မြန်မာနိုင်ငံတဝက်ကျော်ဟာ ဧရာဝတီမြစ်ဝှမ်းဒေသ ဖြစ်ပါတယ်။ ဒါပေမဲ့ ဧရာဝတီမြစ်ဖျားမှာ ရေကာတာတွေ တည်ဆောက်လို့ လူ့အဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင်အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှု ရှိမယ်ဆိုတာကို မလေ့လာဘဲ အမိန့်ပေးစနစ်နဲ့ ရေကာတာတည်ဆောက်နေတာ (၉) နှစ် ရှိပါပြီ။ ဧရာဝတီ ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၂ ခုနှစ်ကတည်းက ရေးဆွဲထားပေမယ့် ပြည်သူလူထုကို လုံးဝ အသိမပေးဘဲ ထားပါတယ်။ ၂၀၀၃ ခုနှစ်မှာ မြစ်ဆုံရေကာတာ တည်ဆောက်မယ့်နေရာကို တိုင်းတာရေးအဖွဲ့ (၂) ကြိမ်သွားတော့မှ တန်ဖရဲရွာသားတွေ သိရှိပြီး မြောက်ပိုင်းတိုင်းမှူးကို ၂၀၀၄ ခုနှစ်မှာ ကန့်ကွက်စာ ပို့ပါတယ်။
၂၀၀၅ အောက်တိုဘာလမှာ တရုတ်ကုမ္မဏီတွေ လာရောက်တိုင်းတာပြီး နိုဝင်ဘာလမှာ အင်မိုင်ခမြစ်ဝှမ်း ဖွံ့ဖြိုးရေး နားလည်းမှုစာချွန်လွှာကို ဗမာနဲ့ တရုတ် ကုမင်မှာ လက်မှတ်ထိုးပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဆည်တည်ဆောက်ရေးမှာ ပါဝင်တဲ့ ဗမာနဲ့ တရုတ် ကုမ္မဏီတွေ မြစ်ဆုံအနီးမှာ စခန်းဖွင့်ပြီး လုပ်ငန်းစကြပါတယ်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလမှာ မေခ နဲ့ မေလိခ ရေ အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံချက်ကို မြန်မာနဲ့ တရုတ်အစိုးရ အရာထမ်းတွေ လက်မှတ်ရေးထိုးကြပါတယ်။
ဧရာဝတီမြစ်ညာမှာ ရေအားလျှပ်စစ် (၇) ခု တည်ဆောက်မယ့်အကြောင်း မြန်မာ့အလင်းသတင်းစာမှာ ၂၀၀၇ မေလက အတိအလင်း ဖော်ပြပါတယ်။ မိမိဘဝနဲ့ ယဉ်ကျေးမှုဓလေ့ကို အန္တရာယ်ပြုလာတဲ့အတွက် ဒေသခံ ပြည်သူလူထုဟာ မြစ်ဆုံဆည် စီမံကိန်းကို အတိအလင်း ကန့်ကွက်ကြပါတယ်။ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းဖို့ ကချင်ခေါင်းဆောင် (၁၂) ဦးဟာ ၂၀၀၇ ခုနှစ် မေလ ၂၁ ရက်နေ့ က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆီကို စာရေးပြီး မေတ္တာရပ်ခံခဲ့ပါတယ်။ မြစ်ဆုံရေကာတာ ဆန့်ကျင်ရေး ပိုစတာတိုက်ပွဲတွေ မြစ်ကြီးနားမှာ ဆင်နွှဲကြပါတယ်။ ရေကာတာ တည်ဆောက်တဲ့အတွက် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် က ၂၀၀၇ ခုနှစ်မှာ အစီရင်ခံစာရေးပြီး အင်္ဂလိပ်-မြန်မာ-တရုတ် (၃) ဘာသာနဲ့ ထုတ်ဝေလိုက်ပါတယ်။ ဒါပေမဲ့ ရေကာတာ တည်ဆောက်မှု ရပ်ဆိုင်းမသွားတာ တွေ့ရပါတယ်။
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအကောင်အထည်ဖော်ရာမှာ စီးပွားရေးအကျိုးအမြတ် တခုတည်းကိုသာ မကြည့်ဘဲ လူ့အဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်တယ်ဆိုတာကို အရင်ဆုံး လေ့လာဆန်းစစ်ဖို့ Burma Rivers Network (BRN) ခေါ် မြန်မာမြစ်ချောင်းများကွန်ယက် က ၂၀၀၇ နိုဝင်ဘာလမှာ တရုတ်သမ္မတ ဟူဂျင်တောင် ဆီကို စာရေးပြီး ပန်ကြားခဲ့ပါတယ်။ ရေကာတာ တည်ဆောက်ရေးလုပ်ငန်းစတင်ပြီး (၆) နှစ်ကြာတော့မှ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ကနေ မေလ အထိ မြန်မာနဲ့ တရုတ်ပညာရှင်တွေက (၅) လ ပူးတွဲလေ့လာရေး လုပ်ကြတာဖြစ်ပါတယ်။ မြစ်ဆုံမှာ ရေကာတာ မတည်ဆောက်သင့်ဘူးလို့ မြန်မာ-တရုတ် ပူးတွဲပညာရှင်အဖွဲ့က ဆိုပါတယ်။ ရေကာတာရဲ့ အကျိုးသက်ရောက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ထပ်မံလေ့လာသင့်တယ်လို့လည်း အကြံပြုထားပါတယ်။ ဒါပေမဲ့ မြန်မာ-တရုတ် ပညာရှင်အဖွဲ့ရဲ့ ၂၀၀၉ အစီရင်ခံစာကို ဗမာနဲ့ တရုတ်အစိုးရက ဂရုစိုက်ပုံ မရပါဘူး။
ရေကာတာ ဆောက်လုပ်မှုကို မနားမနေလုပ်လာတဲ့အတွက် မြစ်ဆုံအနီးက တန်ဖရဲ ရွာသားတွေဟာ ၂၀၀၉ အောက်တိုဘာလ (၉) ရက်နေ့မှာ မြောက်ပိုင်းတိုင်းမှူးကို စာရေးပြီး ကန့်ကွက်ကြပြန်ပါတယ်။ တနှစ်ထဲမှာ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် က အစီရင်ခံစာတစောင် ထပ်မံထုတ်ဝေပြီး ဧရာဝတီ ရေကာတာစီမံကိန်းကို ဝိုင်းဝန်ဆန့်ကျင်ကြဖို့ နှိုးဆောင်လိုက်ပါတယ်။ ၂၀၁၀ မှာ ဧရာဝတီရေကာတာ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အပြည်ပြည်ဆိုင်ရာ မြို့ကြီးပြကြီးတွေမှာ ကျင်းပကြပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဧရာဝတီမြစ်ညာမှာ ရေကာတာတွေ တည်ဆောက်လို့ မြန်မာပြည်သူပြည်သားတွေကို မထိခိုက်နိုင်ကြောင်း ရေးထားတဲ့ ဝါဒဖြန့်ဆောင်းပါး နှစ်စောင် ကို အစိုးရသတင်းစာတွေမှာ လွန်ခဲ့တဲ့ သြဂုတ်လ (၉) ရက်နဲ့ (၁၀) ရက်နေ့က ဖော်ပြထားပါတယ်။ ဧရာဝတီ ရေအားလျှပ်စစ်ဟာ ယူနန်အတွက် အဓိကရည်ရွယ်တဲ့ စီမံချက်ဖြစ်နေတာကိုတော့ ဝေ့လည်ကြောင်ပတ် ရေးထားတာ တွေ့ရပါတယ်။
မြစ်ဆုံမှာ ရေကာတာ တည်ဆောက်မှုကြောင့် ပြည်တွင်းစစ်ပြန်ဖြစ်နိုင်ကြောင်း ကေအိုင်အို - ကချင်လွတ်မြောက်ရေးအဖွဲ့က လွန်ခဲ့တဲ့ မတ်လက တရုတ်အစိုးရကို အကြောင်းကြားပါတယ်။ သြဂုတ်လ (၁၁) ရက်နေ့မှာတော့ ရေကာတာကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုနဲ့ အခြားဆိုးကျိုးများကို စိုးရိမ်မိကြောင်း ဧရာဝတီအတွက် ပန်ကြားချက် ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ထုတ်ပြန်လိုက်ပါတယ်။ ပြည်တွင်းက (၈၈) မျိုးဆက်သစ်ကျောင်းသား နဲ့ လူငယ်ကွန်ယက်ကလည်း ဧရာဝတီမြစ်အရေးဟာ အမျိုးသားရေးဖြစ်တဲ့အတွက် တိုင်းသူပြည်သားအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ စတင်နှိုးဆော်နေတယ်လို့ နိုင်ငံခြားအခြေစိုက် မြန်မာသတင်းမီဒီယာအချို့မှာ မကြာမီက ဖော်ပြကြပါတယ်။
ဧရာဝတီမြစ်ဝှမ်းမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနဲ့ ရေကြောင်းပြောင်းလဲမှုကို ပူးတွဲလေ့လာဖို့ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းနဲ့ တရုတ်နိုင်ငံ ပထဝီနဲ့ သဘာဝအရင်းအမြစ် သုတေသနဌာနတို့က စီစဉ်နေကြောင်း သြဂုတ်လ နောက်ဆုံးအပတ်ထုတ် The Voice စာစောင်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ လေ့လာသုံးသပ်ချက်တွေကို ဗမာနဲ့ တရုတ်အစိုးရတို့က ဂရုမစိုက်တာ တွေ့ရပါတယ်။