သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ နယ်စပ်ဒေသ အရေး


လွန်ခဲ့တဲ့အပတ်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံစဉ် နယ်စပ်ဒေသ တည်ငြိမ်ရေးကို တရုတ်သမ္မတ ဟူဂျင်တောင် (Hu Jintao) က အဓိကထား ပြောကြားသွားပါတယ်။ တရုတ်-မြန်မာ (၂) နိုင်ငံဆိုင်ရာ အဓိကပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံခေါင်းဆောင်တွေ အချိန်မီ ဆက်သွယ်နိုင်ဖို့ လိုအပ်ကြောင်း၊ စီးပွားရေး ကုန်သွယ်ရေးမှာ တရုတ်-မြန်မာ နှစ်ဘက်စလုံး အကျိုးအမြတ်ရရှိနိုင်ဖို့အတွက် အိမ်နီးချင်းကောင်း ပီသရေးလမ်းစဉ်ကို တသမတ်တည်း ကျင့်သုံးဖို့ လိုအပ်ကြောင်း၊ သမ္မတ ဟူဂျင်တောင်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို ပြောကြောင်း တရုတ်အစိုးရ ရှင်ဟွာ (Xinhua) သတင်းဌာနက သတင်းပေးပို့ပါတယ်။

နယ်စပ်ဒေသနဲ့ ပတ်သက်ပြီး ဗမာအစိုးရဟာ သဘောထားအမျိုးမျိုးပြောင်းပြီး ရှုံ့ချည်နှပ်ချည် လုပ်နေတာကို တရုတ်အစိုးရ သည်းမခံနိုင်တဲ့အတွက် အိမ်နီးချင်းကောင်းလမ်းစဉ်ကို တသမတ်တည်းထားဖို့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို တိုက်တွန်းလိုက်တာပါ။ ကိုးကန့် တရုတ်နယ်မြေကို ထိုးစစ်ဆင်လို့ ဒုက္ခသည်တွေ သောင်းချီပြီး တရုတ်ပြည်ထဲ ဝင်ရောက်ခိုလှုံရတာမျိုးဟာ အိမ်နီးချင်းကောင်း မပီသဘူးလို့ ပြောလိုက်တာနဲ့ အတူတူပါ။ နယ်စပ်ဒေသငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နဲ့ လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် တရုတ်-မြန်မာ (၂) နိုင်ငံ အမြဲတမ်း ပူးတွဲဆောင်ရွက်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ရိုသေလေစားပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေကို တရုတ် အစိုးရက ထောက်ခံကြောင်းပြောဆိုပြီး တဆက်တည်းမှာ နယ်စပ်ဒေသ ကြီးကြပ်ရေးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးကို (၂) နိုင်ငံ ပူးတွဲဆောင်ရွက်ဖို့လိုကြောင်း ပြောပါတယ်။ ကိုးကန့်အရေးအခင်းမှာလို တဖက်သတ် လုပ်ကိုင်တာမျိုးကို တရုတ်က လက်မခံနိုင်ကြောင်း အတိအလင်း ပြောဆိုလိုက်တာပါ။ တနည်းဆိုရင်တော့ နယ်စပ်ဒေသကို သတိပေးလိုက်တာ ဖြစ်ပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးမှာ အတက်အကျတွေ ရှိခဲ့ပေမယ့် လောလောဆယ်မှာတော့ အစိုးရ (၂) ခုစလုံးအတွက် အကျိုးရှိနေပါတယ်။ တရုတ်အစိုးရက စစ်ရေး၊ စီးပွားရေး နဲ့ သံတမန်ရေးမှာ ကူညီနေတဲ့အတွက် ဗမာစစ်အစိုးရ အာဏာတည်မြဲနေပါတယ်။

တရုတ် ကူညီတာကို ကျေးဇူးဆပ်တဲ့အနေနဲ့ မြန်မာသံယဇာတပစ္စည်းတွေ တရုတ်ကို ထုတ်ယူခွင့်ပေးပြီး မြန်မာပြည်ကိုဖြတ်တဲ့ ရေနံဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ခွင့်နဲ့ အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ခွင့် ပေးထားပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယားအစိုးရရဲ့ အပြုအမှုနဲ့ ပတ်သက်ပြီး တရုတ်အစိုးရဟာ ဝေဖန်ပြောဆိုတာမျိုး မလုပ်တတ်ပါဘူး။ ကိုးကန့်တရုတ်ကို ထိုးစစ်ဆင်တော့မှသာ နယ်စပ်တည်ငြိမ်းရေးနဲ့ မြန်မာပြည်ရောက် တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ဗမာစစ်အစိုးရမှာ တာဝန်ရှိကြောင်း တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုပါတယ်။ အိန္ဒိယနဲ့ ပူးတွဲဆောင်ရွက်ဖို့ ဗမာစစ်အစိုးရ ကြိုးပမ်းနေပေမယ့် ဒီလို ပူးပေါင်းဆောင်ရွက်မှုကြောင့် တရုတ် အကျိုးစီးပွားကို ထိခိုက်လာနိုင်တယ်ဆိုရင်တော့ တရုတ်အစိုးရက လက်ခံမှာ မဟုတ်ပါဘူး။

