သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရထားလမ်းနဲ့ နယ်ချဲ့တဲ့နည်း


ရထားလမ်းနဲ့ နယ်ချဲ့တဲ့နည်း
ရထားလမ်းနဲ့ နယ်ချဲ့တဲ့နည်း

ဦးသိန်းစိန်ရဲ့ တရုတ်ပြည်ခရီးအတွင်း မြန်မာနဲ့ တရုတ်အစိုးရတို့ ရယူခဲ့တဲ့ သဘောတူချက်တွေထဲမှာ ရထားလမ်းတွေ တိုးချဲ့ဖို့လည်း ပါဝင်ပါတယ်။ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းစတဲ့ ကျောက်ဖြူကနေ တရုတ်နယ်စပ် ကျယ်ခေါင်အထိ ရထားလမ်းဖောက်ဖို့ သဘောတူပြီး မေလကုန်က ရွှေလီမှာ ရထားလမ်းအုတ်မြစ်ချပွဲ ကျင်းပကြောင်း တရုတ်သတင်းမှာ ဖော်ပြပါတယ်။ ရထားလမ်းဟာ တံတားနဲ့ ဥမင်လိုဏ်ခေါင်းတွေကို ဖြတ်သွားရမှာမို့ အလွန်ခက်ခဲမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ permafrost (ခေါ်) အမြဲတမ်း ရေခဲနေတဲ့ မြေအောက်လွှာပေါ်မှာ ရထားလမ်းဆောက်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆနေတဲ့ကြားက တရုတ်အင်ဂျင်နီယာတွေဟာ ကမ္ဘာ့အမြင့်ဆုံး တရုတ်-တိဗက်ရထားလမ်းကို (၅) နှစ်နဲ့ အပြီးတည်ဆောက်နိုင်ခဲ့ပါတယ်။

အခုလည်း ကျောက်ဖြူ၊ အမ်း၊ မင်းဘူး၊ မကွေး၊ မန္တလေး၊ လာရှိုး၊ မူဆယ် နဲ့ ဂျယ်ခေါင် ကိုဆက်သွယ်မယ့် ရထားလမ်းကို (၃) နှစ်နဲ့အပြီး တည်ဆောက်မယ်လို့ ဆိုပါတယ်။ ရထားလမ်းဆောက်တဲ့အတွက် အကျိုးအမြတ် ခံစားရသူရှိသလို ဆုံးရှုံးနစ်နာသူတွေလည်း ရှိပါတယ်။ သွားလာရခက်ခဲတဲ့ ဒေသကို ရထားလမ်းဖောက်လုပ်တာဟာ ဗဟိုအစိုးရ အာဏာစက်ချဲ့ထွင်တာဖြစ်လို့ ဒေသခံလူမျိုးစုရဲ့ ယဉ်ကျေးမှုဓလေ့ ကွယ်ပျောက်သွားတဲ့ သာဓက ရှိပါတယ်။ အမေရိကန်နိုင်ငံတည်ထောင်စဉ်က ရထားလမ်းတည်ဆောက်တာကို ဒေသခံလူမျိုးတွေ အပြင်းအထန် ဆန့်ကျင်ခဲ့ကြပါတယ်။

မက္ကဆီကိုမှာလည်း ရထားလမ်းကြောင့် လယ်ယာမြေဆုံးရှုံးမှု များလာတဲ့အတွက် တော်လှန်ရေး ဖြစ်ပွားခဲ့ပါတယ်။ ၁၉ ရာစု ဥရောပ အရင်းရှင်တွေ စီးပွားရေးနယ်ပယ်ချဲ့ထွင်ရာမှာ ရထားလမ်းဟာ အဓိကအခန်းက ပါဝင်ပါတယ်။ အိန္ဒိယပြည်ကို နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအရ ကိုလိုနီအစိုးရ ရေရှည်ချုပ်ကိုင်နိုင်တာဟာ ရထားလမ်းတွေ တပြည်လုံးမှာ ဖောက်လုပ်နိုင်တာကြောင့် ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ မီးရထားလုပ်ငန်းမှာ ငွေရင်းမြုပ်နှံပြီး သဘာဝသယံဇာတ အရင်းအမြစ်ကို ထုတ်ယူတာဟာ ဥရောပအင်ပါရာရဲ့ အသွင်လက္ခဏာတခု ဖြစ်ပါတယ်။ ရထားလမ်းတွေ ဆောက်လုပ်ပြီးစီးသွားတဲ့အခါ ရထားလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံသူတွေသာ အကျိုး ခံစားရပါတယ်။ ဒါပေမဲ့ ဒေသခံတွေ ဖွံ့ဖြိုးတိုးတက်လာအောင် ရထားလမ်း တည်ဆောက်ပေးတာလို့ ကိုလိုနီအစိုးရက ဝါဒဖြန့်လေ့ရှိပါတယ်။

