လွန်ခဲ့တဲ့ မေလလယ်က တောင်ကိုရီးယားသမ္မတ အီမြောက်ဘတ် (Lee Myung-bak) မြန်မာပြည်ကိုလာပြီး ဦးသိန်းစိန်ကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ တွေ့ဆုံသွားတာဟာ နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရုံတင်မကဘဲ မြန်မာ-အမေရိကန် ဆက်ဆံရေးကိုပါ မြှင့်တင်ရာရောက်ပါတယ်။ အကြောင်းကတော့ မြောက်ကိုရီးယားနဲ့ စစ်ရေးအဆက်အသွယ်ဖြတ်ဖို့ ဗမာအစိုးရကို အမေရိကန်က တိုက်တွန်းထားလို့ပါ။ မြောက်ကိုရီးယားဆီက စစ်ပစ္စည်းမဝယ်တော့ဘဲ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို လိုက်နာမယ့်အကြောင်း မစ္စတာ အိမြောင်ဘတ်ကို ဦးသိန်းစိန် ကတိပေးထားဟာ ပြောင်းလဲလာတဲ့ ကိုရီးယားရေးရာလမ်းစဉ်ကို ပြသရာရောက်ပါတယ်။
မြောက်ကိုရီးယားနဲ့ စစ်လက်နက်ပစ္စည်း အရောင်းအဝယ်မလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၀၆ မှာ ပိတ်ပင်တားမြစ်တဲ့ကြားက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရဟာ တိတ်တဆိတ် ဆက်သွယ်တဲ့အတွက် ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်တဲ့စစ်မစ်ရှင် မြောက်ကိုရီးယားကို သွားပါတယ်။ လျှို့ဝှက်စစ်မစ်ရှင်မှာ ဗိုလ်ချုပ်ခင်အောင်မြင့်လည်း ပါဝင်ပါတယ်။ လေကြောင်းကာကွယ်ရေးနဲ့ ဒုံးလက်နက်ကို ဗမာက စိတ်ဝင်စားကြောင်း သိရပါတယ်။ လျှို့ဝှက်ဗမာစစ်မစ်ရှင်နဲ့ မြောက်ကိုရီးယား ဗိုလ်ချုပ်တွေ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း အပြင်ကိုပေါက်ကြားတဲ့ အစီရင်ခံစာအရ သိရပါတယ်။ အခုတော့ ဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့ ဗိုလ်ချုပ်ခင်အောင်မြင့်ဟာ လွှတ်တော်ဥက္ကဋ္ဌတွေ ဖြစ်နေကြပါပြီ။
မြန်မာ-မြောက်ကိုရီးယား စစ်ရေးပူးပေါင်းဆောင်ရွက်မှု အတိမ်အနက် ဘယ်လောက်ရှိတယ်ဆိုတာ ကာယကံရှင်တွေသာ သိနိုင်ပါတယ်။ ဒုံးကျည်ကိုရှိသင့်တဲ့ လက်နက်လို့ စစ်တပ်ကယူဆပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်ဦးစီးချုပ် ဖြစ်လာချိန်ကစပြီး ဒုံးလက်နက်အသုံးပြုရေး စီမံကိန်း စတင်အကောင်အထည်ဖော်ကြောင်း သိရပါတယ်။ တာလတ်ပစ်ဒုံး၊ တာဝေးပစ်ဒုံး၊ မြေပြင်ပစ်ဒုံး။ မြေပြင်မှ ဝေဟင်ပစ်ဒုံး စတဲ့ ဒုံးလက်နက်မျိုးစုံ ထုတ်လုပ်တဲ့ စီမံကိန်း ဖြစ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းနဲ့ အတတ်ပညာကို တရုတ်၊ ရုရှား နဲ့ မြောက်ကိုရီးယား က တင်သွင်းပါတယ်။ ဗိုလ်ချုပ်ကြီးသူရရွှေမန်း နဲ့ အရာရှိ (၁၆) ဦးပါဝင်တဲ့ စစ်မစ်ရှင်ဟာ မြောက်ကိုရီးယား ဥမင်လှိုဏ်ခေါင်းစနစ်နဲ့ Igla ဒုံးကျည်း၊ Scud ဒုံးကျည်းကို စိတ်ဝင်စားကြောင်း သိရပါတယ်။ ရန်သူက ပစ်မှတ်အဖြစ် သတ်မှတ်နိုင်တဲ့ အရေးကြီးတဲ့ စစ်ဌာနအားလုံး ဥမင်လှိုဏ်ခေါင်းထဲမှာ ထားနိုင်ဖို့အတွက် ဗိုလ်ချုပ်ကြီးသူရရွှေမန်းတို့အဖွဲ့က တင်ပြခဲ့ကြောင်းသိရပါတယ်။