ဗမာစစ်အစိုးရကို ကုလသမဂ္ဂ္ဂ လုံခြုံရေးကောင်စီက အရေးမယူနိုင်အောင် တရုတ်အစိုးရက ဗီတိုအာဏာသုံးပြီး ကာကွယ်နေပါတယ်။ မလွှဲသာလို့ ဝေဖန်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို သဘောတူရမယ်ဆိုရင်လည်း စာသားအသုံးအနှုန်း မပြင်းထန်ရအောင် တရုတ်က ကြားဝင်ဆောင်ရွက်ပေးပါတယ်။ ဗီတိုအာဏာကို အမြဲတမ်းသုံးနေတာတော့ မဟုတ်ပါဘူး။ အန္တရာယ်ပေးမယ့် အစိုးရအဖြစ် သတ်မှတ်ခံရတဲ့ မြောက်ကိုရီးယားကို လုံခြုံရေးကောင်စီက လွန်ခဲ့တဲ့ ဇွန်လ က ဒဏ်ခတ်အရေးယူတာကို တရုတ်က သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို တရုတ်က ဂရုမစိုက်ဘဲ မြောက်ကိုရီးယားကို ဆက်လက်ကူညီနေတာ တွေ့ရပါတယ်။

လက်ရှိ ဗမာစစ်အစိုးရဟာ အာဏာတည်မြဲရေးအတွက် တရုတ်ကို အားကိုးနေရပါတယ်။ တရုတ်သမ္မတ ပြောလိုက်တဲ့ တရုတ်-မြန်မာ ပြောလိုက်တဲ့ တရုတ်-မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးဆိုတာ ဝ မိုင်းလား ၊ ကိုးကန့် နဲ့ ကချင်ဒေသ တည်ငြိမ်းရေးတို့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) အတွေ့အကြုံကို ကြည့်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေ ကိုယ့်ပိုင်နက်မှာ ကိုယ်အုပ်ချုပ်နေရင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းနေတာကို တွေ့နိုင်ပါတယ်။ (၂) နိုင်ငံ ဆက်စပ်နေတဲ့ကိစ္စတွေမှာ အချုပ်အချာ အာဏာကို အပြည့်အဝ မသုံးနိုင်ဘဲ ညှိနှိုင်းဆောင်ရွက်ရတာဟာ ဓလေ့ထုံးစံလို ဖြစ်နေပါတယ်။

ဗမာစစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး စီမံကိန်းကို အဓိက ဆန့်ကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေဟာ တရုတ်ပြည်မှာ ကျောထောက်နောက်ခံရှိသူတွေ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ကြိုဆိုထောက်ခံပြီး မြန်မာ့ပြည်တွင်းရေးမျာ မစွက်ဖက်ဘူးဆိုတာ တရုတ်အစိုးရရဲ့ လက်သုံးစကားဖြစ်နေပေမယ့် နှစ်ပေါင်းများစွာ ဝ မိုင်လား နဲ့ ကချင်တပ်ဖွဲ့ကို လက်နက်ခဲယမ်း ထောက်ပံ့လာတာ တရုတ်ဖြစ်ပါတယ်။ လေယာဉ်ပစ် ဒုံးလက်နက်၊ လေယာဉ်ပစ်သေနတ်၊ အမြောက်စတဲ့ လက်နက်ကြီးတွေ အပါအဝင် လက်နက်မျိုးစုံ ဝ တပ်မှာ ရှိပါတယ်။ ဝ ဒေသမှာ တရုတ်စီးပွားရေးသမားတွေ ငွေရင်းမြုပ်နှံထား ကြပါတယ်။ ဒါကြောင့် ဗမာစစ်အစိုးရက အပြုတ်တိုက်ရေးကိုသာ အဓိကထားမယ်ဆိုရင် အိမ်နီးချင်းကောင်း ပီသရေးကို လစ်လျူရှုသလို ဖြစ်သွားနိုင်ပါတယ်။

XS
SM
MD
LG