သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးပါတီ ဥပဒေ


တိုင်းပြည်တပြည်ရဲ့ နိုင်ငံရေးလွတ်လပ်မှုကို အကဲခတ်ချင်ရင် နိုင်ငံရေးပါတီတွေ ဘယ်လောက်လွတ်လပ်သလဲ ဆိုတာကို ကြည့်ရတယ်လို့ ဆိုရိုးရှိပါတယ်။ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံရေးပါတီတွေ လွတ်လပ်စွာလှုပ်ရှားနိုင်ကြပေမယ့် ဖွံ့ဖြိုးစနိုင်ငံတွေမှာတော့ ဥပဒေပြဌာန်းပြီး နိုင်ငံရေးပါတီတွေကို ချုပ်ချယ်လေ့ရှိပါတယ်။ ချုပ်ချယ်မှုနည်းတာနဲ့ များတာပဲကွာပါတယ်။ ပါတီစုံ ဒီမိုကရေစီ ကျင့်သုံးတယ်လို့ ကြွေးကြော်ပြီး ပါတီတွေကို မလှုပ်နိုင်အောင် ချုပ်ကိုင်ထားတတ်ပါတယ်။

ပါတီတခုရဲ့ စွမ်းဆောင်နိုင်မှုဟာ ခေါင်းဆောင်ပိုင်းရဲ့ အရည်အချင်း၊ ယုံကြည်ချက်၊ ပါတီအစဉ်အလာနဲ့ နိုင်ငံရေးဓလေ့ စသည့်တို့ပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။ ဒီအဆိုတွေဟာ ဒီမိုကရေစီနိုင်ငံတွေမှာ မှန်ကန်နိုင်ပေမယ့် မြန်မာနိုင်ငံမှာတော့ ပါတီရဲ့ စွမ်းဆောင်နိုင်မှုဟာ ပါတီအပြင်က အခြေအနေပေါ်မှာ မူတည်နေပါတယ်။ ဥပမာ ရွေးကောက်ပွဲစနစ်နဲ့ ဥပဒေစည်းမျဉ်းတွေက ပါတီရဲ့ လုပ်နိုင်မှုစွမ်းရည်ကို ကန့်သတ်ချုပ်ချယ်ထားတာတွေ့ရပါတယ်။

"နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ" ကို မတ်လ (၈) ရက်က နိုင်ငံတော်အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က ထုတ်ပြန်ကြေညာပြီး "နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်း ဥပဒေကို" ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုးက မတ်လ (၁၇) နေ့မှာ ကြေညာပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေအပေါ် လွှမ်းမိုးနိုင်ပုံကို ဥပဒေ (၂) ခုစလုံးရဲ့ အခန်း (၅) အထွေထွေကဏ္ဍမှာ ဖော်ပြထားပါတယ်။ နိုင်ငံရေးပါတီတခုဟာ ပါတီအခြေခံဥပဒေနဲ့အညီ ပါတီစည်းမျဉ်း (သို့) နိုင်ငံရေးသဘောတရားကို ပြင်ဆင်တယ်ဆိုရင် ဒီပြင်ဆင်ချက်ဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်ရမှသာ အတည်ဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ ပါတီတခုဟာ မိမိဘာသာ ပါတီလမ်းစဉ်ကို ပြောင်းပိုင်ခွင့်မရှိဘဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်ရမှသာ ပြောင်းနိုင်ပါတယ်။ နိုင်ငံရေးပါတီခေါင်းဆောင်ပိုင်းကို အချိန်မရွေးကော်မရှင်ကခေါ်ယူပြီး ညွှန်ကြားနိုင်တယ်လို့ ဆိုထားတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီအားလုံးကို စီမံအုပ်ချုပ်တဲ့ ကြီးကြပ်ရေးအဖွဲ့ ဖြစ်နေပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးအပိုင်ဖြစ်ေစေရမယ်၊ ရွေးကောက်ပွဲကော်မရှင်ကို တရားစွဲဆိုပိုင်ခွင့်မရှိ၊ ကော်မရှင်ဟာ ပါတီတွေကို ညွှန်ကြားနိုင်တယ်၊ ကြီးကြပ်နိုင်တယ်၊ (၃) နှစ်အထိ ယာယီရပ်ထားနိုင်ပြီး နောက်ဆုံးမှာ ပါတီမှတ်ပုံတင်ကို ဖယ်ဖျက်ပြီး ပါတီကိုပါ ဖျက်သိမ်းနိုင်ခွင့်ရှိတယ်လို့ ဗိုလ်ချုပ်ကြီးသန်းရွှေ က အမိန့်ထုတ်ထားပါတယ်။ ဗိုလ်ချုပ်မှုးကြီးနဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ ဥပဒေအထက်မှာရှိနေတဲ့ သဘောကို ဖော်ပြတာပါ။ အနည်းဆုံး မဲဆန္ဒနယ်မြေ (၃)နယ်မှာ မယှဉ်ပြိုင်ရင် နိုင်င့ရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိဘူးလို့ ဆိုပါတယ်။ ပါတီအဖြစ် ရပ်တည်ပိုင်ခွင့်ကို ရွေးကောက်ပွဲနဲပ ဆက်စပ်ထားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပပြီးအနိုင်ရတဲ့ နိုင်ငံရေးပါတီတွေနဲ့ စစ်ဗိုလ်ချုပ်တွေ အပေးအယူလုပ်ပြီး အစိုးရဖွဲ့တာကို စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလို့ အမည်ပေးထားတာပါ။

တိုင်းသူပြည်သားအတွက် နိုင်ငံရေးပါတီက လုပ်ပေးနိုင်တဲ့ အဓိကအချက် (၃) ချက် ရှိပါတယ်။ ပထမအချက်က တိုင်းသူပြည်သားတွေရဲ့ လိုအင်ဆန္ဒကို ဖော်ပြနိုင်တာပါ။ လူတန်းစားမျိုးစုံရဲ့ ရည်မှန်းချက်ကို နိုင်ငံရေးပါတီက ဖော်ပြနိုင်ပြီး အနုနည်းနဲ့ နိုင်ငံသားချင်း ပြိုင်ဆိုင်နိုင်အောင် ပါတီက စီစဉ်ပေးနိုင်ပါတယ်။ ပါတီတွေမရှိရင် ပြည်သူ့ဆန္ဒကို ထုတ်ဖော်နိုင်ဖို့လည်း မလွယ်ပါဘူး။ ပါတီတွေများလေလေကို ကိုယ်တိုင်ရွေးနိုင်တာ ဒုတိယအချက် ဖြစ်ပါတယ်။ တတိယအချက်က နိုင်ငံရေးသဘောတရား အယူအဆတရပ် ပြန့်နှံပြီး သြဇာညောင်းသွားအောင် ပါတီက လုပ်ဆောင်ပေးနိုင်ပါတယ်။ နိုင်ငံရေးသဘောတရားပေါ်မှာ အခြေခံလေ နိုင်ငံရေးပါတီဟာ အားကောင်းလာလေ ဖြစ်ပါတယ်။

နိုင်ငံရေးအယူအဆဟာ လူပုဂ္ဂိုလ်ထက်ပိုပြီး ကြာရှည်ခံတာကြောင့် ခေါင်းဆောင်မရှိပေမယ့် နိုင်ငံရေးယုံကြည်ချက် ချက်ချင်းတူသူတွေဟာ တစည်းတလုံးတည်း ဆက်လက်လှုပ်ရှားနိုင်ကြပါတယ်။ လူပုဂ္ဂိုလ်ကို အခြေခံတဲ့ပါတီဟာ ခေါင်းဆောင်အသက်ထင်ရှား ရှိတုန်းမှာသာ လှုပ်ရှားနိုင်ကြပါတယ်။ ပါတီလမ်းစဉ်လို့ခေါ်တဲ့ ပါတီကြေညာစာတမ်းမှာ ပါတီဝင်တွေရဲ့ ခံယူချက်လည်း ပါဝင်နေပါတယ်။ ပါတီဝင်တွေရဲ့ သဘောတူချက်မပါဘဲ အထက်ကချပေးတဲ့ ပါတီလမ်းစဉ်ဟာ မခိုင်မြဲပါဘူး။

အာဏာရပြီးမှ တည်ထောင်တဲ့ပါတီတွေမှာ ပါတီလမ်းစဉ်ကို အထက်ကချပေးတဲ့အတွက် လက်တွေ့ဘဝနဲ့ သဟဇာတ မဖြစ်တာများနေပါတယ်။ မဆလလို့ လူသိများတဲ့ ဗိုလ်ချုပ်နေဝင်း တည်ထောင်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဟာ အာဏာရပြီးမှ တည်ထောင်တဲ့ပါတီ ဖြစ်တဲ့အတွက် ပြည်သူ့ဘဝနဲ့ ကင်းဝေးတဲ့ပါတီအဖြစ် ဇာတ်သိမ်းသွားရပါတယ်။

ပါတီတည်ထောင်တယ်ဆိုတာ စီးပွားရေးလုပ်သလိုပါ။ စွန့်စားရတာမျိုးဘဲလို့ ပြောလေ့ရှိပါတယ်။ ငွေကုန်၊ အချိန်ကုန်၊ လူပန်း ဖြစ်ရုံတင်မကဘဲ သိက္ခာကျဖို့ အလားအလာလည်းရှိနေပါတယ်။ အစိုးရရဲ့ ကန့်သတ်ချက်တွေကြောင့် စီးပွားရေးမအောင်မြင်သလို ပါတီဥပဒေကြောင့် နိုင်ငံရေးပါတီကို မပြုစုမပျိုးထောင်နိုင်တာမျိုးတွေလည်း အများကြီးရှိနိုင်ပါတယ်။

XS
SM
MD
LG