အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်းမူကြမ်းနဲ့ အာဆီယံအစိုးရဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ရဲ့ (၆) ကြိမ်မြောက် အစည်းအဝေးကို ဇွန်လ (၃) ရက်က (၆) ရက်နေ့အထိ ရန်ကုန်မှာ ကျင်းပပါတယ်။ (၇) ကြိမ်မြောက် အစည်းအဝေး ကွာလာလမ်ပူမှာ ဇွန်လ (၂၂) နဲ့ (၂၃) မှာ ကျင်းပပြီး နောက်ဆုံးမူကြမ်းကို ဇူလိုင်လ ဒုတိယပတ် ဖနွမ်ပင်မြို့တော်မှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တင်ပြမယ်လို့ သိရပါတယ်။ လူ့အခွင့်အရေးကို အာဆီယံအသင်း ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုတယ်ဆိုတာကို ဒီကြေညာစာတမ်းထွက်လာတော့မှ သိရပါလိမ့်မယ်။
အာဆီယံလူ့အခွင့်အရေးကော်မရှင် ရန်ကုန်မှာ အစည်းအဝေးကျင်းပနေတုန်း လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်အဖွဲ့ Network for Human Rights Documentation က မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား (၄၀၀) ရာကျော်ရှိပြီး လူ့အခွင့်အရေးချိုးဖျက်မှုတွေ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဘန်ကောက်မြို့တော်မှာ သတင်းစာရှင်းလင်းပွဲ လုပ်သွားပါတယ်။ မြန်မာပြည်မှာ ပြုပြင်ရေးလုပ်နေပေမယ့် လူ့အခွင့်အရေးကာကွယ်ဖို့နဲ့ မြှင့်တင်ဖို့လိုအပ်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကင်တားနားရဲ့ မတ်လ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒီပုံစံအတိုင်းပဲ သုံးသပ်ကြပါတယ်။
အာဆီယံလူ့အခွင့်အရေးကော်မရှင်ရဲ့ ရည်ရွယ်ချက်ဟာ အာဆီယံပြည်သူလူထုရဲ့ လူ့အခွင့်အရေးမြှင့်တင်ဖို့နဲ့ ကာကွယ်ဖို့ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ကျင့်သုံးရမယ့် မူဝါဒတွေထဲမှာ အာဆီယံအသင်းဝင် အစိုးရရဲ့ အချုပ်အချာအာဏာနဲ့ လုပ်ပိုင်ခွင့်ကို ရိုသေလေးစားရေး၊ အသင်းဝင်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ မစွက်ဖက်ရေး စတာတွေ ပါဝင်ပါတယ်။ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ကာကွယ်ရေးကိစ္စဟာ သက်ဆိုင်ရာအစိုးရရဲ့ တာဝန်ဖြစ်လို့ အာဆီယံလူ့အခွင့်အရေးကော်မရှင်ဟာ ထိပ်တိုက်တွေ့တဲ့နည်းကို မသုံးဘဲ အပြုသဘောနဲ့ ချည်းကပ်တဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နည်းကိုသာ သုံးမယ်လို့ ဆိုပါတယ်။ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ စံသတ်မှတ်ချက်ကို တဖြည်းဖြည်းချင်း မြှင့်တင်ဖို့ ရည်ရွယ်ကြောင်းကိုလည်း ဖော်ပြပါတယ်။ လောလောဆယ်တော့ အစည်းအဝေး ထိုင်တဲ့အဆင့်ပဲ ရှိပါသေးတယ်။
