မြန်မာပြည်မှာ ဒီမိုကရေစီပြောင်းဖို့ ကြိုးပမ်း (၃) ကြိမ်ရှိသွားပါပြီ။ ပထမအကြိမ် ၁၉၈၈ မှာ ပြည်သူ့တော်လှန်ရေး ဆင်နွှဲပြီးအသွင်ကူးပြောင်းဖို့ ကြိုးစားတာ မအောင်မြင်တဲ့အတွက် စစ်အာဏာရှင်အစိုးရ တက်လာပါတယ်။ ဒုတိယအကြိမ် ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူ့ပါတီ အန်အယ်လ်ဒီ အနိုင်ရပေမယ့် စစ်အစိုးရက အသိအမှတ်မပြုတဲ့အတွက် နောက်ထပ် အနှစ် (၂၀) ကျော် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခဲ့ပါတယ်။ စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေအရ ၂၀၁၁ မှာ အရပ်သားတပိုင်း အစိုးရဖွဲ့စည်းပြီး ပြုပြင်ရေးလုပ်ဖို့ ကြိုးပမ်းနေတာကို တတိယအကြိမ် အသွင်ကူးပြောင်းရေးလို့ ခေါ်နိုင်ပါတယ်။ အစိုးရက ဦးဆောင်ပြီး ဒီမိုကရေစီအသွင် ကူးပြောင်းမယ့် အစီအစဉ် ဖြစ်ပါတယ်။
အနှစ် (၂၀) ကျော် အာဏာရှင်စနစ် ကျင့်သုံးခဲ့တဲ့ စစ်အစိုးရက အရပ်သားတပိုင်း အစိုးရဖွဲ့ပြီး ဒီမိုကရေစီစကား ပြောနေတာဟာ စုဆောင်းထားတဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ စစ်အုပ်စုပါတီဟာ တဦးတည်းဦးဆောင်ပြီး အသွင်ကူးပြောင်းဖို့ အခက်အခဲ ရှိနေပုံ ရပါတယ်။
အနှစ် (၂၀) ကျော် ဖိနှိပ်ခံရတဲ့ အန်အယ်လ်ဒီ အဖွဲ့ချုပ် မပါဘဲ တပါတီ လက်ဝါးကြီးအုပ်စနစ် ကျင့်သုံးမယ်ဆိုရင် အပြည်ပြည်ဆိုင်ရာ ထောက်ခံမှုနဲ့ လေးစားမှုကို မရနိုင်ကြောင်း ပြုပြင်ရေးလိုလားတဲ့ ဗိုလ်ချုပ်ဟောင်းတွေက သဘောပေါက်ပုံ ရပါတယ်။ ၂၀၁၀ ပြည့် ရွေးကောက်ပွဲကို မတရားတဲ့ လုပ်ပွဲကြီးလို့ စွပ်စွဲထားတာတွေ ရှိပေမယ့် ဒီရွေးကောက်ပွဲကြောင့်ပဲ စစ်အာဏာရှင်စနစ် နိဂုံးချုပ်သွားပါတယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ ပါတီ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်နိုင်လာအောင် သမ္မတ က လမ်းခင်းပေးနိုင်တာ ဖြစ်ပါတယ်။ တနည်းဆိုရရင် အစိုးရနဲ့ အတိုက်အခံ လက်တွဲပြီး ဒီမိုကရေစီအသွင် ကူးပြောင်းဖို့ ကြိုးပမ်းမယ့် အစီအစဉ်ဖြစ်ပါတယ်။
အစိုးရအဖွဲ့ထဲမှာ ပြုပြင်ရေးလုပ်ချင်သူနဲ့ မလုပ်ချင်သူတွေ သူမသာကိုယ်မသာ ဖြစ်နေချိန်မှာ ပြုပြင်ရေးသမားတွေက အတိုက်အခံ ဒီမိုကရေစီအုပ်စုနဲ့ လက်တွဲပြီး အသွင်ကူးပြောင်းတာကို ကမ္ဘာပေါ်မှာ တွေ့နိုင်ပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့နဲ့ အာဏာရပါတီမှာ ဒီမိုကရေစီ လိုလားသူတွေများလေလေ အသွင်ကူးပြောင်းဖို့အခွင့်ရေး ကောင်းလေလေ ဖြစ်ပါတယ်။ ဒီနည်းနဲ့ အသွင်ကူးပြောင်းရမှာ တောင်ကိုရီးယား၊ ပိုလန်၊ တောင်အာဖရိက နဲ့ ချက် နိုင်ငံများ ထင်ရှားပါတယ်။ နေပြည်တော် အစိုးရအနေနဲ့ ဒီမိုကရေစီကို ဘယ်လောက်လိုလားတယ်ဆိုတာ တိုင်းသူပြည်သားကို ဘယ်လောက်လွတ်လပ်ခွင့် ပေးတာနဲ့ တိုင်းတာနိုင်ပါတယ်။ စစ်အုပ်စုဟာ အကျင့်ဟောင်းကို စွန့်လွှတ်နိုင်ဖို့ လိုအပ်ပါတယ်။
လွတ်လပ်မှုကို အခွင့်ကောင်းယူပြီး အတိုက်အခံဖက်က ပိုမိုအားကောင်းအောင် ကြိုးပမ်းနိုင်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ အာဏာရအစိုးရရဲ့ သြဇာအရှိန်အဝါကို ကြားဖြတ်ရွေးကောက်ပွဲနဲ့ တိုင်းတာလေ့ရှိပါတယ်။ မြန်မာပြည်မှာတော့ ၂၀၁၀ ပြည့် ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ အန်အယ်လ်ဒီ မပါဝင်တဲ့အတွက် ရွေးကောက်ပွဲဟာ အရေးကြီးတဲ့ နိုင်ငံရေး ပြဒါးတိုင် ဖြစ်လာပါတယ်။
အန်အယ်လ်ဒီ အဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရရှိသွားတာဟာ လက်ရှိပါတီနဲ့ အာဏာရပါတီကို ပြည်သူလူထုက ဘယ်လိုသဘောထားတယ်ဆိုတာကို အတိအလင်းပြသလိုက်တာပဲ ဖြစ်ပါတယ်။ အခြေခံဥပဒေ ရေးဆွဲတဲ့ အမျိုးသားညီလာခံနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အန်အယ်လ်ဒီ ပါတီက သပိတ်မှောက်ခဲ့တာမို့ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုနဲ့ အပေးအယူ အလျှော့အတင်းလုပ်မှုတွေ ပူးတွဲလုပ်ကိုင်ရေးမှာ အဓိက ဖြစ်လာပါတယ်။
အစိုးရဖက်မှာ၊ အတိုက်အခံဖက်မှာ မရေရာမသေချာတာတွေ ရှိနေပေမယ့် စွန့်စားပြီး စေ့စပ်ဆွေးနွေးကြရပါတယ်။ ဒါကြောင့် သဘောတူချက်အမျိုးမျိုး ရှိနိုင်ပါတယ်။ အခြေခံဥပဒေ အယူအဆမှာ အစိုးရနဲ့ အန်အယ်လ်ဒီ ခံယူချက်ခြင်း ကွဲပြားခြားနားကြပါတယ်။ ၁၉၃၅ အခြေခံဥပဒေကို အင်္ဂလိပ်ကိုလိုနီ အစိုးရကရေးပြီး ၁၉၇၄ နဲ့ ၂၀၀၈ အခြေခံဥပဒေကို ဗမာစစ်အာဏာရှင်က ရေးဆွဲတာမို့ အခြေခံချင်း တူကြပါတယ်။ ခြားနားချက်က ၁၉၃၅ အခြေခံဥပဒေမှာ ဥပဒေပြု လွှတ်တော်နှစ်ခု ရှိတဲ့အနက် အထက်ဆီနိတ်လွှတ်တော်မှာသာ အစိုးရခန့် ကိုယ်စားလှယ် ၅၀% ပါဝင်ပြီး အောက်လွှတ်တော်ကိုယ်စားလှယ်အားလုံးကို ရွေးကောက်တင်မြှောက်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူကို ကိုယ်စားပြုတယ်လို့ နေပြည်တော်မှာ ပြောဆိုနေကြပေမယ့် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံဟာ ကိုလိုနီခေတ် ပုံစံမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။ ကိုယ်ကျိုးစီးပွား ထိခိုက်မယ်လို့ ယူဆရင် ဗမာစစ်အုပ်စုဟာ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်တဲ့ အစဉ်အလာရှိပါတယ်။ နိုင်ငံရေးမူဝါဒ သဘောထားကို အခြေမခံဘဲ လူပုဂ္ဂိုလ်နဲ့ ကိုယ်ကျိုးစီးပွားအပေါ် အခြေခံတဲ့ ဓလေ့ကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းရာမှာ မပီမပြင် အံမဝင်ဂွင်မကျ၊ ဟိုမရောက် ဒီမရောက် ဖြစ်နေတဲ့ နိုင်ငံတွေရှိနေတာ တွေ့နိုင်ပါတယ်။