မြန်မာပြည်မှာ ခေတ်အဆက်ဆက် အမြစ်တွယ်ခဲ့တဲ့ အဂတိလိုက်စားမှု ရှင်သန်နေတာကို ပညာပေးမှု၊ စည်းရုံးမှု၊ အသိပေးမှု၊ သတိပေးမှု၊ အရေးယူမှု စတဲ့ နည်းလမ်းတွေနဲ့ ပျောက်ကွယ်အောင်လုပ်ရမယ်လို့ မတ်လ (၁) ရက်နေ့ လွှတ်တော်မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က ထည့်ပြောသွားပါတယ်။ လွန်ခဲ့တဲ့နှစ်က နေပြည်တော်မှာလုပ်တဲ့ နှုတ်ဆက်ပွဲမှာ ဗိုလ်ချုပ်ကြီးသန်းရွှေကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ကြဖို့ ပြောသွားပါတယ်။ မြန်မာပြည်ဟာ အိမ်နီးချင်း လာအိုနဲ့ ကမ္ဘောဒီးယားတို့ထက် နိမ့်ကျနေတယ်လို့လည်း ပြောပါတယ်။ အာဆီယံအသင်းမှာ မြန်မာက အနိမ့်ကျဆုံး ဖြစ်နေတာကို ဝန်ခံသွားတာပါ။
၂၀၁၁ မေလ (၁၀) နေ့က ပထမဦးဆုံးကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျွမ်းကျင်ဝန်ထမ်းတွေကို အစားထိုးခက်ခဲ့တာကြောင့် သူတို့လာဘ်စားတာကို ချက်ချင်းကိုင်တွယ်လို့ မဖြစ်သေးဘူးလို့ ဆည်မြောင်း၊ စက်မှု (၁) နဲ့ (၂) စတဲ့ ဝန်ကြီးဌာနတွေမှာ ကျပ်သိန်းပေါင်းထောင်ချီပြီး စစ်အစိုးရလက်ထက်က အလွဲသုံးစားလုပ်ပုံကို စာရင်းချုပ်ရဲ့ အစီရင်ခံစာမှာ မကြာမီက ဖော်ပြပါတယ်။ ဒါကြောင့် အဂတိလိုက်စားမှု တားမြစ်ရေး ဥပဒေပြင်ဆင်ရေးဆွဲရေးအဆိုကို လွှတ်တော်က သဘောတူလိုက်ပါတယ်။
ခေါင်ကစ မိုးမလုံတဲ့အဖြစ်ကို လူတိုင်းလိုလို သိရှိကြပေမယ့် အစိုးရသစ်ဖွဲ့စည်းပြီးမှသာ ခေါင်းဆောင်ပိုင်းက ပြောဆိုလာကြတာ ဖြစ်ပါတယ်။ ၂၀၁၁ သြဂုတ်လ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုုးသားအဆင့်အလုပ်ရုံ ဆွေးနွေးပွဲမှာ အဂတိလိုက်စားမှု ကုထုံးစာတမ်းကို သမ္မတအကြံပေး ဒေါက်တာဦးမြင့်က တင်သွင်းသွားပါတယ်။ အဂတိလိုက်စားမှု ဖြစ်ရတဲ့အကြောင်းရင်း၊ အကျိုးဆက်နဲ့ ကုထုံးတွေကို တင်ပြထားပါတယ်။ လာဘ်ပေးလာဘ်ယူမှု၊ ငွေညှစ်မှု၊ လိမ်လည်မှု၊ အလွဲသုံးစားလုပ်မှု၊ ကပ်ဖားပြီး ကိုယ်ကျိုးရှာမှု၊ ဆွေမျိုးချမ်းသာအောင်လုပ်မှု၊ နိုင်ငံပိုင်းပစ္စည်းကို ကိုယ်ပိုင်အဖြစ်သုံးစွဲမှု၊ သြဇာအာဏာသုံးပြီး အကြံအဖန်လုပ်မှု စတဲ့ အချက်တွေထဲကတခုခုကို ကျူးလွန်ရင် အဂတိလိုက်စားရာ ရောက်တယ်လို့ ဆိုပါတယ်။ လိမ်လည်မှုနဲ့ အလွဲသုံးစားလုပ်မှုကို အာဏာရှိသူက တဖတ်သတ် ကျူးလွန်နိုင်တယ်လို့ ဆိုပါတယ်။
