တိဘက်ကုန်းမြေမြင့်မှာ မြစ်ဖျားခံတဲ့ နုကျန် (ခေါ်) နုမြစ်ဟာ ယူနန်ကိုဖြတ်ပြီး မြန်မာပြည်ထဲ စီးဆင်းလာတဲ့အခါမှာ သံလွင်မြစ်ဖြစ်လာပြီး ထိုင်းနိုင်ငံနဲ့ ထိတွေ့လာတဲ့အခါမှာ ဆွယ်လွဲင်း ဖြစ်သွားပါတယ်။ နုမြစ်မှာ ရေကာတာ (၁၃) ခု တည်ဆောက်ဖို့ ၂၀၀၃ မှာ တရုတ်အာဏာပိုင်က ခွင့်ပြုတဲ့အခါမှာ အကြီးအကျယ် အငြင်းပွားပြီး ဆွေးနွေးကြ၊ ကန့်ကွက်ကြပါတယ်။ နုမြစ်ဟာ မြေလွှာပြတ်ရွှေ့ကြောင်းအပေါ်မှာ စီးဆင်းနေတဲ့မြစ်ဖြစ်လို့ အလွန်အန္တရာယ် ကြီးမားကြောင်း ထင်ရှားတဲ့ ဘူမိသိပ္ပံပညာရှင် (၂) ဦးက တရုတ်ဝန်ကြီးချုပ်ဆီကို စာရေးပန်ကြားတဲ့အတွက် ၂၀၀၄ မှာ နုမြစ်ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းခဲ့ရပါတယ်။
၂၀၁၁ ကနေ ၂၀၁၅ အထိဖြစ်တဲ့ ၅ နှစ် စီမံကိန်းမှာ ရေအားလျှပ်စစ် တိုးချဲ့ရေးကို ဖော်ပြပေမယ့် နုမြစ်ရေကာတာ စီမံချက်မှာ ပတ်ဝန်းကျင် ထိခိုက်မယ့်ကိစ္စကို အလေးအနက် သုတေသန လုပ်ရမယ်လို့ ဆိုပါတယ်။ အသေအချာမလေ့လာရင် အတည်မပြုနိုင်ဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။ နုမြစ်ထဲကို စီးဆင်းတဲ့ မြစ်လက်တက်၊ ချောင်း၊ မြောင်းတွေမှာ ရေအားလျှပ်စစ် အသေးစား အများအပြား ဆောက်လုပ်ထားတာမို့ ဒေသသုံးအတွက်ဆိုရင် နုမြစ်မှာ ရေကာတာတွေ ဆောက်စရာ မလိုဘူးလို့ ယူဆကြပါတယ်။ ဒါကြောင့် နုမြစ်နဲ့ တဆက်ထဲ အောက်ဘက်မြန်မာပြည်ထဲက သံလွင်မြစ်မှာ ရေအားလျှပ်စစ်ထုတ်ဖို့ တရုတ်ကုမ္ပဏီတွေ စိတ်ဝင်စားလာတာ ဖြစ်ပုံရပါတယ်။
ကမ္ဘာပေါ်မှာ အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ မြစ် (၁၀) ခုအထဲမှာ သံလွင်မြစ် ပါဝင်ကြောင်း ကမ္ဘာ့ တောရိုင်း တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့က ၂၀၀၇ မှာ မှတ်တမ်းတင်ထားပါတယ်။ သံလွင်မြစ် ရေကာတာ တည်ဆောက်ဖို့ အရင်ဆုံး စိတ်ကူးသူဟာ ထိုင်းလျှပ်စစ် ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ ဖြစ်ပါတယ်။ ဓားဂွင်မှာ ရေကာတာဆောက်ဖို့ ဂျပန်ကုမ္ပဏီကို အရင်လေ့လာခိုင်းပြီး ၂၀၀၈ မှာ တရုတ်ကုမ္ပဏီ (၃) ခု ဓားဂွင် စီမံကိန်းမှာ ပါဝင်လာပါတယ်။ ဓားဂွင် အထက်က ဝဲကြီးရေကာတာကို ထိုင်းလျှပ်စစ်အာဏာပိုင်အဖွဲ့နဲ့ ဗမာအစိုးရတို့ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလမှာ သဘောတူခဲ့ကြပါတယ်။ ဓားဂွင်အောက်မှာ တည်ဆောက်မယ့် ဟတ်ကြီးရေကာတာ နားလည်မှုစာချွန်လွှာကို မြန်မာ၊ ထိုင်းနဲ့ တရုတ်တို့ ၂၀၁၀ ဧပြီလမှာ လက်မှတ်ထိုးပါတယ်။
ဝဲကြီး၊ ဓားဂွင် နဲ့ ဟတ်ကြီး ရေကာတာတွေက ထုတ်လုပ်ရရှိမယ့် လျှပ်စစ်ဓါတ်အားကို ထိုင်းနိုင်ငံကို ရောင်းချသွားဖို့ အဓိက ရည်ရွယ်ပါတယ်။ လွန်ခဲ့တဲ့နှစ် အစောပိုင်းက ဝဲကြီးရေကာတာအထက် ကရင်နီ (ခေါ်) ကယားပြည်နယ်မှာ ရွာသစ်ရေကာတာကို တည်ဆောက်ဖို့ မြန်မာနဲ့ တရုတ် ကုမ္မဏီတွေ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးကြပါတယ်။ မြစ်လက်တက်တွေဖြစ်ကြတဲ့ ပွန်ချောင်းနဲ့ သဘက်မြစ်ပေါ်မှာလည်း နောက်ထပ် ရေကာတာ (၂) ခု တည်ဆောက်ဖို့လည်း သဘောတူကြပါတယ်။ ဆက်ဆောက်မယ့်နေရာကို အင်ဂျင်နီယာတွေ တိုင်းတာစစ်ဆေးပေမယ့် ဒေသခံတွေကို လုံးဝအသိမပေးပါဘူး။ လွန်ခဲ့တဲ့ ဒီဇင်ဘာလမှာ ရွာသစ်ကိုသွားတဲ့ အင်ဂျင်နီယာအဖွဲ့နဲ့ အစောင့်စစ်သားတွေ လိုက်ပါသွားတဲ့ ယာဉ်တန်းကို KNPP ကရင်နီတပ်ဖွဲ့က တိုက်ခိုက်တဲ့အတွက် နိုင်ငံခြားသားတဦးအပါအဝင် (၃) ဦး သေဆုံးသွားခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ တည်ဆောက်မယ့် တာဆန်းရေကာတာဟာ အကြီးဆုံး ဖြစ်ပါတယ်။ ဒီ ရေကာတာတဝိုက်မှာ အစိုးရစစ်ဆင်ရေးလုပ်တာကြောင့် တာဆန်းကို လူသိများလာပါတယ်။
လောပီတ ရေအားလျှပ်စစ်ဆောက်တဲ့ ဂျပန်ကုမ္မဏီကပဲ တာဆန်းရေကာတာကို ၁၉၈၁ ခုနှစ်မှာ စတင်လေ့လာပါတယ်။ နောက်တော့ ၂၀၀၂ ဒီဇင်ဘာမှာ ထိုင်းနိုင်ငံက MDX ကုမ္မဏီနဲ့ ဗမာစစ် အစိုးရတို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးကြပြီး ဆက်လုပ်ဖို့ ပြင်ဆင်ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တရုတ်ကုမ္ပဏီတွေ ပါဝင်လာပြီး တာဆန်းရေကာတာ တည်ဆောက်ဖို့ ၂၀၀၈ ခုနှစ်မှာ တာဝန်ယူလိုက်ပါတယ်။ ဆည်အုတ်မြစ်ချပွဲကျင်းပပြီပေမယ့် တည်ဆောက်ရေးလုပ်ငန်း အနည်း အကျဉ်းသာ လုပ်ရသေးကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ထိုင်းလျှပ်စစ် ထုတ်လုပ်ရေးအဖွဲ့ တရုတ်ကုမ္မဏီနဲ့ ဗမာအစိုးရတို့ တာဆန်းရေကာတာ တည်ဆောက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးကြပါတယ်။ ဒေါ်လာသန်းပေါင်း ၁ သောင်းအထိ ရင်းနှီးဖို့ သဘောတူကြောင်း သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကွန်းလုံတံတားအထက်မှာ တည်ဆောက်မယ့် အထက်သံလွင်ရေကာတာကို တရုတ်ကုမ္မဏီတွေက တည်ဆောက်ဖို့ ၂၀၀၇ ခုနှစ်မှာ ဗမာအစိုးရက သဘောတူထားပါတယ်။ တရုတ်ကုမ္မဏီချည်း ပါဝင်တဲ့ရေကာတာ ဖြစ်ပါတယ်။ နုကျန်မြစ်မှာ ရေကာတာ တည်ဆောက်ရေး ရပ်ဆိုင်းထားတဲ့ ၂၀၀၄ နောက်ပိုင်းမှာ သံလွင်ရေကာတာ (၆) ခုစလုံးမှာ တရုတ်ကုမ္မဏီတွေ ပါဝင်လာတာ တွေ့ရပါတယ်။ နုကျန်မြစ်မှာတော့ ပတ်ဝန်းကျင်ထိခိုက်မှုကို သုတေသနပြုဖို့ လိုအပ်ပြီး မြန်မာပြည် သံလွင်မြစ်မှာတော့ မလိုအပ်တာကြောင့် တရုတ်ကုမ္ပဏီတွေ ခြေသွက်နေတာ ဖြစ်ပုံရပါတယ်။
ရေကာတာ တည်ဆောက်မယ့်ဒေသက ပြည်သူလူထုဟာ စီမံကိန်းအကောင်အထည်ဖော်ရေးမှာ ပါဝင်ဆွေးနွေးဖို့ မဖြစ်မနေလိုအပ်ကြောင်း ကမ္ဘာ့ဆည်ကော်မရှင်က ညွှန်ကြားချက် ထုတ်ထားပါတယ်။ ဒေသခံတွေ လက်မခံတဲ့ ရေကာတာကို တည်ဆောက်ခွင့် မရှိဘူးလို့လည်း ဆိုပါတယ်။ သံလွင်ရေကာတာ စီမံကိန်းမှာ ဌာနေတိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကို လုံးဝလျစ်လျူရှုထားတာ တွေ့ရပါတယ်။ သံလွင်အရေး ဆန္ဒပြပွဲတွေကို ထိုင်းနဲ့ နိုင်ငံခြားမြို့ကြီးတွေမှာ အလျဉ်းသင့်သလို ကျင်းပနေကြပေမယ့် ပြည်တွင်းမှာ အားနည်းနေပါတယ်။ သံလွင်မြစ်ဝှမ်းဟာ တိုင်းရင်းသားတွေအများဆုံး နေထိုင်ရာဒေသ ဖြစ်ပါတယ်။