မြန်မာနိုင်ငံမှာ သဘာ၀ အရင်းအမြစ်တွေကို အလွန်အကျွံ ထုတ်လုပ်နေတာကြောင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမယ့် အန္တရာယ် ရှိတယ်လို့ ကျွမ်းကျင်သူတွေ သတိပေးနေပါတယ်။ ရွှေ၊ ကျောက်စိမ်း၊ သစ်နဲ့ မြေရှားသတ္တု စတဲ့ ဈေးကွက်ရှိနေတဲ့ ဒီလိုသယံဇာတတွေကို အလွန်အကျွံ ထုတ်ယူသုံးစွဲနေတာကြောင့် ဆိုးရွားတဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေ ကြုံရလိမ့်မယ်လို့လည်း ပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက သတိပေးလိုက်တာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး အလိမ္မာ တင်ပြထားပါတယ်။
ပဲခူးရိုးမထဲက ကျွန်းသစ်တွေဟာ တရက်ကို ကုန်ကားအစီးရေ ၁၀၀ ကျော်လောက် ခုတ်လှဲခံနေရကြောင်း ပဲခူးတိုင်းထဲက ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ သစ်ခိုးထုတ်သူတွေဟာ ကားကြီး၊ ကားငယ်တွေနဲ့ နေ့တိုင်းသယ်ယူနေပြီး မြဝတီနယ်စပ်ကတဆင့် ပြည်ပကိုရောင်းချနေတယ်လို့ ပြောပါတယ်။ ဒါကို တားဆီးမဲ့သူမရှိတဲ့အတွက် ပဲခူးတိုင်းထဲက တော်လှန်ရေး အင်အားစုတချို့က ဒါကို ရပ်တန့်နိုင်ဖို့ ကြိုးပမ်းနေကြောင်း ရိုးမစစ်ကြောင်း(၂)၊ တပ်ရင်း(၁)ရဲ့ ဒုတပ်ရင်းမှူး မင်းခေါင်က ဗွီအိုအေကို ပြောပါတယ်။
" အိတ်စပို့သစ်တွေပေါ့ ကျွန်းသစ်ရယ်၊ လျှာထိုးရယ် အဓိကထုတ်တယ်။ ဂိတ် ၄ ဂိတ်ကနေ မြဝတီကို အဓိကပို့တာပေါ့လေနော်၊ ၁၃၁ အုတ်တွင်းမိုင်ဂိတ်၊ ပြီးတော့ ၉၉ မိုင် ၄ ဖာလုံရယ်၊ ၁၁၃ ဖြူးဂိတ်ရယ်၊ မြို့ကျောင်းလမ်းခွဲ အဲဒီဂိတ်တွေက ဒီကောင်တွေက အဓိကဖြတ်တာပေါ့လေနော်။ ကျွန်းသစ်က တနေ့ကို အနည်းဆုံး တန် ၁၀၀ လောက်နဲ့ ကားရာချီ တနေ့တနေ့ထွက်တာ အများကြီး။ လနဲ့ချီ ထောင်နဲ့သောင်းနဲ့ ချီတာပေါ့လေနော်။ သစ်ခွဲစက်တွေ အလုံး ၃၀ လောက်ထိုင်ထားပြီး ထုတ်နေတာပေါ့လေနော်။"
ကချင်ပြည်နယ် ရွှေကူမြို့နဲ့ နေရာအနှံ့မှာ ရွှေတူးဖော်တဲ့ လုပ်ကွက်တွေ ပေါ်လာသလို ကျောက်စိမ်းနဲ့ မြေရှားသတ္တု တူးဖော်မှုတွေလည်း လုပ်ကွက်တွေ ကျယ်လာပါတယ်။ ဓာတုဆေးဝါး အလွန်အကျွံသုံးစွဲနေတဲ့ မြေရှားသတ္တု လုပ်ငန်းခွင်တွေကြောင့် သစ်တောနဲ့ ရေအရင်းအမြစ် ပျက်စီးနေကြောင်း မြေရှားသတ္တုတူးဖော်မှု ဆန့်ကျင် ကန့်ကွက်ရေးကော်မတီရဲ့ တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။
