရဲ့ ကနဦး ရက် (၁၀၀) စီမံကိန်းမှာ ဘယ်လိုအားနည်းချက်တွေ အခက်အခဲတွေရှိ ခဲ့သလဲဆိုတာ တမ္ပဒီပ NGO က ဒေါက်တာခင်ဇော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်တင်နွယ်ဦး တို့ နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ့ ဖိတ်ခေါ်ရတဲ့အကြောင်းရင်းကတော့ ဒီနေ့ မြန်မာနိုင်ငံမှာ လူတွေ အရေးတကြီးပြောနေကြတဲ့ NLD အစိုးရရဲ့ ရက် (၁၀၀) စီမံကိန်းဆိုတာနဲ့ ပတ်သက်ပါတယ်။ စီမံကိန်းက ဘယ်လောက် အောင်မြင်တယ်။ ဘယ်လို ဖြစ်တယ်ဆိုတာကို အဓိက ပြောကြတယ်။ ကျနော် အဓိကထားစေချင်တာက ဘာကြောင့် မအောင်မြင်ဘူးလဲ။ ဒီဟာတွေ အောင်မြင်ဖို့အတွက် ဘယ်လို အခက်အခဲတွေ ရှိနေလဲ။ ဘယ်လို လုပ်သင့်လဲ။ အဲဒါကို အဓိကထား ပြောစေချင်ပါတယ်။ ဘာ မအောင်မြင်ဘူး၊ အောင်မြင်တယ်ဆိုတာကို အကျဉ်းရုံး သုံးသပ်ကြတာပေါ့။ ပထမဦးဆုံး ဒေါက်တာခင်ဇော်ဝင်းအနေနဲ့ အောင်မြင်၊ မအောင်မြင်တာနဲ့ ပတ်သက်ပြီး အကျဉ်းရုံးသုံးသပ်ပြပါ။
ဒေါက်တာခင်ဇော်ဝင်း ။ ။ အောင်မြင်မအောင်မြင် ပြောပါမယ်။ နံပတ်တစ်ကတော့ အင်မတန်ကို လိုအပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ခဲ့ပြီ။ အဖွဲ့အစည်းတွေ ပြန်ဖွဲ့တယ်။ နောက်ပြီးတော့ ရှေ့လာမယ့်လမှာပဲ စတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေချခဲ့တယ်။ အောင်မြင်တာပေါ့။ နံပတ်နှစ်က ဘာလဲဆိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က ထိုင်းနိုင်ငံကို သွားပြီးတော့ ဟိုမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို အားပေးတယ်။ ဒါမျိုးတွေက အောင်မြင်ပါတယ်။ သို့သော် ပြောမယ်ဆိုရင် တခြားဟာတွေက အများကြီး ရှိသေးတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စမယ်ဆိုပေမယ့် ပြည်တွင်းစစ်က မရပ်သေးဘူး။ နောက်ပြီးတော့ ရခိုင်ပြည်နယ်မှာဆိုရင် အခေါ်အဝေါ်နဲ့ ပတ်သက်ပြီးတော့ မကျေနပ်မှုတွေ ဖြစ်တယ်။ ဒါတွေကို ဖြည့်ဆည်းပေးနိုင်လား။ နောက်တခုက ဘာလဲဆိုရင် ဒီ ရက် (၁၀၀) စီမံကိန်းအပေါ် မျှော်လင့်ချက်တွေကတော့ ရှိနေတာပေါ့။ ဒါတွေကို သူတို့က ဘယ်လောက်အထိ ဖြည့်ဆည်းပေးနိုင်လဲ။ ရက် (၁၀၀) ဆိုတာ ခဏလေးပဲ။ မြန်မာပြည်က အခက်အခဲတွေက ရက် (၁၀၀) နဲ့ ဘယ်လိုမှ ဖြေရှင်းလို့ မရနိုင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆရာမဒေါ်တင်နွယ်ဦးရဲ့ အမြင်ကိုလည်း ပြောစေချင်ပါတယ်။ ရက် (၁၀၀) စီမံကိန်းနဲ့ ပတ်သက်ပြီတော့။
ဒေါ်တင်နွယ်ဦး ။ ။ တကယ့်တကယ်တော့ စီမံကိန်းဆိုတာ ဒီလို ရက် (၁၀၀) တွေ ဘာတွေ သတ်မှတ်လို့ မရဘူး။ ရက် (၁၀၀) ဆိုတဲ့ အဓိပ္ပါယ်ကိုပဲ ပြန် Define လုပ်ရမလို ဖြစ်နေပြီ။ စီမံကိန်းဆိုတာက အခြေခံမူတွေနဲ့အတူ ဘယ်လို လုပ်ရမလဲ။ လုပ်ငန်းအဖွဲ့အစည်းတွေ အခြေအနေက ဘယ်လို ဖြစ်တယ်။ တာဝန်ခံတွေက ဘယ်လို ယူဆတယ်။ တိုင်းပြည်စီးပွားရေး ပေါ်လစီမူဝါဒတွေက ဘာလဲ။ ပြည်တွင်းပြည်ပ ပတ်ဝန်းကျင်အခြေအနေတွေ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကိုသာ စီမံကိန်းခေါ်တာ။ အခု ရက် (၁၀၀) စီမံချက်ဆိုတဲ့ စီမံချက်က ဘယ်ပေါ်မှာ မူတည်တာလဲဆိုတာကလဲ မပါလာဘူး။ ဘာတွေလုပ်မလဲဆိုတာ မပါဘူး။ ဘယ်လို လုပ်မလဲဆိုတာ မပါတဲ့အတွက်ကြောင့်။ ဘယ်သူတွေနဲ့ လုပ်မယ်ဆိုတာ လူတွေကိုလည်း မသိရဘူး ဖြစ်နေတယ်။ ဌာနဆိုင်ရာ အချက်အလက်တွေကလည်း ပြည့်ပြည့်စုံစုံ ရှာဖွေထားတာ ရှိရဲ့လား။ နောက်အချက်တွေကိုလည်း ဘယ်လို ခွဲခြမ်းစိတ်ဖြာမလဲ။ ဒီရက် (၁၀၀) အတွင်း မဖြစ်နိုင်တဲ့ကိစ္စတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီတော့ ဖြစ်နိုင်တဲ့ ကိစ္စတွေကိုပဲ ယာယီရေးဆွဲလိုတောင် မရတဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒီတော့ ယာယီတောင် လုပ်လို့မရတဲ့ဟာကို ဘယ်လိုလုပ် စီမံကိန်းလို့ ခေါ်လို့ရမလား။ တနည်းအားဖြင့် အကောင်းဆုံး စီမံကိန်းလို့ ခေါ်လို့ရမလဲ။ နောက်ပြီး အချိန်ကိုက်ပြီလို့ လုပ်လို့မရပါဘူး။ စီမံကိန်းဆိုတာက တကယ် လက်တွေ့ကျင့်သုံးပြီး တိုးတက်လာဆိုတာကို ကြည့်ရတာ ဖြစ်တဲ့အတွက်ကြောင့် ဒီရက် (၁၀၀) စီမံကိန်း အဓိပ္ပါယ်ကိုက Define လုပ်တာ လွဲနေပါတယ်။
ဦးကျော်ဇံသာ ။ ။ တချို့ကတော့ သာမန်လူတွေအမြင် ပြောကြတယ်။ ဥပမာအားဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တာ အောင်မြင်တယ်။ ဒါပေမဲ့ ကျနော်တို့ သတင်းသမားတွေနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ပြန်ကြာရေးကို ပြောမယ်ဆိုရင် နောက်ဆုတ်သွားတာတွေ။ နောက်ဆုံး Twilight over Burma ရုပ်ရှင်မျိုးကို ပြခွင့်မပြဘူး။တခါ Seven Days သတင်းစာမှာ ဦးရွှေမန်းပြောတာကို ရေးကြီးခွင်ကျယ် လုပ်တဲ့ကိစ္စက သတင်းလွတ်လပ်ခွင့်ကို အမျာုးကြီးထိခိုက်တဲ့ ကိစ္စလို့ ယူဆပါတယ်။ ဆိုတော့ ဘာဖြစ်လို့ ဒီလို စီမံကိန်းတွေ မအောင်မြင်တာ စီမံကိန်း ချမှတ်တာကိုယ်နှိုက်က မမှန်တဲ့အပြင် ဘယ်လို အတားအဆီးတွေ ရှိနေသလဲဆိုတာကို သုံးသပ်ပြောပါအုံး။
