သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကိုလမ်းခင်းတဲ့ တရုတ်လမ်းစဉ်


ငွေကိုလမ်းခင်းတဲ့ တရုတ်လမ်းစဉ်
ငွေကိုလမ်းခင်းတဲ့ တရုတ်လမ်းစဉ်

မြန်မာနိုင်ငံက ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနနဲ့ တရုတ်ပို့ကုန်သွင်းကုန်ဘဏ် Exim Bank တို့ ငွေချေး စာချုပ် တွေကို နေပြည်တော်မှာ လက်မှတ်ထိုးတဲ့သတင်းကို ဇန်နဝါရီလ (၂၈) ရက်ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ တရုတ်ဆီက ချေးယူထားတဲ့ ငွေပမာဏကိုတော့ မဖော်ပြပါဘူး။ တရုတ် Exim Bank ဟာ နိုင်ငံခြားကို ချေးငှားထားတဲ့ ငွေပမာဏကို ကြေညာလေ့မရှိပါဘူး။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ CDB (China Development Bank) တရုတ်ဖွံ့ဖြိုးရေးဘဏ်ကလည်း ဗမာစစ်အစိုးရဘဏ် ကို ဒေါ်လာသန်း ၂၄၀၀ ချေးဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။ ကျောက်ဖြူ၊ ယူနန် ဓါတ်ငွေ့ ပိုက်လိုင်းဆောက်ဖို့ CDB တရုတ်ဖွံ့ဖြိုးရေးဘဏ်က ငွေထုတ်ချေးလိုက်တာလို့ သိရပါတယ်။

လွန်ခဲ့တဲ့နှစ် စက်တင်ဘာလက တရုတ်ပြည်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သွားရောက်စဉ်က တရုတ်အစိုးရက ယွမ်ငွေသန်း (သုံးသောင်း) ဒေါ်လာငွေ တန်ဖိုးသန်း (၄၂၀၀) အတိုးမယူဘဲ ဗမာစစ်အစိုးရကို ချေးငှားဖို့ သဘောတူခဲ့ပါတယ်။ ကမ္ဘာမှာ တရုတ်စီးပွားရေးစားကွက် ချဲ့ထွင်ရာမှာ Exim Bank နဲ့ CDB ဟာ အဓိကအခန်းက ပါဝင်နေပါတယ်။ ဒီဘဏ်တွေကို ၁၉၉၄ မှာ တည်ထောင်စဉ်က ငွေရင်း ဒေါ်လာသန်း အနည်းငယ်သာ ရှိခဲ့ပေမယ့် အခုတော့ ငွေရင်းဒေါ်လာသန်းပေါင်း သိန်းသန်းချီပြီး ရှိနေကြပါပြီ။ ဒီအထဲမှာ အာဖရိကနိုင်ငံတွေကို ချေးထားတဲ့ငွေက ဒေါ်လာသန်း (လေးသောင်း) လောက်ရှိနေပါတယ်။ အမေရိကန်ဘဏ်က အာဖရိကမှာ ရင်းနှီးထားတာ ဒေါ်လာသန်း (ရှစ်ထောင်) ပဲ ရှိပါသေးတယ်။

တရုတ် စီးပွားရေးနယ်ချဲ့ရာမှာ ငွေကို လမ်းခင်းပေးသူဟာ တရုတ် Exim Bank ဖြစ်ပါတယ်။ CDB တရုတ် ဖွံ့ဖြိုးရေးဘဏ်ကတော့ ပြည်တွင်းကို အဓိကထားပါတယ်။ တရုတ်ပြည်မှာ ငွေစုလက်မှတ်အများဆုံးထုတ်တဲ့ ဘဏ်ဖြစ်ပြီး အမြတ်အစွန်းအရဆုံးလည်း ဖြစ်ပါတယ်။ နိုင်ငံခြားမှာ စီးပွားရေးလုပ်တဲ့ တရုတ်တွေကိုလည်း CDB တရုတ်ဖွံ့ဖြိုးရေးဘဏ်က ငွေကြေးထောက်ပံ့ပါတယ်။ ဥပမာ အာဖရိကတိုက်မှာ စီးပွားရေးလုပ်မယ့် တရုတ်ကုမ္မဏီကို ငွေကြေးထောက်ပံ့ဖို့အတွက် တရုတ်-အာဖရိက ရန်ပုံငွေ ကို ၂၀၀၇ ခုနှစ်မှာ CDB တရုတ်ဖွံ့ဖြိုးရေးဘဏ်က တည်ထောင်ပါတယ်။ အခုဆိုရင် တရုတ်-အာဖရိက ရန်ပုံငွေဟာ ဒေါ်လာသန်း (၅၀၀၀) ကျော် ရှိနေပါတယ်။ တရုတ်လုပ်ငန်းရှင်တွေ အာဖရိကမှာ လက်လီလက်ကားဆိုင်ဖွင့်ပြီး တရုတ် ကုန်ပစ္စည်းရောင်းချတာကိုလည်း ငွေကြေးထောက်ပံ့ပါတယ်။