" သူတို့ ဖျော်ရည်စိမ့်ကန်လုပ်ဖို့ မြေတူးတယ်၊ သစ်ပင်တွေ ခုတ်ထားတယ်၊ အလုပ်သမားတွေလည်း အဲကို အလျှိုလျှိုသွားနေကြတယ်ဆိုတဲ့ သတင်းတော့ရပါတယ်။ သူ့ရဲ့ ဆိုးကျိုးတွေလည်း မျက်မြင်ကိုယ်တွေ့ သူတို့မြင်နေရပါတယ်၊ အခု အစိုးရ နှစ်ရပ်လား၊ သုံးရပ်လား အစိုးရတွေရဲ့ သူတို့ရဲ့ သဘောတရားကလည်း ကျန်တဲ့သူတွေ ဝင်ရောက်စွက်ဖက်ခြင်း မရခြင်းကလည်း တဖက်ရှိလို့ ကျနော်တို့တွေလည်း ဒေသခံတွေနဲ့ အတူတကွပါဝင်ပြီး ကန့်ကွက်တာပေါ့။ ပရမ်းပဒါပေါ့နော် စည်းမဲ့ကမ်းမဲ့ တူးဖော်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိသလောက် မှတ်သလောက် အမြင်ဖွင့်ပေးခြင်းတော့ ကျနော်တို့ ပြုလုပ်ပါတယ်။"
အလားတူ တနင်္သာရီ၊ ထားဝယ်မြစ်ထဲကို စီးဝင်တဲ့ သစ်တောကြိုးဝိုင်းထဲက ချောင်းမြောင်းတွေဟာ ၁၆မိုင်လောက်ရှိတဲ့ ရွှေလုပ်ကွက်တွေကြောင့် ပျက်စီးသွားပြီလို့ Dawei Watch သတင်းဌာနက ရေးသားခဲ့ပါတယ်။ ဒီကြိုးဝိုင်းသစ်တောကို ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းသွင်းဖို့ ၂၀၁၈ ကကြိုးစားခဲ့ကြပေမဲ့ အခုတော့ ဘောလုံးကွင်း ၁,၃၀၀ ကျော်လောက်နဲ့ ညီမျှတဲ့ ရွှေလုပ်ကွက်တွေနဲ့ ပြည့်နေပြီလို့ ပြောပါတယ်။
စစ်ဖြစ်နေတဲ့နိုင်ငံမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စက ဦးစားပေးဖြေရှင်းရမဲ့ ကိစ္စမဟုတ်ကြောင်း တချို့က ဝေဖန်၊ သုံးသပ်ကြပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တခုမှာ ပါဝင်နေသူတဦးကတော့ သူ့အနေနဲ့ နိုင်ငံတည်ဆောက်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒီနှစ်ခုလုံးကို အရေးကြီးတဲ့ကိစ္စလို့ မြင်ကြောင်း ဗွီအိုအေကို ပြောပါတယ်။
" ယန္တရားတခုလုံးက ကိုယ်ရရင် ကိုယ်စားပေါ့နော်၊ အဲလိုပုံစံမျိုး ဖြစ်နေတဲ့အခါကြတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှာစိုးလို့ ဒါတွေကို လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာ ဘယ်သူမှ မစဉ်းစားတော့ဘဲနဲ့ ဒီအချိန်မှာ ငါတို့ဘာရမလဲဆိုတဲ့ လူအုပ်ကြီးက အများကြီးပေါ့။ ဘယ်သူမှ ထိန်းသိမ်းတဲ့ဟာ မရှိတော့ဘူး၊ တကယ့်ကို စိုးရိမ်စရာပဲ။ ဒီထက်အရေးကြီးတဲ့ ပြဿနာက ရှိနေတဲ့အခါကြတော့ အများစုက ဒီကိစ္စတွေကို အာရုံမစိုက်ကြဘူးပေါ့နော်။ ကျနော်တို့အနေနဲ့ကြတော့ ပြိုင်တူသွားရမယ်လို့ မြင်တာပေါ့နော်။ အခြားသောအရာတွေက ပြန်ပြီး ပြုပြင်လို့ရပေမဲ့ သဘာဝပတ်ဝန်းကျင်ကလေ ပျက်စီးသွားရင် ပြန်ပြီး recover လုပ်ဖို့ အရမ်းခက်တဲ့ ကိစ္စဖြစ်လို့ ကျနော့အမြင်ကတော့ အရေးကြီးတယ်ပေါ့နော်။"
အလုပ်အကိုင်ရှားပါးမှုနဲ့ ပဋိပက္ခတွေက သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ အကြောင်းအရင်းတချို့ ဖြစ်တယ်လို့ သုတေသန စာတမ်းတွေက ရေးသားကြပါတယ်။ စစ်ဖြစ်တဲ့နေရာတွေမှာ စည်းကမ်းမဲ့ သယံဇာတ တူးဖော်၊ ထုတ်လုပ်မှုတွေ ဆက်ပြီးရှိနေဦးမယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။
Forum