ဒေါက်တာခင်ဇော်ဝင်း ။ ။ နံပတ်တစ်က ကျယ်ကျယ်ပြန့်ပြန့် လူထုကိုယ်စားလှယ်တွေနဲ့ တခြားပါတီတွေနဲ့ တိုင်ပင်ဖို့လိုတယ်။ ငါတဦးတည်း၊ တဖွဲ့တည်းနဲ့ လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ မဖြစ်ဘူး မြန်မာပြည်က။ အဲဒါကို ကျနော် အင်မတန်ကို စိုးရိမ်ပါတယ်။ ပါတီတခုကို ဦးဆောင်ရတာ တမျိုး။ အခုက အစိုးရ ဖြစ်သွားပြီ။ ဆိုတော့ ငါ တယောက်ထဲပဲ ဒီကိစ္စကို ဦးဆောင်လုပ်ရင် ရတယ်ဆိုတဲ့ ဆန္ဒမျိုးနဲ့ မဖြစ်နိုင်ဘူး။ ကျယ်ကျယ်ပြန့်ပြန့် တခြားခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ပါတီခေါင်းဆောင်တွေနဲ့ အစိုးရနဲ့ တိုင်ပင်ညှိနှိုင်းဖို့လိုတယ်။ အဲဒါကိုတော့ ကျနော်က လုပ်ဖို့ ကျန်နေတယ်လို့ မြင်ပါတယ်။ ဘယ်လို အတားအဆီတွေ ရှိသလဲဆိုရင် တယောက်နဲ့တယောက် ဗျူရိုကရေစီယန္တရားက ဒီယန္တရားပဲ။ အစိုးရရဲ့ အထက်ပိုင်းပြောင်းတာ ကြိုဆိုပါတယ်။ ဒါပေမဲ့ ကိုယ်ခန္ဓာကြီး မပြောင်းလဲသေးဘူး။ ဒီလိုသာ ဆက်လုပ်နေရင်တော့ နောက်လာမယ့် (၅) နှစ်က ရင်လေးစရာကောင်းတယ်။ လူထုထောက်ခံမှုနဲ့ ကိုယ်က အရွေးခံရပြီးပြီ။ အဲဒါဆို အိုကေပြီပေါ့။ အခု ထောက်ခံမှုအတွက် လုပ်စရာ မလိုဘူး။ ကိုယ်က တကယ် ပေးစွမ်းနိုင်တဲ့ delivery လုပ်ပေးနိုင်တာကို ခိုင်ခိုင်မာမာပြဖို့ လိုပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာမဒေါ်တင်နွယ်ဦး .. စောစောက ဒေါက်တာခင်ဇော်ဝင်း ပြောတဲ့အထဲမှာပါသွားတယ်။ ဗျူရိုကရေစီက ခိုင်ခိုင်မာမာ၊ သွက်သွက်လက်လက် အရည်အချင်းရှိအောင် မလုပ်နိုင်သေးဘူး ဆိုတာလည်း အရေးကြီးတယ်လို့ ထင်ပါတယ်။ ဆိုတော့ ထိရောက်တဲ့၊ အရည်အချင်းရှိတဲ့ အုပ်ချုပ်ရေးယန္တရား ဖြစ်လာအောင် ပြုပြင်တဲ့ကိစ္စကို ဆရာမ ဘယ်လို မြင်ပါလဲ။ ဘယ်အခြေအနေ ရောက်နေတယ်လို့ ထင်ပါလဲ။
ဒေါ်တင်နွယ်ဦး ။ ။ အုပ်ချုပ်ရေးယန္တရားကြီး ပြုပြင်ဖို့ ကျမ လွှတ်တော်ထဲမှာ ပြောခဲ့ဖူးပါတယ်။ စာနဲ့လည်းရေးပြီး ပြောဖူးပါတယ်။ အဲဒီတော့ အုပ်ချုပ်ရေးယန္တရားက အကုန်လုံး Restructure ပြန်လုပ်ရမယ့်သဘော ဖြစ်ပါတယ်။ အုပ်ချုပ်ရေးယန္တရား လုပ်မယ့်ဟာက Capacity ရှိတဲ့လူနဲ့ လုပ်ရမှာ။ အခြေခံက ဘာလဲ။ ဘာဖြစ်လို့ ဘယ်လိုလုပ်မလဲဆိုတာ စီစဉ်တဲ့အခါမှာ ဒီလို ကြားပေါက်တွေ လျှောက်လုပ်လို့ မရပါဘူး။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် State Capability ရှိရမယ်။ လုပ်ဆောင်နိုင်စွမ်းရှိသူ ဖြစ်ရမှာပါ။ နိုင်ငံတော် ဦးဆောင်ဦးရွက်ရှိသူပြုသူတွေ၊ အစိုးရဝန်ထမ်းတွေ အကုန်လုံးက ပြီးမြောက်အောင် ဘယ်အတိုင်းအတာအထိ ဆောင်ရွက်မယ်ဆိုတဲ့ Policy guideline တွေ ရှိဖို့ လိုပါတယ်။ Responses ဖြစ်ရမှာပါ။ ဘယ်လောက်အထိ တုံ့ပြန်နိုင်စွမ်းရှိလဲ။ ပြည်သူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဘယ်လို ထိန်းသိမ်းနိုင်စွမ်း ရှိသလဲဆိုတဲ့ အချက်တွေနဲ့ အခြေခံရမှာပါ။ နောက် Accountability ရှိလား။ တာဝန်ခံနိုင်စွမ်း ဘယ်လောက်ရှိသလဲဆိုတဲ့ အချက်တွေ။ Public Institutions တွေနဲ့ အစိုးရအဖွဲ့အစည်းတွေက ဘယ်လောက် တာဝန်ခံနိုင်မှု ရှိသလဲ။ နောက်တခါ Civil Society တွေ အများပြည်သူတွေနဲ့ ပုဂ….လိကကဏ္ဍတွေက ဘယ်လောက် စောင့်ကြည့်နိုင်စွမ်း၊ စစ်ဆေးနိုင်သလဲဆိုတဲ့ ခေါင်းဆောင်တွေကို ဒီမိုကရေစီနည်းအရ ပြောင်းလဲတဲ့ကိစ္စတွေပါ။ ဒီလောက် အရေးကြီးတဲ့ ဒီမိုကရေစီယန္တရားကြီးကို အချိန်ကာလသတ်မှတ်ပြီးလုပ်မှ ရမှာပါ။ အစအဆုံး ပြန်ပြင်ရမယ့်သဘော ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီလို မပြင်နိုင်တဲ့ အခြေအနေ၊ အဟန့်အတားတွေ ဘာတွေ ရှိနေသလဲ။
ဒေါ်တင်နွယ်ဦး ။ ။ အဓိကတော့ Capacity ပြဿနာ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့ လုပ်နေတဲ့ အလုပ်တွေကို ကြည့်လိုက်ရင် ကျကောက်လုပ်နေတာတွေကို တွေ့ရလို့ Capacity ပြဿနာလို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ တချို့က နိုင်ငံရေးအားဖြင့် Political post မဟုတ်ပေမယ့် နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီးတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ရာထူးပေးရတာတွေများ ရှိနေလို့လား။ အဲဒါကိုလည်း နည်းနည်းသုံးသပ်ပြပါ။
ဒေါ်တင်နွယ်ဦး ။ ။ တကယ့်တကယ်တော့ ဗျူရိုကရေစီယန္တရားကြီးဆိုတာက နိုင်ငံရေး post မဟုတ်ဘူး။ တတ်ကျွမ်းနားလည်တဲ့သူနဲ့ သေချာ Train လုပ်ထားတဲ့သူတွေက လုပ်ငန်းအတွေ့အကြုံရှိတဲ့သူတွေ လုပ်ရမယ့်ကိစ္စ ဖြစ်တယ်။ နောက်ပြီးတော့ အစိုးရအဖွဲ့ ဖွဲ့တုန်းကလည်း နိုင်ငံရေးသမားတွေ၊ အမတ်တွေကို မခန့်ဘူးဆိုပြီး တကယ့်တကယ်ကြတော့ ထည့်ခန့်ခဲ့တယ်။ နောက်တခါ 40% ကိုပဲ NLD က ခန့်မယ်ဆိုပြီး 40% မက ခန့်ခဲ့တယ်။ နောက်တခု ပြည့်ခိုင်ဖြိုးပါတီကတော့ ပုဂ္ဂိုလ်ရေးရာ ခင်တဲ့လူတွေကို ထည့်ခန့်တာ။ တိုင်းရင်းသားဝန်ကြီးဆိုလည်း ပုဂ္ဂိုလ်ရေးရာအရ ထည့်ခန့်ထားတာတွေ တွေ့ရပါတယ်။ မဲအများစုရတဲ့ ရခိုင်တွေ၊ ရှမ်းတွေကိုတော့ ထည့်ခန့်ထားတာ မတွေ့ရပါဘူး။ အဓိကတော့ Capacity ရှိတဲ့သူတွေနဲ့ Accountability ကျတဲ့ လူတွေနဲ့လုပ်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးခေါင်းဆောင်က နိုင်ငံရေးအားဖြင့် ဆုံးဖြတ်ပေမယ့် အဲဒါကို လက်တွေ့အကောင်အထည်ဖော်မယ့် ဗျူရိုကရေစီကြတော့ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေး စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်လာပြီ ဖြစ်ပါတယ်။ အဲဒီဟာရဲ့ Efficiency စွမ်းရည်ထက်မြက် လုပ်ကိုင်မှု၊ ထိထိရောက်ရောက် လုပ်နိုင်စွမ်းကော ဘယ်လို မြင်ပါလဲ။
ဒေါက်တာခင်ဇော်ဝင်း ။ ။ အဲဒါက ပြီးခဲ့တဲ့ (၅) နှစ်တာ သက်တမ်းက ဦးသိန်းစိန်ခေတ်မှာ အဲဒီကိစ္စက လုံးလုံးကျန်ခဲ့တယ်။ နည်းနည်းလေးကိုမှ တို့နိုင်စွမ်းတောင် မရှိခဲ့ဘူး။ အင်္ဂလိပ်လို ပြောမယ်ဆိုရင်တော့ Civil Administration Reform - အဓိက ပြောမယ်ဆိုရင်တော့ Trail - ဘာပဲလုပ်လုပ် မြို့နယ်အဆင့်၊ မြို့နယ်အဆင့်အောက်က အဆင့်တွေမှာ Trail ကို မပြောင်းသရွေ့ ဘာမှပြောင်းမှာ မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောမယ် ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ တော်တော်များများ တဖက်ကနေ ချပေးခဲ့ပါတယ်။ အောက်ခြေအဆင့် မြို့နယ်အဆင့်မှာ သွားပြီးတော့ တန့်ကုန်တာပဲ။ ဝန်ကြီးဌာနအသီးသီးမှာလည်း အုပ်ချုပ်ရေးယန္တရားတွေ ရှိတာပဲ။ ကျန်းမာရေး၊ လျှပ်စစ်မှာလည်း ရှိတယ်။ လမ်းပန်းဆက်သွယ်ရေးမှာလည်း ရှိတယ်။ ဒါတွေက ဘာမှပြောင်းလဲမှု မရှိသေးဘူး။ အထက်ကနေ နေပြည်တော်မှာနေပြီးတော့ ဟိုဟာဖြစ်မယ်၊ ဒီဟာဖြစ်မယ်လို့ အော်နေလို့ မဖြစ်ဘူး။ အောက်ခြေယန္တရားကို မပြင်နိုင်သရွေ့တော့ ဒီအတိုင်းပဲ မျှောနေအုံးမှာ။ ဒီ Reform ကို သေချာလုပ်ရမယ်။ အရင်တုန်းက လူတွေက အပေါ်ယံကြောလေးပဲ လုပ်သွားတာ။ ကိုယ်လိုချင်တဲ ရတာပြီရင် ပြီးသွားတာပဲ။ အဲဒီလိုပဲ တည့်တည့်ပြောရမှာပဲ။
ဦးကျော်ဇံသာ ။ ။ ကိုခင်ဇော်ဝင်း စောစောက ပြောတဲ့အထဲမှာ ငြိမ်းချမ်းရေးကိစ္စကိုလည်း လုပ်မယ်ဆိုတာ ကောင်းတယ်ပြောတော့ အဲဒီကိစ္စမှာလည်း အဟန့်အတားတွေ ရှိနေတယ်။ တချို့က ထောက်ပြကြပါတယ်။ အထူးသဖြင့် စစ်တပ်ရဲ့ အမြင်မကြည်တဲ့လူတွေနဲ့ ခေါ်ယူမဆွေးနွေးဘူး။ အဲဒီသဘောမျိုးလေး ရှိနေတော့ အဲဒီအခက်အခဲကို ဘယ်လို ကျော်လွှာနိုင်မယ်လို့ မြင်ပါလဲ။ အဲဒါ ဖြစ်နိုင်ပါရဲ့လား။
ဒေါက်တာခင်ဇော်ဝင်း ။ ။ အဲဒါကတော့ အင်မတန်ကို ဖြစ်စေချင်တဲ့ ကိစ္စတခု။ လုပ်မယ်ဆိုရင်တော့ အချိန်က ရှိသေးတယ်။ ဒီမှာ စစ်တပ်ကလည်း ပါနေတာပေါ့။ ဟိုဘက်က လက်နက်ကိုင်အဖွဲ့တွေ ပါလာနိုင်အောင် နည်းအမျိုးမျိုးနဲ့ ပါလာအောင် ဖြစ်ရမယ်။ နံပတ်နှစ်က နိုင်ငံရေးပါတီတွေ။ အခုက ပြောမယ်ဆိုရင် ရွေးကောက်ပွဲနိုင်တဲ့ နိုင်ငံရေးပါတီတွေပါ ထည့်ပြီးဆွေးနွေးရမယ်။ ကျန်တဲ့လူတွေက မဆွေးနွေးရဘူးဆိုတဲ့အခါကြတော့ ဟိုတလောက ချင်းပြည်နယ်ကပါတီက ပြောကြတယ် ချင်းပြည်နယ်မှာဆို KNLA က အပြတ်အသတ် နိုင်သွားတယ်။ ချင်းပါတီတွေက ဘယ်နေရာမှာမှ မရဘူး။ ဒါဆို ချင်းပါတီတွေ မပါတော့ဘူးလား။ နောက်တခု ဘာအရေးကြီးလဲဆိုတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေခေါ်တဲ့ Civil Society အဖွဲ့တွေက နေရာမရဘူး။ ဆိုတော့ နေပြည်တော်နေရာလေးမှာ လူနည်းနည်းနဲ့ ကွက်လုပ်မယ်ဆိုရင် သိပ်အဓိပ္ပါယ် မရှိဘူး။ တတ်နိုင်သရွေ့ အားလုံးပါဝင်နိုင်မယ့် ကိစ္စတခုကို ကြိုးပမ်းပါ။ ငါတယောက်ထဲနဲ့ လက်ညှိုးညွှန်ရာ ဖြစ်မယ်ဆိုတဲ့ ကိစ္စမျိုးက ဒီမှာ မဖြစ်နိုင်ဘူး။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာက အစိုးရက ခေါင်းဆောင်တွေက ပြင်ချင်ပေမယ့် Society က လူမှုအဖွဲ့အစည်းက လိုက်မလာတာတို့၊ လူ့အသိုင်းအဝိုင်းက ဥပမာအားဖြင့် ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ အစွန်းရောက်လာတာ၊ အဲဒီလိုမျိုးတွေကို ဘယ်လိုပုံစံမျိုးနဲ့ တားဆီးနိုင်မယ် ထင်ပါလဲ။ စီမံကိန်းချလုပ်လို့ ရမယ့်ကိစ္စလို့ ထင်ပါသလား။
ဒေါက်တာခင်ဇော်ဝင်း ။ ။ ခေတ်က ပြောင်းသွားပြီ။ ပြီးခဲ့တဲ့ နှစ် (၅၀) ကတော့ ထားလိုက်ပါတော့။ အခုက ဒီမိုကရေစီခေတ် ဖြစ်သွားပြီ။ ဒီမိုကရေစီခေတ်ဆိုကတည်းက ကိုယ့်ကို တင်မြှောက်ထားတာ လူထု။ လူထုကို ကိုယ်က စည်းရုံးနိုင်ရမယ်။ လူထုကို ကိုယ့်အနေနဲ့က ပညာပေးနိုင်ရမယ်။ လူထုကို ကိုယ်က ဦးဆောင်နိုင်ရမယ်။ အဲဒါကို ကျနော်တို့က မမြင်သေးဘူး။ ဘာသာရေး အစွန်းရောက်ဆိုတာ ရှိကြတာပဲ။ ခေတ်အဆက်ဆက်မှာ ရှိတယ်။ ဟိုအရင် ဦးနုခေတ်မှာလည်း ရှိတယ်။ ဒီလူတွေကို ဒီလမ်းက မှားတယ်။ ဒီဘက်ကနေ မှန်တဲ့လမ်းကို လာပါဆိုပြီး လုပ်ရမယ်။ ဘာမှ မလုပ်ဘဲ နှုတ်ပိတ်ပြီးတော့ ဟိုမှာ ထိုင်နေလို့ မရဘူးလေ။ ဘာသာရေး၊ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေး အကုန်ပါနေတယ်။ အဲဒါ လူထုထဲကို သွားရမယ်။