သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်တိုင်ဖုန်း ၁၉ ဦးထက်မနည်းသေ


Doksuri မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူသေဆုံးမှုရှိ
Doksuri မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူသေဆုံးမှုရှိ

ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံတွေဘက်ကို တိုက်ခတ်နေတဲ့ အင်အားပြင်း Doksuri မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူတွေသေဆုံးပြီး ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်နေကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့နားမှာ လေပြင်းကြောင့် ကူးတို့သင်္ဘောတစီး ဒီနေ့ တိမ်းမှောက်ခဲ့လို့ ၁၉ ‌ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကူးတို့သင်္ဘောပေါ်မှာ ဘယ်နှယောက် ပါသွားသလဲဆိုတာ ချက်ချင်းမသိရပေမယ့် ၄၀ ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ Binangonan မြို့ သဘာဝဘေးဒဏ် တုန့်ပြန်ရေး အေဂျင်စီ အကြီးအကဲ Jose Hernandez ကပြောပါတယ်။ ကူညီ ကယ်ဆယ်ရေးတွေကိုလည်း ဆက်လုပ်နေပါတယ်။

ကမ်းကနေ ၄၅ မီတာလောက်အကွာရောက်ချိန် လေပြင်းတိုက်ခတ်တဲ့အတွက် ခရီးသည်တွေ ထိတ်လန့်ပြီး သင်္ဘောတဖက်ခြမ်းမှာ သွားစုကြရာက အဲဒီ ကူးတို့သင်္ဘောမှောက်ခဲ့တာလို့ ကမ်းရိုးတမ်းစောင့်တပ်ကလည်း ကြေညာချက် ထုတ်ပြန်ပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ အင်အားပြင်းမုန်တိုင်းကြောင့် ၆ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး၊ အိမ်ခေါင်မိုးတွေ လန်ထွက်ခဲ့သလို၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ခဲ့တယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောပါတယ်။

လူနေထူထပ်တဲ့ မနီလာမြို့တော်အပါအဝင် နိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းပြည်နယ်မှာလည်း မိုးအကြီးအကျယ် ရွာသွန်းနေပါတယ်။ ဖိလစ်ပိုင်ကနေ ထိုင်ဝမ်ကျွန်းဘက် ဒီနေ့ ဝင်ရောက်တိုက်ခတ်နေတဲ့ ဒီမုန်တိုင်းဟာ သောကြာနေ့ကျရင် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

Doksuri မုန်တိုင်းကြောင့် ထိုင်ဝမ်ကျွန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ လေကြီး မိုးကြီးကျရောက်နေပြီး အကြီးဆုံးမြို့ကြီး ၂ ခုက ကျောင်းတွေ ရုံးတွေကို ပိတ်ထားရပါတယ်။ ထိုင်ဝမ်မိုးလေဝသဗြူရိုရဲ့ ခန့်မှန်းချက်အရ ဒီနေ့မှာတော့ မုန်တိုင်းအနည်းငယ် အားပျော့သွားပြီး လေတိုက်နှုန်း တနာရီကို ၉၆ မိုင်နှုန်း၊ လေပြင်းတိုက်နှုန်း တနာရီကို မိုင် ၁၂၉ နီးပါးနဲ့ ဆက်လက်တိုက်ခတ်နေပါတယ်။​ ထိုင်ဝမ် ကျွန်းမကြီးကိုတော့ မုန်တိုင်း ဝင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းထားပါတယ်။ တောင်ပိုင်းက Kaohsiung ဆိပ်ကမ်းမြို့နဲ့ Tainan ရှေးဟောင်းမြို့တော်မှာတော့ ကျောင်းတွေ ရုံးတွေကို ဒီနေ့ ပိတ်ထားပါတယ်။

တရုတ်နိုင်ငံမှာလည်း မုန်တိုင်းဝင်ရောက်လာမှာကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကမ်းရိုးတမ်းမြို့တချို့က ကျောင်းတွေ စီးပွားရေးလုပ်ငန်းတွေကို ဒီနေ့ကတည်းက ပိတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG