ဗမာစစ်အစိုးရက အဏုမြူလက်နက်ထုတ်လုပ်ဖို့ ကြိုးစားတယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး အငြင်းပွား စရာတွေ ဖြစ်နေတဲ့အတွက် (International Atomic Energy Agency (IAEA)) အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအားအေဂျင်စီက မြန်မာပြည်ကို သွားရောက်စစ်ဆေးလိုကြောင်း စာရေးအကြောင်းကြား ထားတယ်လို့ ဒီဇင်ဘာလ (၁၈) ရက်နေ့က Wall Street Journal သတင်းဆောင်းပါးမှာ ဖော်ပြထား ပါတယ်။ ဗမာအစိုးရရဲ့ အဏုမြူလက်နက်စီမံကိန်းဟာ မဖြစ်စလောက်သာဖြစ်ပေမဲ့ လျှို့ဝှက် အကောင်အထည်ဖော်ပြီး မြောက်ကိုရီးယားနဲ့ဆက်သွယ်တာကြောင့် မယုံသင်္ကာ ဖြစ်လာကြတာပါ။
အခုတလော အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လျှို့ဝှက်ပေးစာတွေ ပေါက်ကြား သွားတာကြောင့်လည်း တိုးတိုးတိတ်တိတ်လုပ်တတ်တဲ့ မြန်မာနဲ့မြောက်ကိုရီးယားရဲ့ဆက်သွယ်မှုကို စိတ်ဝင်စားလာကြတာပါ။ အဏုမြူလက်နက် စမ်းသပ်ဖောက်ခွဲမှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒဏ်ခတ်အရေးယူထား တဲ့ မြောက်ကိုရီးယားဟာ ဗမာစစ်အစိုးရကို အဏုမြူလက်နက်နဲ့ဒုံးလက်နက် အတတ်ပညာသင်ပေးနေ တယ်ဆိုတဲ့ သတင်းထွက်နေတာ နှစ်အတော်ကြာနေပါပြီ။ ဗိုလ်ချုပ်ကြီးသူရရွှေမန်းခေါင်းဆောင်တဲ့ လျှို့ဝှက် စစ်မစ်ရှင် ၂၀၀၈ နိုဝင်ဘာလမှာ မြောက်ကိုရီးယားကိုသွားတဲ့ သတင်းပေါက်ကြားတော့ မြန်မာ-မြောက်ကိုရီးယားဆက်သွယ်မှုကို ပိုပြီးမယုံသင်္ကာ ဖြစ်လာကြပါတယ်။
အဏုမြူလက်နက်စီမံကိန်းမှာကိုယ်တိုင်ပါဝင်ခဲ့သူ ဗိုလ်မှူးစိုင်းသိန်းဝင်း လွန်ခဲ့တဲ့နှစ် ဇွန်လအစောပိုင်းက အထောက်အထားနဲ့ဖော်ပြတော့မှ အဏုမြူလက်နက် ရနိုင်အောင် ကြိုးပမ်းနေပုံကို သိရပါတယ်။ အဏုမြူလက်နက်နဲ့ ဒုံးလက်နက်ဆိုင်ရာပစ္စည်းကို မြောက်ကိုရီးယားနဲ့အရောင်းအဝယ်မလုပ်ဖို့ ကုလ သမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ပင်ထားပါတယ်။ ဒီလို ပိတ်ပင်ထားတာ ဘယ်လောက်ထိရောက်တယ် ဆိုတာကို စစ်ဆေးဖို့အတွက် ကျွမ်းကျင်သူ (၇) ဦး ပါဝင်တဲ့အဖွဲ့ကို ၂၀၀၉ ဇွန်လမှာဖွဲ့စည်းပါတယ်။
ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့က လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလ (၅) ရက်နေ့မှာ စာမျက်နှာ (၇၀) အစီရင် ခံစာကို ထုတ်ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ပင်ထားတဲ့ ပစ္စည်းတွေကို မြောက် ကိုရီးယားအစိုးရက မြန်မာ၊ အီရန် နဲ့ ဆီးရီးယားတို့ကို နည်းမျိုးစုံသုံးပြီး တင်ပို့ရောင်းချနေတဲ့ အထောက် အထားတွေ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
မှောင်ခိုလမ်းကြောင်းက တိတ်တဆိတ်ဆက်သွယ်ပြီး အပေးအယူ၊ အရောင်းအဝယ်လုပ်တာဟာ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ဖောက်ဖျက်တာနဲ့အတူတူပါ။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာ အရေးယူဖို့ကိစ္စကို ဖော်ပြမထားပေမဲ့ ကောင်စီဝင်အားလုံး တညီတညွတ်တည်း ဆုံးဖြတ်လိုက်တယ် ဆိုတာကပဲ ကုလသမဂ္ဂရဲ့ သဘောထားကို ပြသရာရောက်နေပါတယ်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ကို မြောက်ကိုရီးယားနဲ့ မြန်မာလိုက်နာရေးအတွက် တရုတ်နဲ့ရုရှားမှာ တာဝန်ရှိလာပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ ဗမာစစ်အစိုးရကို ဒေသဆိုင်ရာအန္တရာယ်လို့ တရုတ်ကမမြင်ပါဘူး။ ဒါကြောင့် ဗမာအစိုးရကို အရေးယူဖို့ အခက်အခဲရှိသလို မြောက်ကိုရီးယားကို အရေးယူရာမှာလည်း ခက်ခဲနေပါတယ်။
တောင်ကိုရီးယားရေငုပ်သင်္ဘောနဲ့ ယောင်ဖြွန်းကျွန်းတို့ကို မြောက်ကိုရီးယားကတိုက်ခိုက်တာကို ဒေသ ဆိုင်ရာအန္တရာယ်လို့ ဂျပန်၊ တောင်ကိုရီးယားနဲ့အမေရိကတို့က မြင်သလို တရုတ်ကမမြင်ပါဘူး။ မြောက်နဲ့တောင် ကိုရီးယားနှစ်နိုင်ငံရဲ့ ပဋိပက္ခသာဖြစ်တယ်လို့ တရုတ်ကမြင်ပါတယ်။
တောင်ကိုရီးယားမှာ အမေရိကန်စစ်အင်အားတိုးပွားလာတာကသာ ဒေသဆိုင်ရာအတွက် အန္တရာယ်ရှိ တယ်လို့ တရုတ်က မြင်ပါတယ်။ ပြည်တွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်ခိုက်နေတဲ့ ဗမာစစ်အစိုးရကိုလည်း အန္တရာယ်လို့ မမြင်ပါဘူး။ ကိုရီးယားကျွန်းဆွယ်နဲ့ မြန်မာနိုင်ငံမှာ အင်အားကြီး နိုင်ငံက စစ်တပ်တွေ လာရောက်စခန်းချထားတာကသာ တရုတ်ပြည်အတွက် အန္တရာယ်ရှိတယ်လို့ မြင်ပါတယ်။
မြန်မာစစ်အစိုးရမှာ အဏုမြူလက်နက်ထုတ်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင် အဏုမြူစီမံကိန်းကို အစစ်ဆေးခံနိုင်ရလိမ့်မယ်။ အရပ်ဘက်သုံး အဏုမြူဓာတ်ပေါင်းဖိုကို စစ်တပ်ရဲ့ လျှို့ဝှက်စီမံကိန်း အဖြစ် လုပ်ကိုင်နေတာဟာ မယုံသင်္ကာဖြစ်စရာပါ။
နိုင်ငံခြားစစ်တပ်တွေ ကျူးကျော်ဝင်ရောက်လာမှာကို အမြဲတမ်း တွေးကြောက်နေတဲ့ ဗမာစစ်အစိုးရ ခေါင်းဆောင်ပိုင်းရဲ့ လျှို့ဝှက်စီမံကိန်း အကောင်အထည်ဖော်မှုနဲ့ မြောက်ကိုရီးယားနဲ့ ဆက်သွယ်မှု ကြောင့် ဗမာစစ်အစိုးရကို ပိုပြီးသံသယဖြစ်နေကြတာပါ။
အဏုမြူစွမ်းအင်က လျှပ်စစ်ဓာတ်အားထုတ်ယူဖို့ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေမှာ စီမံကိန်း တွေ ရှိပါတယ်။ မလေးရှားနဲ့ဖိလစ်ပိုင်ကလည်း အဏုမြူဓာတ်အားကို စိတ်ဝင်စားနေကြပါတယ်။ နောက် (၁၀) နှစ်လောက်ဆိုရင် အဏုမြူဓာတ်အားပေးစက်ရုံတွေ ရှိလာနိုင်ပါတယ်။ အဏုမြူစက်ရုံကနေ လက်နက်ပစ္စည်းပါထုတ်လုပ်နိုင်တာမို့ ကုလသမဂ္ဂ အဏုမြူစွမ်းအားအေဂျင်စီနဲ့ အာဆီယံ အာဏာပိုင်တို့ ပူးတွဲဆောင်ရွက်ရမယ့် အချိန်ရောက်လာပါလိမ့်မယ်။ အာဆီယံနိုင်ငံတွေမှာ အဏုမြူ လက်နက်မထားဖို့ ၁၉၉၇ မှာ စာချုပ် ချုပ်ဆိုပြီး ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ အဏုမြူဓာတ်အားကို ငြိမ်းချမ်းစွာအသုံးပြု နိုင်ကြောင်း စာချုပ်အပိုဒ် (၄) မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် အဏုမြူစွမ်းအားအသုံးပြုဖို့ အတိအလင်းကြိုးပမ်းတာဟာအပြစ်မဟုတ်ဘဲ မြောက်ကိုရီးယားနဲ့ လျှို့ဝှက်အပေးအယူလုပ်တာကသာ အပြစ်ကျူးလွန်နေသလို ဖြစ်နေပါတယ်။