အများပြည်သူ့အကျိုးကို ဆောင်ရွက်ဖို့ပေးထားတဲ့ အာဏာနဲ့အခွင့်အရေးကို ပုဂ္ဂလိအကျိုးအမြတ်အတွက် အသုံးပြုမှု (သို့မဟုတ်) လုပ်ပိုင်ခွင့် အာဏာရရှိသူက ရာထူးအဆင့်အတန်းကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုတာကို အဂတိလိုက်စားမှုကို အဆင့်အမျိုးမျိုး ခွဲခြားနိုင်ပါတယ်။ လစာနဲ့ မလောက်တဲ့ ဝန်ထမ်းတိုင်း လာဘ်စားကြပါတယ်။ အဆိုးဆုံးကတော့ သူများနဲ့မတူ အထူးစီးပွားရေးအကျိုးအမြတ် ခံစားတာပါ။ ဥပမာ ဇိမ်ခံတိုက်တာ အဆောက်အဦး၊ မြေကွက်ဈေးကွက်၊ ရတနာတွင်း စတာတွေကို အာဏာအလွဲသုံးစားလုပ်ပြီး ပိုင်ဆိုင်တာကို ဦးမြင့် က ဥပမာပေးပါတယ်။ စစ်တပ်ကြီးစိုးတဲ့ အနှစ် (၅၀) အတွင်းမှာ ဒီလို အထူးစီးပွားရေး အကျိုးအမြတ် ခံစားကြတဲ့ ဗိုလ်မှူးတွေ၊ ဗိုလ်ချုပ်တွေ အများကြီး ရှိပါတယ်။
အဂတိလိုက်စားမှုအမျိုးမျိုး ရှိနိုင်ပေမယ့် အဓိကအားဖြင့် အထက်အဆင့် နဲ့ အောက်အဆင့် နှစ်မျိုးသာရှိပြီး အပြန်အလှန်အားဖြည့်ကြတယ်လို့ ဦးမြင့် က ဆိုပါတယ်။ နိုင်ငံတော်ခေါင်းဆောင်ပိုင်း နဲ့ ထိပ်ပိုင်းဗျူရိုကရက်အရာရှိကြီးတွေရဲ့ မသမာမှုဟာ အထက်အဆင့် အဂတိလိုက်စားမှု ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေဟာ လောဘကြီးလွန်းလို့ အဂတိလိုက်စားတာ ဖြစ်ပါတယ်။ အခွင့်ထူးခံတွေဖြစ်လို့ စားဝတ်နေရေးမှာ ပူပန်စရာမလိုသူတွေ ဖြစ်ပါတယ်။ ရတဲ့လစာနဲ့ မလောက်လို့ စားဝတ်နေရေးအတွက် လာဘ်စားရတာ အသားကျသွားတဲ့အခါမှာ တိုင်းပြည်စီးပွားရေး ယိုးယွင်းပျက်စီးစေပြီး ကျော်လွှားဖို့ ခက်ခဲပါတယ်။ စနစ်ကျတဲ့ အဂတိလိုက်စားမှု နဲ့ ပရမ်းပတာ အဂတိလိုက်စားမှုဆိုပြီး ဦးမြင့်က ခွဲခြားထားပါသေးတယ်။
ပုံစံအမျိုးမျိုးနဲ့ စစ်တပ်က အနှစ် (၅၀) ကြီးစိုးတဲ့ မြန်မာပြည်မှာ တပ်ထဲမှာလည်း အဂတိလိုက်စားမှုတွေ အများအပြားရှိပါတယ်။ ၁၉၉၇ ကစပြီး စစ်တပ်ဟာ ကိုယ့်ရိက္ခာကိုယ်ရှာနေရတာမို့ အာဏာအလွှဲစားလုပ်မှုနဲ့ ငွေညစ်မှုတွေ ပေါများလာပါတယ်။ လယ်မြေကို အတင်းအဓမ္မသိမ်းပိုက်ပြီး စိုက်ခင်းလုပ်မှု၊ အုတ်ဖုတ်မှု၊ အတင်းအဓမ္မ စေခိုင်းမှု စတာတွေ ဖြစ်ပေါ်လာပါတယ်။ ရာထူးအဆင့်အတန်းကိုလိုက်ပြီး စီးပွားရေးအခွင့်ထူး ခံစားကြတာဟာ တပ်ထဲမှာ လုပ်ရိုးလုပ်စဉ်ကို ဖြစ်နေပါတယ်။
လက်နက်ကိုင်ပြီး စီးပွားရှာနေတဲ့ စစ်တပ်မှာ အဂတိလိုက်စားတာကို အရေးယူမယ်ဆိုရင် အကြီးအကျယ်ပြဿနာ ပေါ်နိုင်ပါတယ်။ နိုင်ငံတော်တည်ငြိမ်ရေးအတွက် အရေးကြီးတဲ့ စစ်တပ်ကွဲပြဲသွားမှာကို အစိုးရက လိုလားမှာ မဟုတ်ပါဘူး။ စစ်တပ်ကလည်း သူ့အကျိုုးစီးပွား ထိခိုက်မယ့်ကိစ္စကို လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် တည်ဆောက်ဖို့အတွက် စစ်ဘက်နဲ့ အရပ်ဘက်က အဂတိလိုက်စားမှုတွေကို အနှေးနဲ့ အမြန်ကိုင်တွယ်ရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်လို နိုင်ငံမှာတော့ အဂတိလိုက်စားမှု လျော့နည်းသွားအောင်သာ လုပ်နိုင်ဖို့ အလားအလာရှိပြီး ပပျောက်ဖို့ဆိုတာကတော့ စိတ်ကူးယဉ်အိပ်မက်အဆင့်မှာသာ ရှိနေပါသေးတယ်။