ခေတ်မီလက်နက်ကိုင်တပ်မတော် တည်ဆောက်ရေးဟာ အစိုးရရဲ့ ကြွေးကြော်သံတခု ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ကလည်း ကမ္ဘာ့အဆင့်မီ တပ်မတော်ရှိဖို့ လိုအပ်ကြောင်း ပထမဆုံးမိန့်ခွန်းမှာ ပြောသွားပါတယ်။ ခေတ်မီလက်နက်ဆိုတာ နောက်ဆုံးပေါ်လက်နက်ကြီးတွေကို ဆိုလိုတာဖြစ်ပါတယ်။ လိုချင်သလို ပစ်ခတ်လို့ရတဲ့ ဒုံးလက်နက်စနစ် မြန်မာပြည်မှာ ထုတ်လုပ်ဖို့အတွက် အကူအညီပေးဖို့ ဒု-ဗိုလ်ချုပ်ကြီးမောင်အေးတို့အဖွဲ့က ၂၀၀၆ ရုရှားခရီးစဉ်မှာ တင်ပြခဲ့ပါတယ်။ ဒုံးလက်နက် ထုတ်လုပ်သုံးစွဲနိုင်တဲ့ အစိုးရတပ်ဟာ ပြည်တွင်းစစ်မှာ အမြဲတမ်းအပေါ်စီးရနေမယ်လို့ ယူဆထားပုံရပါတယ်။ ၂၀၀၇ ကစပြီး စစ်သင်တန်းသား တထောင်ကျော် နှစ်စဉ် ရုရှားကို စေလွှတ်ကြောင်း သိရပါတယ်။
မြန်မာပြည်ကို ၂၀၁၀ မှာ ဥပဒေမဲ့ ဝင်လာလို့ ထိန်းသိမ်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံသား တဦးကို လွှတ်ပေးဖို့ ဦးသိန်းစိန် က တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် ကို ကတိပေးလိုက်ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗိယက်နမ်ကတဆင့် တောင်ကိုရီးယားကို သွားနေတာကြာပါပြီ။ ဒီ နိုင်ငံတွေဟာ မြောက်ကိုရီးယားနဲ့ ပြဿနာမဖြစ်ချင်လို့ ဒုက္ခသည် လက်မခံလိုပေမယ့် ပြန်ပို့တာ အလွန်ရှားပါတယ်။ ဒီလိုနဲ့ တောင်ကိုရီးယားကို ရောက်သွားသူ နှစ်သောင်းလောက် ရှိနေပါပြီ။ ဗမာအစိုးရကလည်း ၂၀၀၉ မှာ မြောက်ကိုရီးယား ဒုက္ခသည် (၁၉) ဦးကို တလလောက် ထိန်းသိမ်းခဲ့ပြီးမှ ပြန်လွှတ်ပေးလိုက်ပါတယ်။
ကိုရီးယား ပဋိပက္ခ ရန်ကုန်အထိ ရောက်လာလို့ မဆလ စစ်အစိုးရဟာ ၁၉၈၃ မှာ မြောက်ကိုရီးယားနဲ့ သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။ အာဇာနည်ဗိမာန်ကို ဂါရဝပြုဖို့လာတဲ့ တောင်ကိုရီးယားသမ္မတအဖွဲ့ကို မြောက်ကိုရီးယား ထောက်လှမ်းရေးက ဗုံးဖောက်ခွဲ တိုက်ခိုက်လို့ မြန်မာအမှုထမ်း (၄) ဦး အပါအဝင် (၂၀) ကျော် သေဆုံးသွားခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတကတော့ သီသီလေးလွတ်သွားပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ နိုင်ငံရေးလမ်းစဉ် ချွတ်ခြုံကျလာတဲ့အတွက် ၂၀၀၇ မှာ မြောက်ကိုရီးယားနဲ့ ပုံမှန်သံတမန်ဆက်ဆံရေး ပြန်လုပ်တာ ဖြစ်ပါတယ်။