သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ လူ့ဖွံ့ဖြိုးရေး ရှေ့ဆောင်စီမံကိန်း


ကုလသမဂ္ဂ လူ့ဖွံ့ဖြိုးရေး ရှေ့ဆောင်စီမံကိန်း
ကုလသမဂ္ဂ လူ့ဖွံ့ဖြိုးရေး ရှေ့ဆောင်စီမံကိန်း

ဗမာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက နှစ်စဉ်ဝေဖန်ရှုတ်ချနေပေမယ့် တဖက်ကလည်း ဆင်းရဲသား ပြည်သူလူထုကို အတတ်နိုင်ဆုံး ကူညီနေပါတယ်။ ထင်ရှားတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေထဲမှာ UNDP ခေါ် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီလည်း ပါဝင်နေပါတယ်။ ပြည်သူလူထုကို တိုက်ရိုက်ကူညီနိုင်ရေးဟာ UNDP ရဲ့ ရည်ရွယ်ချက်ဖြစ်တာကြောင့် “လူ့ဖွံ့ဖြိုးရေး ရှေ့ဆောင်” Human Development Initiative ဆိုတဲ့ စီမံကိန်းကို အကောင်အထည်ဖော်နေပါတယ်။ ဆင်းရဲတဲ့ ပြည်သူတွေရဲ့ဘဝ ရှင်သန်ဖွံ့ဖြိုးရေးအတွက် UNDP က ကူညီအားပေးတဲ့ စီမံကိန်း ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာပြည်မှာ ဘာလုပ်လုပ် စစ်အစိုးရနဲ့ မပတ်သက်ရင် မပြီးတာကြောင့် UNDP လူ့ဖွံ့ဖြိုးရေး ရှေ့ဆောင်စီမံကိန်းမှာ စစ်အစိုးရ စွက်ဖက်မှု ကင်းရှင်းရဲလား၊ ရည်ရွယ်ချက် အောင်မြင်ရဲ့လားစသဖြင့် သိရှိနိုင်အောင် သီးခြားလွတ်လပ်တဲ့ အကဲဖြတ် အဖွဲ့ဝင် (၃) ဦးရေးတဲ့ စာမျက်နှာ (၃၀) ကျော် အစီရင်ခံစာ လွန်ခဲ့တဲ့ ဇွန်လက ထွက်လာတဲ့အတွက် အကျဉ်းချုံး တင်ပြပါမယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ဧရာဝတီ မြစ်ဝကျွန်းပေါ် နဲ့ ရှမ်းပြည်နယ်က မြို့နယ် (၁၉) ပြည်နယ်မှာ လူ့ဖွံ့ဖြိုးရေး ရှေ့ဆောင်စီမံကိန်း အကောင်အထည်ဖော်နေသလို နယ်စပ်ဒေသတွေဖြစ်တဲ့ ကချင်၊ ချင်း၊ ကရင်၊ မွန် နဲ့ ရခိုင်ပြည်နယ်တွေက မြို့နယ် (၆၇) ခုမှာ ဆင်းရဲသားကူညီတဲ့ လူ့ဖွံ့ဖြိုးရေး ရှေ့ဆောင် စီမံကိန်းကို အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ် သက်တမ်းစတဲ့ အပေါ်ယံ နိုင်ငံရေး အပြောင်းအလဲတွေ ရှိနေပေမယ့် လူ့ဖွံ့ဖြိုးရေး ရှေ့ဆောင် စီမံကိန်းအပေါ်မှာ အကျိုးသက်ရောက်မှု မရှိဘူးလို့ အကဲဖြတ်အဖွဲ့က သုံးသပ်ပါတယ်။

ဒါပေမဲ့ ဆင်းရဲသားကူညီတဲ့ UNDP လူ့ဖွံ့ဖြိုးရေး ရှေ့ဆောင်စီမံကိန်းကို ဝန်ကြီးတွေက သိပ်စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။ ဝန်ကြီးဌာနအဆင့်မှာ ကူညီရိုင်းပင်မှု မရှိတာမို့ မြို့နယ်အမှုထမ်းတွေကလည်း အကူအညီ မပေးချင်တော့ဘူးလို့ သိရပါတယ်။ ဆင်းရဲသားလူထုကို တိုက်ရိုက်ကူညီတဲ့ စီမံကိန်းမှာ စစ်အစိုးရစွက်ဖက်မှု ကင်းရှင်းတယ်လို့ အကဲဖြတ်အဖွဲ့က ဆိုပေမယ့် အစိုးရဌာနတွေက အကူအညီမပေးတဲ့အတွက် အောင်မြင်သင့်သလောက် မအောင်မြင်တာလို့ မှတ်ချက်ချထားပါတယ်။ ဥပမာ စီမံကိန်း ဝန်ထမ်းနိုင်ငံခြားသားတွေ ပြည်တွင်းသွားလာခွင့် ပါမစ်လျှောက်ရာမှာ ကြန့်ကြာနေတာမျိုးဟာ လုပ်ငန်းကို အဟန့်အတား ဖြစ်စေပါတယ်။ စီမံကိန်းနဲ့ ပတ်သက်ပြီး ပညာပေးဖို့အတွက် ပြည်သူလူထုကို စုဝေးတာကို မကျေမနပ်ဖြစ်ပြီး အနီးကပ်စောင့်ကြည့်တာမျိုး တွေ့ရှိပါတယ်။ အစိုးရ မပါတဲ့လှုပ်ရှားမှုမို့ မယုံသင်္ကာဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။