၂၀၀၉ နဲ့ ၂၀၁၀ နှစ်နှစ်အတွင်းမှာ တရုတ် Exim ဘဏ်နဲ့ CDB တရုတ်ဖွံ့ဖြိုးရေးဘဏ်တို့က ဖွံ့ဖြိုးစ နိုင်ငံ တွေကို ထုတ်ချေးခဲ့တဲ့ ငွေပမာဏဟာ အနည်းဆုံး ဒေါ်လာသန်းပေါင်း တသိန်းတသောင်း ရှိတယ်လို့ လန်ဒန်အခြေစိုက် Financial Times သတင်းစာက ဇန်နဝါရီလ (၁၇) ရက်နေ့က ဖော်ပြပါတယ်။ ဒါပေမဲ့ ဝါရှင်တန်အခြေစိုက် ကမ္ဘာဘဏ်ကတော့ ဒီအချိန်ကာလမှာ ဒေါ်လာသန်း တသိန်းသာ ချေးငှားနိုင်ခဲ့တဲ့ အတွက် တရုတ်အစိုးရဘဏ် နှစ်ခုရဲ့ ငွေချေးပမာဏဟာ ကမ္ဘာဘဏ်ထက်များနေပါတယ်။ ထူးခြားတာ ကတော့ တချိန်ကဆိုရင် တရုတ်အစိုးရကိုယ်တိုင် ကမ္ဘာဘဏ်က ငွေချေးခဲ့ရတာပါ။ အခုတော့ ကမ္ဘာ့ဘဏ်နဲ့ တရုတ်ဘဏ်တွေ ပြိုင်ဆိုင်ငွေချေးပြီး သြဇာညောင်းအောင် လုပ်နေသလို ဖြစ်နေပါတယ်။

တရုတ်အစိုးရပိုင် ကုမ္မဏီရော တရုတ်ပုဂ္ဂလိက ကုမ္မဏီရော အာဖရိကမှာ ခြေသွက်နေကြပါတယ်။ စီးပွားရေးအခြေခံ အဆောက်အအုံ တည်ဆောက်မှု၊ သဘာဝသယံဇာတ ထုတ်လုပ်မှု၊ ကူးသန်းရောင်းဝယ်မှု စတဲ့ လုပ်ငန်းတွေမှာ တရုတ်က ရင်းနှီးမြုပ်နံှထားပြီး စီးပွားရှာကြပါတယ်။ တရုတ်အစိုးရပိုင် ကုမ္မဏီကြီး တွေဟာ သူတို့အလုပ်သမားတွေနဲ့အတူ ရောက်လာပြီး စီမံကိန်းတွေ အကောင်အထည် ဖော်ကြပါတယ်။ စီမံကိန်းပြီးသွားတဲ့အခါမှာ တရုတ်ပြည်မပြန်ဘဲ အလွတ်ကန်ထရိုက်တာအဖြစ် စီးပွားရေး ဆက်လုပ်သူတွေ လည်း ရှိပါတယ်။ အာဖရိကတိုက်မှာ အလုပ်လုပ်နေကြတဲ့ တရုတ်ရွှေ့ပြောင်းအလုပ်သမား တသန်းလောက် ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တရုတ်ကုမ္မဏီဟာ တရုတ်အလုပ်သမားတွေကိုသာ အသုံးပြုတဲ့အတွက် ဒေသခံ အာဖရိကတိုက်သားတွေ အလုပ်မရနိုင်တာဟာ ပြဿနာဖြစ်လာပါတယ်။

တရုတ်ဆီက ငွေယူတဲ့ အစိုးရတွေဟာ ပြုပြင်ရေးလုပ်စရာမလိုတဲ့အတွက် ရေရှည်မှာ တိုင်းပြည်အတွက် အကျိုးမရှိဘူးလို့ အမေရိကန်တက္ကသိုလ်က ဘောဂဗေဒပါမောက္ခ George Ayittey က သုံးသပ်ပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ဂါနာ (Ghana) နိုင်ငံသားဖြစ်ပြီး စာအုပ်စာတမ်းအများအပြား ရေးသားထားသူ ဖြစ်ပါတယ်။ ငွေကိုလမ်းခင်းပြီး လိုချင်တာယူတဲ့ တရုတ်စီးပွားရေးလမ်းစဉ်ကြောင့် ရေတိုမှာ အကျိုးခံစားနိုင်ပေမယ့် ရေရှည်မှာ အကျိုးမရှိဘူးလို့ သူကမြင်ပါတယ်။ အကြောင်းကတော့ အနောက်တိုင်းဘဏ္ဍာရေးအဖွဲ့တွေလို စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ တရုတ်က မတောင်းဆိုလို့ဘဲ ဖြစ်ပါတယ်။

ဥပမာ အန်ဂိုလာ (Angola) အစိုးရဟာ ရေနံကရရှိတဲ့ငွေတွေကို သုံးဖြုန်းပစ်ပြီးတဲ့နောက် ဝါရှင်တန်ဒီစီ အခြေစိုက် IMF (International Monetary Fund) အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှာ ဒေါ်လာသန်း (၂၀၀၀) ချေးဖို့ ကြိုးစားခဲ့ပါတယ်။ ငွေမချေးခင် ရေနံကရရှိခဲ့တဲ့ ငွေတွေကို ဘယ်လို သုံးပစ်ကြောင်း အရင်ဆုံးရှင်းပြဖို့ IMF က တောင်းဆိုပါတယ်။ အဲဒီအခါကြတော့ Angola အစိုးရက တရုတ်ဆီက ချေးယူလိုက်ပါတယ်။ တရုတ်ကတော့ အကြွေးကို ရေနံနဲ့ ပြန်ဆပ်ဖို့သာ ပြောဆိုပါတယ်။ အကျင့်ပျက်အစိုးရကို ပြုပြင်ပြောင်းလဲဖို့ စိတ်မကူးပါဘူး။ ဒါကြောင့်မို့ ဖောက်ပြန်နေတဲ့ အစိုးရ ကြီးစိုးရာ နိုင်ငံတွေမှာ တရုတ်ဟာ ငွေကိုလမ်းခင်းပြီး စီးပွားရှာနိုင်တာ ဖြစ်ပါတယ်။

XS
SM
MD
LG