သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဂရက်လွှတ်တော်နဲ့ ဒဏ်ခတ်ပိတ်ဆို့မှု


ကွန်ဂရက်လွှတ်တော်နဲ့ ဒဏ်ခတ်ပိတ်ဆို့မှု
ကွန်ဂရက်လွှတ်တော်နဲ့ ဒဏ်ခတ်ပိတ်ဆို့မှု

ဗမာစစ်အစိုးရကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားတာ ရုတ်သိမ်းပေးဖို့ နိုင်ငံရေးပါတီအချို့က အမေရိကန်အစိုးရကို တောင်းဆိုကြပါတယ်။ တချို့ကလည်း ဒဏ်ခတ်မှုအချို့အဝက်ကိုသာ ရုတ်သိမ်းဖို့ လိုလားကြပါတယ်။ ဗမာစစ်အစိုးရနဲ့ ဆက်ဆံတဲ့မူဝါဒကို အမေရိကန်အစိုးရကျင့်သုံးနေတဲ့အတွက် အခုလို တောင်ဆိုလာကြတာ ဖြစ်ပုံရပါတယ်။ ဒဏ်ခတ်ပိတ်ဆို့ရေး အစီအစဉ်တွေကို သမ္မတလက်အောက်ခံ ဝန်ကြီးဌာနတွေက အကောင်အထည်ဖော်နေတာမို့ အမေရိကန်အစိုးရမှာ ရုတ်သိမ်းပိုင်ခွင့်ရှိသလို ထင်ယောင်ထင်မှား ဖြစ်နိုင်ပါတယ်။ ဗမာစစ်အစိုးရကို ဒဏ်ခတ်ပိတ်ဆို့ရာမှာ အဓိကဦးဆောင်သူဟာ ကွန်ဂရက်လွှတ်တော် ဖြစ်ပါတယ်။ အမေရိကန်သမ္မတ မဟုတ်ပါဘူး။

ဗမာစစ်အစိုးရကို ဒဏ်ခတ်တဲ့ ဥပဒေကို ကွန်ဂရက် အောက်လွှတ်တော်နဲ့ အထက်ဆီးနိတ်လွှတ်တော် နှစ်ရပ်က ၁၉၉၆ မှာ ပြဌာန်းထားတဲ့ဥပဒေကို အမေရိကန်သမ္မတ က ၁၉၉၇ ရာ စတင်ကျင့်သုံးတာကိုကြည့်ရင် ကွန်ဂရက်လွှတ်တော်ရဲ့ သြဇာအာဏာကို ခန့်မှန်းနိုင်ပါတယ်။ အပေါ်ယံကြည့်ရင်တော့ အမေရိကန်အစိုးရက နိုင်ငံခြားလမ်းစဉ်ကို ဖန်တီးတယ်လို့ ပြောနိုင်ပေမယ့် ကွန်ဂရက်လွှတ်တော်ကလည်း အမေရိကန်နိုင်ငံခြားရေးလမ်းစဉ်အပေါ် သြဇာညောင်းနိုင်ပါတယ်။

ဗမာစစ်အစိုးရကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ရာမှာ ကွန်ဂရက်လွှတ်တော်က အရင်ဆုံးဥပဒေပြုပြီး သမ္မတကို ကျင့်သုံးခိုင်းတာဖြစ်ပါတယ်။ စစ်အစိုးရတက်လာတဲ့ ၁၉၈၈ က ၁၉၉၅ အထိ ဗမာစစ်အစိုးရကို အကူအညီမပေးဖို့သာ အမေရိကန်အစိုးရကလည်း စည်းရုံးလှုပ်ရှားခဲ့ပါတယ်။ ဒီအတောအတွင်း ဗမာစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဟာ ပိုမိုဆိုးဝါးလာပါတယ်။ ဒါကြောင့် ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်တဲ့ အမေရိကန်ရောက် မြန်မာတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကွန်ဂရက်လွှတ်တော်အမတ်တွေက ဗမာစစ်အစိုးရကို ပြင်းပြင်းထန်ထန် အရေးယူဖို့ တောင်းဆိုလာကြပါတယ်။ ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူဖို့ ကွန်ဂရက်လွှတ်တော်အမတ်အချို့က အရင်ဆုံးလှုပ်ရှားကြပါတယ်။

ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူရေးနဲ့ ပတ်သက်ပြီး ကွန်ဂရက်လွှတ်တော်မှာ ကြားနာပွဲတွေ ၁၉၉၃ ကစပြီး လုပ်ပါတယ်။ မြန်မာ့ရေးရာကျွမ်းကျင်သူ၊ တသီးပုဂ္ဂလအဖွဲ့ဝင်၊ စီးပွားရေးလုပ်ငန်းရှင်၊ ဆီးနိတ်လွှတ်တော်အမတ် စတဲ့ ပုဂ္ဂိုလ်တွေက ကြားနာပွဲမှာ ထွက်ဆိုကြပါတယ်။ ဗမာစစ်အစိုးရကို အရေးယူဖို့ စိတ်ထက်သန်သူတွေရှိသလို မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့သာ စိတ်ပူသူတွေလည်းရှိပါတယ်။ ဒဏ်ခတ်အရေးယူတဲ့ဖက်က အဓိကအကျဆုံး ပုဂ္ဂိုလ်ဟာ ဆီးနိတ်အမတ် Mitch McConnell ဖြစ်ပါတယ်။ မြန်မာလွတ်လပ်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို မူကြမ်းကို ရေးဆွဲရာမှာ မြန်မာကျောင်းသား၊ တိုင်းရင်းသားခေါင်းဆောင်၊ ဒီမိုကရေစီ အကျိုးဆောင် နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကို တိုင်ပင်တယ်လို့ Mitch McConnell က အတိအလင်း ဖော်ပြပါတယ်။

၁၉၉၅ ခုနှစ် မြန်မာလွတ်လပ်ရေးနဲ့ ဒီမိုကရေစီအက်ဥပဒေမှာ မြန်မာ့သွင်းကုန်ပိတ်ပင်ရေး၊ ရင်းနှီမြုပ်နှံမှု ပိတ်ပင်ရေး၊ မြန်မာပြည်ကို သွားခွင့်ပိတ်ပင်ရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒဏ်ခတ်မှုကို မပိတ်ပင်ဘူးဆိုရင် ထိုင်းနဲ့ တရုတ်ကို ပေးထားတဲ့ ကုန်သွယ်ရေးအခွင့်ထူးတွေ ရုတ်သိမ်းပစ်ဖို့လည်း အကြံပြုထားပါတယ်။ ဒီ အက်ဥပဒေကို ဆီနိတ်လွှတ်တော်မှာ ကြားနားပွဲလုပ်ရာမှာ လူ့အခွင့်အရေး ဦးစားပေးသူတွေရော အမေရိကန်အမှုထမ်းတွေရော ထွက်ဆိုကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့အာရှရေးရာ လက်ထောက်ဝန်ကြီး Wiston Lord က ဒဏ်ခတ်အရေးယူရင် ဗမာစစ်အစိုးရနဲ့ ဆက်ဆံရာမှာ လုပ်ရကိုင်ရ ခက်ခဲသွားတာမို့ သဘောမတူဘူးလို့ ဆိုပါတယ်။ ၁၉၉၅ အက်ဥပဒေအရ ဒဏ်ခတ်အရေးယူတာကို သမ္မတ ကလင်တန် က လက်မခံနိုင်ပါဘူး။ နောက်ပြီးတော့ ဥပဒေပြုပုံနဲ့ ပတ်သက်ပြီး ဘဝင်မကျတဲ့အမတ်တွေလည်း ရှိနေတာမို့ အတည်ပြုတဲ့အဆင့်ကို မရောက်ခဲ့ပါဘူး။

၁၉၉၅ မြန်မာ့လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအက်ဥပဒေကို အတည်မပြုနိုင်ဘဲ ဖြစ်သွားရတဲ့အကြောင်းရင်း နှစ်ခုကို ဆီနိတ်အမတ် Mitch McConnell က ထောက်ပြပါတယ်။ သမ္မတ မထောက်ခံတာဟာ ပထမအကြောင်းရင်းဖြစ်ပြီး ဒုတိယအကြောင်းရင်းက Unicol နဲ့ Texaco ရေနံကုမ္မဏီတွေဘက်က အကြီးအကျယ် lobby လုပ်တာကြောင့် ဖြစ်ပါတယ်။ တနည်းဆိုရင်တော့ စီးပွားရေးဦးစားပေးအုပ်စုက အနိုင်ရသွားလို့ ၁၉၉၅ ခုနှစ်မှာ မြန်မာလွတ်လပ်ရေး နဲ့ ဒီမိုကရေစီအက်ဥပဒေကို ကွန်ဂရက်လွှတ်တော်မှာ မပြဌာန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက် ရှစ်နှစ်ကြာတော့မှ ၂၀၀၃ ခုနှစ်မှာ မြန်မာ့လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအက်ဥပဒေကို ကွန်ဂရက်လွှတ်တော်က ပြဌာန်းလိုက်ပါတယ်။

အတည်မပြုနိုင်တဲ့ ၁၉၉၅ အက်ဥပဒေကို ပြင်ဆင်ပြီး ၁၉၉၆ ခုနှစ်မှာ ကွန်ဂရက်လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုပြဌာန်းပါတယ်။ ဒါပေမဲ့ ၇ လကြာတော့မှ သမ္မတက ကျင့်သုံးဖို့ ဆုံးဖြတ်ပါတယ်။ ဒီဖြစ်စဉ်ကိုကြည့်ရင် အမေရိကန်သမ္မတ မလုပ်ချင်လုပ်ချင် ဖြစ်နေတဲ့ ကိစ္စတွေကို ကွန်ဂရက်လွှတ်တော်က ဥပဒေပြဌာန်းပြီး အကောင်အထည်ဖော်ဖို့ တိုက်တွန်းတာ တွေ့ရပါတယ်။ ဒါကြောင့်မို့ ကွန်ဂရက်လွှတ်တော်မှာ စီးပွားရေး ဦးစားပေး lobby အုပ်စု သြဇာညောင်းလာမှသာ ဒဏ်ခတ်ပိတ်ဆို့မှုကို ရုတ်သိမ်းဖို့ အလားအလာပေါ်ထွက်လာဖွယ်ရှိကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG