သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အာရှ အဝေးပြေးလမ်းအမှတ် (၁)


ဗမာစစ်အစိုးရဟာ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တဲ့ အာဆီယံအသင်း (ASEAN)၊ မဲခေါင်မြစ်ဝှမ်းဒေသအသင်း (Greater Mekong Subregion (GMS)) ၊ BIMSTEC အသင်း စတဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေမှာ အဖွဲ့ဝင် ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် က တရုတ်နဲ့ အာဆီယံဒေသကို ကုန်းလမ်းက ဆက်သွယ်ရာမှာ မြန်မာဟာ ပေါင်းကူးတံတားလို အရေးပါနေပါတယ်။ ဒေသခံနိုင်ငံအချင်းချင်း ကုန်းလမ်းက သယ်ယူပို့ဆောင်နိုင်ရင် ကုန်သွယ်ရေး တိုးတက်ဖွံ့ဖြိုးမယ်လို့ ESCAPE () ခေါ် ကုလသမဂ္ဂအဖွဲ့က ယူဆတဲ့အတွက် အာရှအဝေးပြေးလမ်းမ တည်ဆောက်ရေးကို ၁၉၉၂ ကတည်းက စတင် အကောင်အထည် ဖော်နေပါတယ်။

ဒီ စီမံကိန်းထဲမှာ မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း နဲ့ ဗိယက်နမ် စတဲ့ နိုင်ငံတွေကို အဆင့်မြင့် အဝေးပြေးလမ်းမတွေနဲ့ ဆက်သွယ်တဲ့ အစီအစဉ်လည်း ပါဝင်နေပါတယ်။ အာရှ အဝေပြေးလမ်းမကို (၆) လမ်း သွားနိုင်တဲ့ ပထမအဆင့် (၄) လမ်းသွား ဒုတိယအဆင့် နဲ့ (၂) လမ်းသွား တတိယအဆင့် ဆိုပြီး အဆင့် (၃) ဆင့် သတ်မှတ်ထားပါတယ်။ ဒါကြောင့် အဝေးပြေးလမ်း အားလုံးဟာ အနည်းဆုံး အသွားအပြန် (၂) လမ်း သွားနိုင်တဲ့ တတိယအဆင့် ရှိဖို့လိုပါတယ်။

အဆင့်မြင့် အဝေးပြေးလမ်းမှာ တံတားဆောက်တာလည်း ပါဝင်တာမို့ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျပါတယ်။ ဒီ စီမံကိန်းမှာ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ကမ္ဘာ့ဘဏ်က ငွေထုတ်ချေးပေမယ့် ဒီအထဲမှာ ဒဏ်ခတ်အရေးယူခံနေရတဲ့ မြန်မာမပါပါဘူး။ ဒါကြောင့် အာရှအဝေးပြေးလမ်းမ စီမံကိန်းဟာ မြန်မာပြည်မှာ ရပ်တန့်နေပါတယ်။ ဒါကြောင့်မို့ မဲခေါင်ဒေသ အဝေးပြေးလမ်းမတွေကို မဲခေါင်ဒေသခံ (၆) နိုင်ငံက ပိုင်ဆိုင်တာဖြစ်တဲ့အတွက် (၆) နိုင်ငံစလုံးကို ငွေကြေးထောက်ပံ့သင့်တယ်လို့ စီမံကိန်းဌာန ဒု-ဝန်ကြီး ဗိုလ်မှုးကြီးသူရိန်ဇော် က ကမ္ဘောဒီယားနိုင်ငံ ဖနွန်ပင် (Phnom Penh) အစည်းအဝေးမှာ ၂၀၀၉ စက်တင်ဘာ (၁၇) ရက်နေ့က ပြောသွားတာ ဖြစ်ပါတယ်။ မြန်မာကို ထိုင်းနဲ့ အိန္ဒိယကသာ အကူအညီ ပေးနေပါတယ်။

ဗမာစစ်အစိုးရက ငွေရင်းမစိုက်တဲ့အတွက် ဆင်ပြောင်ကြီး အမြီးကျမှတစ် ဆိုသလို အာရှအဝေးပြေးလမ်းမဟာ မြန်မာပြည်အဝင်မှာ ရပ်တန့်နေပါတယ်။ လမ်းတိုလေးတွေကို ထိုင်းအစိုးရနဲ့ ပုဂ္ဂလိက အကူအညီနဲ့ ဆောက်လုပ်နိုင်ပါတယ်။ ဥပမာ ကီလိုမီတာ (၉၀) ကျော်ရှိတဲ့ ကျိုုင်းတုံ-မိုင်လား (၂) လမ်းသွား ကားလမ်းကို ဗမာအစိုးရနဲ့ အပစ်ရပ်အဖွဲ့က ဆောက်လုပ်တယ်လို့ ဆိုပါတယ်။ ကီလိုမီတာ (၁၆၀) ကျော်တဲ့ ကျိုင်းတုံ-တာချီလိတ်လမ်းကို ပုဂ္ဂလိက ကုမ္မဏီက ဆောက်ပြီး မဲဆိုင်-တာချီလိတ် ဒုတိယတံတားကိုတော့ ထိုင်းအစိုးရက ဆောက်လုပ်ပါတယ်။ ဗိယက်နမ်နိုင်ငံ ဒါနန်ဆိပ်ကမ်းနဲ့ မော်လမြိုင်ကိုဆက်ပြီး မြန်မာ-အိန္ဒိယနယ်စပ် တမူး-မိုးရေးအထိ သွားဖို့ ရည်ရွယ်တဲ့ အရှေ့အနောက် စီးပွားရေးဇုန် လမ်းမကြီးဟာ မြဝတီမြို့အနောက်ဘက် ဒေါနတောင်တန်းမှာ လမ်းဆုံးသွားပါတယ်။ ကီလိုမီတာ (၂၀) နီးပါးရှိတဲ့ မြဝတီ-သင်္ကန်းညီနောင် အဆင့်မီ (၂) လမ်းသွား အဝေးပြေးလမ်းကို ထိုင်းက ဆောက်ပေးလို့ ၂၀၀၆ မှာ ပြီးစီးသွားပါတယ်။ ကီလိုမီတာ (၄၀) ရှိတဲ့ သင်္ကန်းညီနောင်-ကော့ကရိတ်လမ်းကိုတော့ မစနိုင်သေးပါဘူး။

သင်္ကန်းညီနောင်-ကော့ကရိတ်လမ်းဟာ ဒေါနတောင်တန်းကို ဖြတ်ကျော်ရတဲ့ လမ်းဖြစ်တာမို့ ဒီလမ်းကို တတိယအဆင့် (၂) လမ်းသွား အဝေးပြေးကားလမ်းအဖြစ် အဆင့်မြှင့်ဖို့ (သို့မဟုတ်) အသစ်ဆောက်ဖို့ကိစ္စမှာ ဗမာအစိုးရ ငွေမထုတ်တဲ့အတွက် ထိုင်းကပဲ စိုက်ထုတ်ရမလို ဖြစ်နေပါတယ်။ လမ်းအပြင် အိန္ဒုရွာနဲ့ မော်လမြိုင်အကြားမှာ တံတား (၂) ခု ဆောက်ဖို့ လိုပါသေးတယ်။ ထိုင်းအစိုးရ ငွေစိုက်လို့ အာရှအဝေးပြေးလမ်း အမှတ် (၁) မော်လမြိုင်အထိ ရောက်သွားရင်တောင် ဒီလမ်းကို သုံးတဲ့ ကုန်ကားတွေဟာ တန်ဖိုးထက် လက်ခကြီး နေတာကို တွေ့ရဖို့ များပါတယ်။ အကြောင်းကတော့ လမ်းတလျှောက်မှာ ဆက်ကြေးတောင်းတဲ့ စစ်ဆေးရေးစခန်း (၂၀) လောက်ရှိနေလို့ပါ။ အစိုးရတပ်၊ ရဲအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ နစက နဲ့ DKBA စောင်တဲ့ စစ်ဆေးရေးစခန်း (၂၀) လောက် ရှိတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ ၂၀၀၉ အောက်တိုဘာ (၅) ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကားလမ်းပေါ်မှာ စစ်ဆေးရေးစခန်းလုပ်ပြီး ကားအရွယ်အစားအလိုက် ဆက်ကြေးကောက်တာဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငွေပိုရှာနည်းတခု ဖြစ်နေတာ ကြာပါပြီ။ ဒေါနတောင်တန်းပေါ်က ကားလမ်းမှာ တာဝန်ကျတဲ့ စစ်သားကလည်း ကားလမ်းကို ဝါးလုံး (သို့မဟုတ်) ခဲလုံးနဲ့ တားပြီး ငွေတောင်းပါတယ်။ ဒေါနတောင်တန်းပေါ်က ကားလမ်းဟာ အလွန်ကျဉ်းမြောင်းတာကြောင့် ကားနှစ်စီးသွားလို့ မရပါဘူး။ တလမ်းသွားစနစ်နဲ့ တောင်တက်တောင်ဆင်း တလှည့်စီ လုပ်နေရတဲ့ လမ်းဖြစ်တာကြောင့် ဒီခရီးမှာ အဆင့်မီ (၂) လမ်းသွား အာရှလမ်းမဆောက်လုပ်ရင် ငွေကုန်ကြေးကျ အလွန်များနိုင်ပါတယ်။

အာရှ အဝေးပြေးလမ်းအမှတ် (၁) ဟာ မဲဆောက်-မြဝတီ ကနေ အိန္ဒိယ-မြန်မာ နယ်စပ် တမူး-မိုရေး အထိသွားမှာမို့ ကီလိုမီတာ (၁၆၀၀) ကျော်ရှိပြီး ဒေါ်လာသန်း (၁၀၀၀) နီးပါး ကုန်ကျနိုင်ပါတယ်။ အိန္ဒိယနယ်စပ် မိုရေးကနေ ကလေးဝအထိ ကီလိုမီတာ (၁၆၀) ရှိတဲ့ အဝေးပြေးလမ်းမကို အိန္ဒိယအစိုးရက အကုန်အကျခံ ဆောက်လုပ်ထားပြီး အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းကို အမည်ပေးထားပါတယ်။ ဒီလို စရိတ်အကျအကျ များလွန်းတာကြောင့် အာရှအဝေးပြေးလမ်း အမှတ် (၁) လို့ ခေါ်တဲ့ မြဝတီ-တမူးလမ်း ဆောက်လုပ်နိုင်ဖို့ဆိုတာ နိုင်ငံခြား အကူအညီမရရင် အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG