လွန်ခဲ့တဲ့ ဇွန်လအစောပိုင်းက သမ္မတဦးသိန်းစိန် တရုတ်ပြည်ကို သွားရောက်ခဲ့ပြီး (၄) လအကျော်မှာ အိန္ဒိယ သွားတာဟာ (၃) နိုင်ငံရဲ့ ဆက်ဆံရေးအခြေအနေတွေကို ပြသလို ဖြစ်နေပါတယ်။ အိန္ဒိယလူမျိုးစု သူပုန်တွေကို တရုတ်နဲ့ ပါကစ္စတန်ထောက်လှမ်းရေးက သွားရောက်တွေ့ဆုံတယ်လို့ အိန္ဒိယ ထိပ်တန်းအရာထမ်းက ယုံကြည်ကြောင်း အောက်တိုဘာလ (၂) ရက်နေ့က Deccan Herald သတင်းစာမှာ ဖော်ပြပါတယ်။ အိန္ဒိယသူပုန်တွေ မြန်မာပြည်ဘက်မှာ ခိုလှုံပြီး တရုတ်အကူအညီယူနေတယ်ဆိုတာဟာ အိန္ဒိယအစိုးရအတွက် စိတ်အနှောက်အယှက် ဖြစ်စရာပါ။ ဒါကြောင့် လူမျိုးစုသူပုန်တွေကို ဗမာဘက်က တိုက်ထုတ်ပေးဖို့ အိန္ဒိယအစိုးရက အခွင့်အခါသင့်တိုင်း တောင်းဆိုလေ့ရှိပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ ဇွန်လက နေပြည်တော်ကို သွားရောက်ပြီး မကြာမီ ဇူလိုင်လ (၇) ရက်နေ့မှာ ဗမာအစိုးရတပ်က စစ်ကားအစီး (၅၀) ကျော် မဏိပူရပြည်နယ် မိုရေးမြို့ကို လာရောက်ပြီး စစ်လက်နက်ပစ္စည်း သယ်ယူတယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။ နောက်တော့ မြန်မာဘက်မှာ စခန်းချနေတဲ့ အာသံလွတ်မြောက်ရေးတပ်ဖွဲ့ အတိုက်ခိုက်ခံရကြောင်း သတင်းထွက်လာပါတယ်။
အိန္ဒိယအရှေ့မြောက်ဒေသက တိုင်းရင်းသားတွေဟာ မျိုးနွယ်အရ တရုတ်-မြန်မာ-တိဗက်နဲ့ ပိုပြီး နီးစပ်တဲ့အတွက် အိန္ဒိယက ခွဲထွက်လိုသူလည်း ရှိပါတယ်။ ဒီအချက်ကို အကြောင်းပြပြီး အိန္ဒိယဟာ ဗမာအစိုးရကို စစ်လက်နက်ပစ္စည်း ရောင်းနေတာ ဖြစ်ပါတယ်။ မီဇိုရမ်၊ အာသံ၊ မဏိပူရ၊ နာဂ နဲ့ အရူနာချက် ပရာဒတ်ရှ် (Arunachal Pradesh) စတဲ့ ပြည်နယ်တွေဟာ မြန်မာပြည်နဲ့ နယ်စပ်ချင်း ဆက်နေပါတယ်။ ဒီဒေသဟာ တောင်ထူထပ်တာကြောင့် အိန္ဒိယပြည်မနဲ့ ဆက်သွယ်တဲ့ ကုန်းလမ်းဟာ (၁၄) မိုင်သာ ကျယ်ဝန်းပါတယ်။ ဒါကြောင့် အိန္ဒိယအရှေ့မြောက်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးဟာ မြန်မာနဲ့ ဆက်ဆံရေး အခြေအနေပေါ်မှာ မူတည်တယ်လို့ ပြောကြပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ် ပူးတွဲစစ်ဆင်ရေးတွေ နှစ်စဉ်လုပ်နေပေမယ့် လူမျိုးစုလက်နက်ကိုင်တွေ လှုပ်ရှားနေတုန်း ဖြစ်ပါတယ်။
ကုန်းပတ်လည်ဝိုင်းနေတဲ့ ယူနန်ပြည်နယ်ဟာ ဧရာဝတီကတဆင့် ဘင်္ဂလားပင်လယ်ကွေ့နဲ့ ဆက်သွယ်ဖို့ စီမံကိန်းချသလို အိန္ဒိယကလည်း မီဇိုရမ်ပြည်နယ်ကို ကလတန်မြစ်ကတဆင့် ဘင်္ဂလားပင်လယ်ကွေ့နဲ့ ဆက်သွယ်ဖို့ ကြိုးပမ်းနေပါတယ်။ ကလတန်ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖို့ အိန္ဒိယအစိုးရက ဒေါ်လာသန်းတရာကျော် ရင်းနှီးထားပါတယ်။ ၂၀၀၈ အိန္ဒိယ-မြန်မာ သဘောတူညီချက်အရ စစ်တွေဆိပ်ကမ်းကို ပင်လယ်ကူးသင်္ဘောဆိုက်ကပ်နိုင်တဲ့ ရေနက်ဆိပ်ကမ်းကြီးဖြစ်အောင် ပြောင်းလဲနေပါတယ်။ စစ်တွေဆိပ်ကမ်းက ကုန်သင်္ဘောတွေက ကလတန်မြစ်ကို ဆန်တက်ပြီး အိန္ဒိယ-မြန်မာနယ်စပ်အနီးက စက်ပစ်ပြင် (ခေါ်) ကလက်ဝအထိ သွားနိုင်ဖို့အတွက် ကလတန်မြစ် ရေစူးနက်အောင် တူးရပါတယ်။ ကလက်ဝ က မီဇိုရမ်နဲ့ မဏိပူရကို ကားလမ်းဖောက်ပြီး ကုန်ပစ္စည်း ပို့ဆောင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ကာလကတ္တား က ကုန်ပစ္စည်းတွေကို စစ်တွေ-ကလတန် မြစ်ကြောင်းကတဆင့် မဏိပူရမြို့တော် အင်ဖာကို ပို့ဆောင်ရင် ကုန်းလမ်းတခုတည်း သုံးတာထက်ပိုပြီး ပိုမြန်လိမ့်မယ်လို့ တွက်ပါတယ်။
ကလတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း အကောင်အထည်ဖော်နေတာ ၂၀၁၃ မှာ ပြီးစီးမယ်လို့ ခန့်မှန်းပါတယ်။ အဲဒီအခါမှာ အိန္ဒိယ အရှေ့မြောက်ဒေသဟာ ကလတန်-စစ်တွေကတဆင့် အိန္ဒိယ အရှေ့ဘက် ကမ်းရိုးတန်းမြို့တွေနဲ့ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ ကလတန်ရေကြောင်းဟာ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးကို တိုးမြှင့်စေလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ မိုယေးအပြင် မီဇိုရမ်၊ နာဂပြည်နယ် နဲ့ အရူနာချယ် ပရာဒတ်ရှ် ပြည်နယ်တွေမှာ ကုန်သွယ်ရေးဂိတ်စခန်းတွေ ထပ်တိုးပြီး အိန္ဒိယ-မြန်မာ ကုန်သွယ်မှု ပမာဏကို ၂၀၁၅ မှာ ဒေါ်လာသန်း သုံးထောင်အထိ နှစ်ဆတိုးဖို့ ရည်ရွယ်ကြောင်း အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီး အာနန်ရှားမား က နယူးဒေလီမှာ စက်တင်ဘာနှောင်းပိုင်းက ကျင်းပတဲ့ လေးကြိမ်မြောက် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးကော်မရှင် အစည်းအဝေးမှာ ပြောဆိုသွားပါတယ်။
မြန်မာပြည်ကနေ အိန္ဒိယကို တင်ပို့တဲ့ ကုန်ပစ္စည်းပမာဏနဲ့ သုံးပုံတပုံဟာ ပဲမျိုးစုံဖြစ်ပြီး သစ်သားက ငါးပုံတပုံ ဖြစ်ပါတယ်။ တနည်းဆိုရင်တော့ အိန္ဒိယကို တင်ပို့တဲ့ မြန်မာ့ပို့ကုန် (၉၈) % ဟာ ပဲမျိုးစုံ နဲ့ သစ်သားပစ္စည်းချည်း ဖြစ်နေပါတယ်။ ရခိုင်ဘက်ကတော့ ဝက်၊ ကြက်၊ ဆိတ်၊ ငါးခြောက်၊ ငါးပိ၊ ဆား နဲ့ သီးနံှတွေ တင်ပို့ကြပြီး အိန္ဒိယဘက်က အိမ်သုံးဆေးဝါး၊ အပ်ခြပ်စက်၊ ဆေးရွက်ကြီး၊ ကွမ်း၊ ငရုပ်ကောင်း၊ ဂျင်း၊ အိုးခွက် အသုံးအဆောင် ရခိုင်ဘက်ကို တင်ပို့ကြောင်း သိရပါတယ်။ ကျောက်တော်က အိန္ဒိယနယ်စပ်အထိ ကလတန်မြစ်ကြောင်းတလျှောက်မှာ ဗမာအစိုးရတပ်ရဲ့ အကောက်ခွန်ဂိတ်ပေါင်း (၂၀) လောက်ရှိကြောင်း လွန်ခဲ့တဲ့ ဇူလိုင်လထုတ် ရခိုင်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။
ဗမာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့လမ်းစဉ်ကို ကျင့်သုံးလာတာမို့ အခုလို ပြုပြင်ပြောင်းလဲမှုတွေက တဖြည်းဖြည်းဖြစ်ပေါ်လာပြီး တရုတ်လက်ခုပ်ထဲ ရောက်မသွားတာမို့ အိန္ဒိယဘက်က သုံးသပ်တာမျိုး တွေရှိရပါတယ်။ ဒါပေမဲ့ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးပမာဏဟာ တရုတ်-မြန်မာ ကုန်သွယ်ရေးရဲ့ လေးပုံ-တစ်ပုံ ရှိတာကြောင့် မြန်မာပြည်မှာ တရုတ်ပါဝင်တဲ့ အတိုင်းအတာကို အိန္ဒိယက အမှီလိုက်ဖို့ အခက်အခဲရှိနေတာ သိသာထင်ရှားပါတယ်။