စစ်သား၊ စစ်ပစ္စည်း နဲ့ ရိက္ခာအများအပြား ရထားနဲ့ သယ်ယူပို့ဆောင်နိုင်တဲ့အတွက် အုပ်ချုပ်ရေးအာဏာကို အခိုင်အမာ တည်ဆောက် နိုင်ပါတယ်။ စက်ခေါင်း၊ ရထားတွဲ၊ သံလမ်း စတာေတွေအတွက် ငွေရင်း အများအပြား လိုအပ်ပါတယ်။ ဒီ လိုအပ်တဲ့ ငွေရင်းကို ဥရောပ အရင်းရှင်တွေက စိုက်ထုတ်တာကြောင့် အရင်းရှင်နဲ့ ကိုလိုနီးအာဏာပိုင်တို့ အပြန်အလှန် ကူညီရိုင်းပင်းတဲ့အဖြစ်ကို ရောက်သွားပါတယ်။ မြန်မာပြည်မှာလည်း ရထားလမ်းတွေ တိုးချဲ့ဆောက်လုပ်မှုကြောင့် ဗမာအစိုးရရဲ့ နိုင်ငံရေးအာဏာစက် ကျယ်ပြန့်လာနိုင်သလို တရုတ်လုပ်ငန်းရှင်တွေရဲ့ စီးပွားရေးအရှိန်အဝါလည်း ကြီးမားလာနိုင်ပါတယ်။ စီးပွားရေးအင်ပါယာ တည်ဆောက်ရာမှာ ဒေသခံအင်အားစု တွေရဲ့ အကူအညီလိုပါတယ်။ အုပ်ချုပ်ရေးအာဏာပိုင်နဲ့ လုပ်ငန်းရှင်အရင်းရှင်တွေ အပေးအယူလုပ်ပြီး ဗြိတိသျှအင်ပါယာကို တည်ထောင်ရာမှာ မီးရထားလုပ်ငန်းဟာ အရေးကြီးတဲ့အခန်းက ပါဝင်တယ်လို့ သုံးသပ်ကြပါတယ်။

တရုတ်ပြည် မန်းချူးရီးယား (Manchuria) ဒေသမှာ ဂျပန်နယ်ချဲ့နိုင်အောင် ရထားလမ်းက ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။ Moscow ကနေ Vladivostok အထိ ရထားလမ်းဆောက်ပြီး ရုရှားအင်ပါယာ ထိန်းသိမ်းထားပုံကို ဂျပန်ကအားကျပြီး မန်းချူးရီယား တောင်ပိုင်းကမ်းရိုးတန်း ဒေသမှာ ရထားလမ်းတည်ဆောက်ပါတယ်။ ရထားလမ်းပြီးတာနဲ့ ဂျပန်လုပ်ငန်းရှင်တွေ မန်းချူးရီးယားကို ဝင်ရောက်လာပါတယ်။ စီးပွားရေး သွေးကြောဖြစ်တဲ့ ရထားလမ်းကို အားနည်းတဲ့ တရုတ်အစိုးရက မကာကွယ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဂျပန်စစ်တပ်တွေ မန်းချူးရီးယားကို ကျူးကျော်ဝင်ရောက် လာပါတယ်။ နောက်တော့ အပြီးအပိုင် ဂျပန်ကိုလိုနီအဖြစ် သိမ်းပိုက်လိုက်တာ ဒုတိယကမ္ဘာစစ် ပြီးဆုံးတဲ့အထိ ဖြစ်ပါတယ်။

ရထားလမ်းဖောက်လို့ အရင်ဆုံး ဒုက္ခရောက်ရသူတွေဟာ ဒေသခံပြည်သူလူထု ဖြစ်ပါတယ်။ ရထားလမ်းအတွက် နေရာဖယ်ပေးရတာကြောင့် ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်လာတဲ့ လယ်မြေစိုက်ခင်းနဲ့ အိမ်ယာတွေ ဆုံးရှုံးကြရပါတယ်။ အမေရိကန်ပြည်ထောင်စု တည်ဆောက်စဉ်က ရထားလမ်းနဲ့အတူ ဥရောပတိုက်သား အများအပြား ဝင်ရောက်လာတာကို ဒေသခံ တိုင်းရင်းသားတွေက ခုခံတိုက်ခိုက်ရင်း နောက်ဆုံးမှာ ဒေသခံတိုင်းရင်းသား ယဉ်ကျေးမှုဓလေ့ပါ ကွယ်ပျောက်သွားပါတော့တယ်။

စီးပွားရေးနယ်ချဲ့တွေဘက်က ကြည့်ရင်တော့ ရထားလမ်းတွေကြောင့် သယ်ယူပို့ဆောင်ရေး အင်အား ကောင်းလာတဲ့အတွက် ကူးသန်း ရောင်းဝယ်မှု တိုးတက်ထွန်းကားလာတယ်လို့ ပြောနိုင်ပါတယ်။ တရုတ်ကုန်ပစ္စည်းကို ကျောက်ဖြူဆိပ်ကမ်းက နိုင်ငံခြားတင်ပို့ပြီး နိုင်ငံခြား ပစ္စည်းကို တင်သွင်းနိုင်မှာမို့ ဆရုတ်အတွက်အများကြီး အကျိုးရှိမယ့် ရထားလမ်းဖြစ်ပါတယ်။ ဘင်္ဂလာဒေ့ရှ်ကလည်း Cox’s Bazaar ဆိပ်ကမ်းက မြန်မာပြည်နယ်စပ်အထိ ရထားလမ်းဖောက်ပြီး တရုတ်၊ မြန်မာ ရထားလမ်းကြောင်းကို အသုံးပြုဖို့ စီစဉ်နေပါတယ်။ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နံှမှုနဲ့ ဈေးကွက်ကို ဖွင့်ပေးရာမှာ ရထားလမ်းဟာ အရေးပါအရာရောက်သလို အင်အားကြီးတဲ့ အရင်းရှင်ကို စီးပွားရေးနယ်ချဲ့ခွင့် ပေးလိုက်သလိုလည်း ဖြစ်နေပါတယ်။

XS
SM
MD
LG