UNDP လူ့ဖွံ့ဖြိုးရေါ် ရှေ့ဆောင်စီမံကိန်းကို ၁၉၉၄ မှာ စတင် အကောင်အထည် ဖော်တာဖြစ်လို့ အခုဆိုရင် (၁၆) နှစ် ရှိနေပါပြီ။ စီမံကိန်း ထိရောက်မှုကို အသေအချာ လေ့လာစီစစ်တဲ့အခါမှာ UNDP ရဲ့ အကူအညီရသူနဲပ မရသူဟာ သိပ်ပြီးကွာခြားလှတာ မဟုတ်ဘူးလို့ အကဲဖြတ်အဖွဲ့က သုံးသပ်ပါတယ်။ UNDP ရဲ့ အကူအညီကိုရသူဟာ မရသူထက် ဝမ်းစာတလစာလောက် ပိုလျှံလာတာ တွေ့ရပါတယ်။ ဘက်ပေါင်းစုံ ချို့တဲ့နေတဲ့ ဆင်းရဲသားတွေကို ဘက်ပေါင်းစုံက ကူညီတာဟာ နည်းနည်းနဲ့ ကြဲကြဲဝိုင်းတဲ့ သဘောမျိုးဖြစ်နေတဲ့အတွက် ထိရောက်မှုဘက်မှာ အားနည်းနေတာလို့ ဆိုပါတယ်။ ဥပမာ အစိုးရက ထောက်ခံတဲ့အတွက် လူ့ဖွံ့ဖြိုးရေး ရှေ့ဆောင်စီမံကိန်းကို မြို့နယ်သစ် (၄၀) မှာ ထပ်တိုးဖို့ ၂၀၀၅ မှာ UNDP က ဆုံးဖြတ်လိုက်တာဟာလည်း မလုံမလောက်ဖြစ်ရတဲ့ အကြောင်းရင်းတခုလို့ ဆိုပါတယ်။

ဒါပေမဲ့ အဆင်းရဲဆုံး မိသားစုတွေကို ကူညီရမှာ UNDP လူ့ဖွံ့ဖြိုးရေး ရှေ့ဆောင်စီမံကိန်းဟာ အတော်လေး အောင်မြင်တယ်လို့ ဆိုပါတယ်။ မြို့နယ်တနယ်မှာ ကျေးရွာ (၁၀) ရွာက အဆင်းရဲဆုံး မိသားစုတွေကိုရွေးပြီး အကူအညီပေးတဲ့ အထူးအစီအစဉ်ပါ။ စီမံကိန်းအကောင်အထည် ဖော်အပြီးမှာ အဆင်းရဲဆုံး မိသားစုဦးရေ ကျဆင်းလာတာ တွေ့ရပါတယ်။ ၂၀၀၈ ခုနှစ်က ဧရာဝတီမြစ်ဝကျွန်းေ့ပါ်ဒေသမှာ နာဂစ်လေမုန်တိုင်း တိုက်ခတ်တုန်းကလည်း လူ့ဖွံ့ဖြိုးရေး ရှေ့ဆောင်စီမံကိန်းအရ အကူအညီပေးနေတဲ့ UNDP အမှုထမ်းတွေဟာ အရေးပေါ် အကူအညီ အများကြီးပေးနိုင်ခဲ့ပါတယ်။

ဆင်းရဲသား ပြည်သူလူထုကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက တိုက်ရိုက်ကူညီနေတဲ့ ကိစ္စကို ဗမာစစ်အစိုးရက စိတ်ဝင်စားပုံ မရပါဘူး။ UNDP လို ဖွံ့ဖြိုးရေးအဖွဲ့တွေ အောက်ခြေမှာ လှုပ်ရှားနေတာ လူထုအတွက် အများကြီးအကျိုးရှိပါတယ်။ ဒီနှစ်ထဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ ရေကြီးလို့ ဒုက္ခရောက်ရတဲ့ ဆင်းရဲသားတွေကို ဘူးသီးတောင်၊ မောင်းတော အခြေစိုက် UNDP စခန်းတွေက ကူညီကြပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ HDI လူ့ဖွံ့ဖြိုးရေး ရှေ့ဆောင်စီမံကိန်း အကောင်အထည်ဖော်နေတာ (၁၄) နှစ်ကျော်ပြီမို့ ကျေးရွာပေါင်း (၂၀၀) နီးပါးက အိမ်ထောင်စုပေါင်း (၃) သိန်းကျော်ကို အကူအညီပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

XS
SM
MD
LG