ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ဟိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ (၅) ကြိမ်မြောက် မြန်မာပြည်ခရီး ဖေဖေါ်ဝါရီလ (၅) ရက်နေ့က ပြီးဆုံးသွားပါတယ်။ မစ္စတာ ကင်တားနားရဲ့ ထုတ်ပြန်ချက်ကိုကြည့်ရင် အစိုးရသစ်ရဲ့ ပြုပြင်ရေးလုပ်ငန်းမှာ အားရစရာရှိသလို စိတ်ပျက်စရာလည်း ရှိနေတာတွေကို ဖော်ပြထားတာ တွေ့ရပါတယ်။ လွှတ်တော်မှာ ဥပဒေသစ်တွေ ပြုစုပြဌာန်းနေတာကို အားရစရာကောင်းတယ်လို့ ပြောပေမယ့် ဥပဒေတွေဘယ်လိုပဲ ပြဌာန်းပြဌာန်း တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေး ကာကွယ်ရေးအတွက် သီးခြားလွတ်လပ်ပြီး ဘက်မလိုက်တဲ့ စွမ်းရည်ထက်မြက်တဲ့ တရားစီရင်ရေးဌာနရှိဖို့ လိုအပ်နေတာကို မစ္စတာ ကင်တားနား က ထောက်ပြထားပါတယ်။
ဒီမိုကရေစီအသွင်း ကူးပြောင်းတဲ့ကာလမှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးဌာနတွေကို ထိန်းကြပ်နိုင်ဖို့အတွက် တရားစီရင်ရေးဌာနဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်တယ်လို့ ဆိုပါတယ်။ တရားစီရင်ရေးမှာ လွတ်လပ်ဖို့နဲ့ ဘက်မလိုက်ဖို့ အလွန်အရေးကြီးကြောင်း တရားသူကြီးချုပ်နဲ့ လွှတ်တော်ချုပ်တရားသူကြီးတွေကို ပြောပြပေမယ့် အသိအမှတ်မပြုတဲ့အပြင် မစ္စတာကင်တားနား တင်ပြတာကို ဂရုမစိုက်ဘူးလို့ ဖော်ပြထားပါတယ်။ ဒီနေရာမှာ အတတ်ပညာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အခြားအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေဆီမှာ အကူအညီတောင်းဖို့ တရားစီရင်ရေးဌာနကို တိုက်တွန်းထားပါတယ်။
မစ္စတာကင်တားနား ၂၀၀၈ မှာ ပထမအကြိမ် မြန်မာပြည်သွားတုန်းကလည်း တရားစီရင်ရေးဌာနရဲ့ အားနည်းချက်နဲ့ ချွတ်ယွင်းချက်ကို ထောက်ပြခဲ့ပါတယ်။ အခုတခါ (၅) ကြိမ်မြောက်သွားပြန်တော့လည်း အရင်က တင်ပြခဲ့တာတွေကိုပဲ ထပ်မံတင်ပြနေရပါတယ်။ နိုင်ငံရေးအကျဉ်းသားကို အပြစ်ပေးရာမှာ အစိုးရအသုံးပြုနေတဲ့ ဥပဒေေတွေဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကို ချိုးဖျက်နေကြောင်း အစိုးရရှေ့နေချုပ်ကို ပြောခဲ့တယ်လို့ မစ္စတာ ကင်တားနား က ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်က သမ္မတအမိန့်နဲ့ တည်ထောင်လိုက်တဲ့ မြန်မာလူ့အခွင့်အရေးကော်မရှင်ဟာ လူ့အခွင့်အရေးကို အကာအကွယ်ပေးနိုင်တဲ့ အခြေအနေမရှိဘူးလို့ ဆိုပါတယ်။ အကျဉ်းထောင်ကို စစ်ဆေးနိုင်ဖို့ လူ့အခွင့်အရေးကော်မရှင်ဟာ သမ္မတဆီက ခွင့်ပြုချက်တောင်းနေရတဲ့ အဆင့်မှာရောက်နေပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုရာမှာ တရားမျှတရေး၊ တာဝန်ယူရေး နဲ့ အမှန်တရား ဖော်ထုတ်ရေးဟာ အခြေခံကျတယ်လို့ မစ္စတာကင်တားနားက ယုံကြည်ပါတယ်။ ဒီတာဝန်ကို အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထမ်းဆောင်နိုင်မလားလို့ သုံးသပ်မိပါတယ်။ ဒီနေရာမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူကိုပါ တာဝန်ပေးသင့်တယ်လို့ ဆိုပါတယ်။ ပြည်သူတွေ ခံစားခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အသိအမှတ်ပြုဖို့ လိုပါတယ်။ Truth and Reconciliation Commission အမှန်တရား ထုတ်ဖော်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကော်မရှင် သဘောမျိုး လိုအပ်နေတာကို မစ္စတာကင်တားနား က ရည်ညွှန်းပုံရပါတယ်။ သူနဲ့တွေ့ခဲ့သူတွေဟာ ရှေ့ဆက်သွားဖို့ကိုသာ ပြောဆိုနေပေမယ့် ရှေ့ဆက်သွားရုံနဲ့ အတိတ်ကို မေ့သွားမှာ မဟုတ်ဘူးလို့ မစ္စတာကင်တားနားက ဆိုပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် နစ်နာသွားသူတွေကို ကူညီဖို့တာဝန်ယူတာဟာ ပြန်လည်သင့်မြတ်ရေးဖြစ်စဉ်မှာ အရေးကြီးပါတယ်။ အကြမ်းဖက်ပဋိပက္ခ ဖြစ်ပွားတဲ့နိုင်ငံတွေ ဒီမိုကရေစီအသွင်ကူးပြောင်းရာမှာ အပြန်အလှန်ယုံကြည်မှုရရှိဖို့ အမှန်တရား ထုတ်ဖော်ရေးကော်မရှင် ဖွဲ့စည်းပြီး ကြားနာပွဲတွေ ကျင်းပပါတယ်။ ကုလသမဂ္ဂတည်ထောင်တဲ့ ကော်မရှင်၊ အန်ဂျီအို တသီးပုဂ္ဂလအဖွဲ့ တည်ထောင်တဲ့ ကော်မရှင်၊ အစိုးရတည်ထောင်တဲ့ ကော်မရှင် စသဖြင့်အားလုံး (၂၀) လောက် ရှိပါတယ်။ လူ့အခွင့်အရေးချိုးဖျက်မှုနဲ့ မတရားမှုတွေကို ကြားနာစစ်ဆေးပြီး အသိအမှတ်ပြုနိုင်ရင် ဒီလိုအဖြစ်ဆိုးကို နောက်ထပ်မကြုံတွေ့နိုင်တော့ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမှန်တရားကို ထုတ်ဖော်ဖို့ ကြိုးပမ်းကြပါတယ်။ ဒီနေရာမှာ တခြားတိုင်းပြည်တွေရဲ့ အတွေ့အကြုံကို သင်ခန်းစာယူသင့်တယ်လို့ ဆိုပါတယ်။
အမှန်တရား ထုတ်ဖော်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကော်မရှင်တွေကို တောင်အမေရိကတိုက်နဲ့ အာဖရိနိုင်ငံတွေမှာ အများဆုံး ဖွဲ့စည်းခဲ့တာ တွေ့ရပါတယ်။ ဒီအထဲမှာ တောင်အာဖရိကနိုင်ငံဟာ ထင်ရှားပါတယ်။ အာရှမှာတော့ ဖိလစ်ပိုင်နဲ့ အရှေ့တီမောမှာသာ ကော်မရှင်ဖွဲ့စည်းပါတယ်။ နိုင်ငံကိုလိုက်ပြီး လုပ်ပုံကိုင်ပုံ ကွဲပြားခြားနားကြပါတယ်။ အမှန်တရား ထုတ်ဖော်ရေး ကြားနာပွဲတွေလုပ်ပြီး နစ်နာသူကို ကူညီစောင့်ရှောက်ဖို့နဲ့ အပြစ်ရှိသူကို ခွင့်လွှတ်ဖို့ ကြိုးပမ်းကြပါတယ်။ တချို့ကလည်း တရားမျှတရေးအတွက် လူ့အခွင့်အရေး ချိုးဖျက်သူကို စစ်ဆေးအပြစ်ပေးလိုကြပါတယ်။
မြန်မာပြည်မှာတော့ ဒီလိုမလုပ်နိုင်အောင် အခြေခံဥပဒေက ပြဌာန်းထားပါတယ်။ အနှစ် (၂၀) ကျော် အုပ်စိုးခဲ့တဲ့ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နဲ့ အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက အဖွဲ့ဝင်တွေကို တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရလို့ အခြေခံဥပဒေ ပုဒ်မ (၄၄၅) က ဆိုပါတယ်။
အမှန်တရားထုတ်ဖော်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကော်မရှင်ဟာ အပြစ်ပေးတဲ့ အဖွဲ့မဟုတ်ပါဘူး။ လူ့အခွင့်အရေးချိုးဖျက်မှုဆိုတဲ့ အမှန်တရားကို ထုတ်ဖော်ရေး၊ ချိုးဖျက်သူက ဝန်ခံရေး ခံရသူတွေက ခွင့်လွှတ်ရေး ခံရသူကို တာဝန်သိစွာ ကူညီရေး စတာတွေကို ကော်မရှင်က ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ မတရားလုပ်တာကို ဖော်ထုတ်ဖို့ကိစ္စ အခက်ခဲဆုံး ဖြစ်နေပါတယ်။