အာဆီယံအသင်းရဲ့ အလှည့်ကျ ဥက္ကဋ္ဌကသာ အာဆီယံလူ့အခွင့်အရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌ လုပ်ပိုင်ခွင့်ရှိပါတယ်။ ပြဿနာပေါ်ရင် ကိုယ်စားလှယ်အားလုံး သဘောတူမှ ဆုံးဖြတ်ချက် ချနိုင်ပါတယ်။ သဘောတူချက်မရနိုင်တဲ့ကိစ္စကို ပုံမှန်ကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဟာ အာဏာပိုင်အဖွဲ့ ဖြစ်နေပါတယ်။ အာဆီယံလူ့အခွင့်အရေးကော်မရှင်ရဲ့ အခြေခံစည်းမျဉ်းကို ပြင်ဆင်ချင်ရင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုတင်ပြပြီး အတည်ပြုချက်ယူရမယ်လို့ ဆိုပါတယ်။ အခြေခံစည်းမျဉ်းနဲ့ ပတ်သက်ပြီး အငြင်းပွားလာရင်လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကပဲ အဆုံးအဖြတ်ပေးရမယ်လို့ ဖော်ပြထားပါတယ်။
အာဆီယံအသင်းရဲ့ ဓလေ့ထုံးစံအတိုင်း အာဆီယံလူ့အခွင့်အရေးကော်မရှင်မှာလည်း အသင်းဝင်အားလုံး သဘောတူတဲ့ကိစ္စကိုသာ ဆွေးနွေးနိုင်ပါလိမ့်မယ်။ ဥပမာ ဗမာအစိုးရက သဘောမတူရင် မြန်မာပြည်က လူ့အခွင့်အရေးချိုးဖျက်မှုကို အာဆီယံလူ့အခွင့်အရေးကော်မရှင်မှာ မဆွေးနွေးနိုင်ပါဘူး။ ဒါကြောင့်မို့ ပြည်တွင်းက လူ့အခွင့်အရေးချိုးဖျက်မှုကို အပြင်က မစုံစမ်းနိုင်အောင် အာဆီယံအစိုးရတွေက လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းထားတာလို့ မြင်သူတွေလည်းရှိပါတယ်။ လူ့အခွင့်အရေးကို တကယ်တမ်း ရိုသေလေးစားတယ်ဆိုရင် လူ့အခွင့်အရေးချိုးဖျက်သူကို အရေးယူနိုင်ရပါလိမ့်မယ်။ ဒီလို အရေးယူနိုင်စွမ်းမရှိတဲ့ အဖွဲ့အစည်းဟာ ဟန်ပြသာဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ ပြည်တွင်းအရေးမှာ မစွက်ဖက်ရဘူးလို့ ပိတ်ပင်ထားတာမို့ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ကာကွယ်ရေးကိစ္စကို အာဆီယံ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့ အလွန်ခက်ခဲနေပါတယ်။
ပြည်တွင်းအခြေအနေကိုလိုက်ပြီး အာဆီယံအစိုးရတွေဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအကြောင်း ပြောကြတာများပါတယ်။ ဥပမာ အင်ဒိုနီးရှားဆိုရင် အာဏာရှင် ဆူဟာတို ပြုတ်ကျသွားပြီးနောက်ပိုင်းကြမှ လူ့အခွင့်အရေးအကြောင်း ပြောလာတာတွေ့ရပါတယ်။ ပြည်တွင်း အခြေအနေမကောင်းတဲ့ လာအို၊ ကမ္ဘောဒီယား၊ ဗိယက်နမ်နဲ့ မြန်မာအစိုးရတွေကတော့ လူ့အခွင့်အရေးအကြောင်း သိပ်မပြောကြပါဘူး။ အခုမှ ဦးသိန်းစိန်အစိုးရက အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့ပြီး လူ့အခွင့်အရေးစကား ပြောလာတာဖြစ်ပါတယ်။ ဗမာအစိုးရလက်အောက်ခံ အဖွဲ့အစည်းတွေ လူ့အခွင့်အရေး ချိုးဖျက်နေတာကို ပြည်တွင်းကော်မရှင်ရော အာဆီယံကော်မရှင်ရော ဆွေးနွေးနိုင်တဲ့အဆင့်မှာ မရှိသေးပါဘူး။
တကယ်တော့ အာဆီယံအစိုးရဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ဟာ တနှစ် (၂) ကြိမ် အစည်းအဝေးထိုင်တဲ့ အတိုင်ပင်ခံအဖွဲ့သာ ဖြစ်တယ်လို့ Terms of Reference လုပ်ပိုင်ခွင့်အပိုဒ် (၃) မှာ ဖော်ပြတာကြောင့် ရည်ရွယ်ချက်တွေဖြစ်တဲ့ လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ကာကွယ်ရေးကို အကောင်အထည်မဖော်နိုင်အောင် မိမိကိုယ်မိမိ ကန့်သတ်ချုပ်ချယ်ထားတဲ့ ကော်မရှင်သာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။