တိုင်ဖွန်းမုန်တိုင်း Gaemi(ဂေမီ) ကြောင့် ထိုင်ဝမ်နိုင်ငံရဲ့တောင်ဘက် (ရေမိုင်) ၁၉မိုင်အကွာ တောင်တရုတ်ပင်လယ်ထဲမှာ မနေ့က ညနေပိုင်းက တစီးနစ်မြုပ်ပြီး တစီးက သောင်တင်ခဲ့တာမှာ သင်္ဘောနှစ်စီးလုံးမှာ မြန်မာနိုင်ငံသားဝန်ထမ်းတချို့ ပါဝင်နေပြီး ထိုင်ဝမ် ကမ်းခြေစောင့်အာဏာပိုင်တွေနဲ့ ဆက်သွယ်ဖို့ မြန်မာ ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့အစည်းတွေက ကြိုးစားနေကြောင်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။
တန်ဇန်းနီးယားအလံ လွှင့်ထူထားပြီး မြန်မာသင်္ဘောသား ၉ယောက် လိုက်ပါလာတဲ့ Fu Shun ကုန်သင်္ဘောဟာ ထိုင်ဝမ် Kao-hsiung ဆိပ်ကမ်းကနေ ထွက်ခွာအပြီး ရေမိုင် ၁၉မိုင်လောက်မှာ တိုင်ဖုန်းမုန်တိုင်းကြောင့် နစ်မြုပ်ခဲ့ပါတယ်။ အဲဒီလို နစ်မြုပ်သွားတဲ့အတွက် သင်္ဘောပေါ်ပါလာတဲ့ မြန်မာဝန်ထမ်း ၉ယောက်လုံးက အသက်ကယ်ဂျက်ကက်တွေဝတ်ပြီး သင်္ဘောပေါ်ကနေ ခုန်ချသွားတာဖြစ်ကြောင်း
ထိုင်ဝမ်မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောဆိုထားတာပါ။
Fu Shun သင်္ဘောမှာပါတဲ့ မြန်မာ ၉ယောက်ထဲက ၄ယောက်ကို ကယ်နိုင်ခဲ့ပေမဲ့ သင်္ဘောကပ္ပတိန်ကတော့ သေဆုံးသွားတယ်လို့ ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ကျန်တဲ့သူတွေကို ဆက်ပြီး ရှာဖွေနေတယ်လို့ ပြောပါတယ်။ ဒီကိစ္စကို ဆောင်ရွက်နေတဲ့ မြန်မာ့ရေကြောင်းဦးစီးဌာနက အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးကတော့ ရရှိထားတဲ့ သတင်းတွေအရ Fu Shun သင်္ဘောမှာပါတဲ့ မြန်မာထဲက လေးယောက်ကို ကယ်ဆယ်ထားနိုင်ပြီလို့ ပြောပါတယ်။
နောက်ထပ် ကုန်သင်္ဘောတစီးကတော့ မုန်တိုင်းအတွင်း သောင်တင်သွားတာဖြစ်ပြီး မြန်မာသင်္ဘောသား ကပ္ပတိန်ကို ကယ်ဆယ်ထားနိုင်တယ်ဆိုတဲ့ သတင်းကို ကြားရကြောင်း၊ နှစ်စီးလုံးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ထိုင်ဝမ်ကမ်ခြေစောင့် တပ်ဖွဲ့တွေနဲ့ ဆက်သွယ်ထားကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က ပြောပါတယ်။ အသေးစိတ်ကို လက်တလောမှာ အတိအကျ မပြောနိုင်သေးကြောင်း သူက အခုလို ပြောပါတယ်။
" ကျနော်တို့အနေနဲ့ အဲဒီဟာရဲ့ အသေးစိတ်၊ နှစ်ခုလုံးရဲ့အသေးစိတ်ကို ပြောဖို့ နည်းနည်းလေး ခက်နေသေးတယ်။ ကျနော်တို့က ဘာလုပ်ထားလဲဆိုတော့ သင်္ဘောသား ၉ ယောက် Life jacket နဲ့ ရေထဲဆင်းသွားပါတယ်ဆိုတဲ့ မိသားစုတွေကိုတော့ ကျနော်တို့ အဖွဲ့ချုပ်ကို လာရောက် ဆက်သွယ်ပါဆိုပြီး ဖိတ်ခေါ်ထားတယ်။ ရေထဲဆင်းသွားပြီး ရှာလို့တွေ့တယ်၊ ကမ်းနားကိုလည်း ဘာမှ မထိမခိုက်ဘဲ ရောက်သွားတယ်ဆိုရင်တော့ နောက်ဆက်တွဲပြဿနာ သိပ်ရှင်းဖို့ မလိုဘူးပေါ့လေ။ အကယ်၍ ပျောက်သွားတယ်လို့ ယူဆရင် ကျနော်တို့က သူတို့ရဲ့ အသက်အာမခံ လျော်ကြေးကိစ္စတွေ အကြံပြုချင်တဲ့အတွက် အဖွဲ့ချုပ်ရုံးကို ဖိတ်ထားတာပါ။"
တနာရီ မိုင် ၁၄၀ကျော် (124 Knots) တိုက်ခတ်နေတဲ့ ဂေမီတိုင်ဖွန်းမုန်တိုင်းကြောင့် ထိုင်ဝမ်အနီး တောင်တရုတ်ပင်လယ်ထဲမှာ ၂၄နာရီအတွင်း သင်္ဘောတစင်း နှစ်မြုပ်ပြီး နောက်တစင်းကတော့ သောင်တင်ခဲ့ပါတယ်။ တိုင်ဖုန်းမုန်တိုင်းကြောင့် ထိုင်ဝမ်ကျွန်းမှာ ပျက်စီးဆုံးရှုံးမှုနဲ့ အသေအပျောက်တချို့ရှိပြီး ၈နှစ်အတွင်း အပြင်းထန်ဆုံး မုန်တိုင်းဖြစ်တယ်လို့လည်း သတင်းတွေက ရေးသားကြပါတယ်။
Forum