မြန်မာနိုင်ငံမှာ သစ်တောနဲ့သစ်လုပ်ငန်းဟာ အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။ ကမ္ဘာမှာ တန်းဖိုးထားတဲ့ ကျွန်း၊ ပျဉ်းကတိုး၊ တမလန်နဲ့ ပိတောက်တို့ကို မြန်မာ့သစ်တောမှာသာ တွေ့နိုင်ပါတယ်။ သစ်တောစီမံခန့်ခွဲမှုမှာ အစဉ်အလာ ကြီးမားတဲ့နိုင်ငံ ဖြစ်ပါတယ်။ သစ်ထုတ်လုပ်မှု လျှော့ချတာတောင် အစိုးရအသုံးစရိတ်ရဲ့ (၈) ရာခိုင်နှုန်းကို သစ်တောကဏ္ဍက ပေးနေတုန်းပါ။ ကျေးလက်လူထု (၇၅) ရာခိုင်နှုန်းလောက်သာ ထင်းမီးကို အားကိုးနေတုန်း ဖြစ်ပါတယ်။ တောထွက်ရိက္ခာ၊ ဆေးဝါးကလည်း လူထုအတွက် အသုံးဝင်ပါတယ်။ ဒါကြောင့် အာရှဖောင်ဒေးရှင်းက စာမျက်နှာတစ်ရာကျော် သစ်တောကဏ္ဍအစီရင်ခံစာကို မကြာမီက ထုတ်ပြန်ထားပါတယ်။ မြန်မာ (၆) ဦး ပါဝင်တဲ့ (၁၈) ဦးအဖွဲ့က ပြုစုထားပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ သစ်တောစီမံအုပ်ချုပ်မှုနဲ့ ဆက်စပ်နေတာဟာ မြန်မာရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ သစ်တောဧရိယာရဲ့ သုံးပုံနှစ်ပုံဟာ လက်နက်ကိုင်တွေ ကြီးစိုးနေတဲ့ တိုင်းရင်းသားဒေသမှာ ရှိပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ သစ်တောတွေ ကျန်ရှိနေပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဒဏ်တွေကိုလည်း ခံနေရတဲ့ မြို့နယ်က တစ်ရာကျော် ရှိပါတယ်။
သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ သဘာဝသယံဇာတနဲ့ သစ်တောစီမံအုပ်ချုပ်ရေးစနစ် ကျင့်သုံးပြီး ဒေသခံတွေကိုလည်း လုပ်ပိုင်ခွင့်ပေးရင် ပဋိပက္ခ လျော့နည်းလာပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။ အစုအဖွဲ့ပိုင်သစ်တောနဲ့ တနိုင်တပိုင် သစ်တောစနစ်တွေကို ကျင့်သုံးနိုင်ရင် ဝင်ငွေကောင်းလာပြီး ကျေးလက်ဆင်းရဲမှု လျော့နည်းစေနိုင်ပါတယ်။ အစုအဖွဲ့ပိုင်သစ်တော များရင်များသလို ဝင်ငွေကောင်းလာတာမို့ ဒေသခံပြည်သူလူထုဟာ သစ်တောစီမံရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးမှာပါ စိတ်ဝင်စားလာနိုင်ပါတယ်။ သစ်လုံးတင်ပို့တာထက် သစ်သားမျိုးစုံထုတ်လုပ်ပြီး တင်ပို့တာက အမြတ်ပိုမို ရရှိနိုင်ပါတယ်။ အဖိုးတန်သစ်တွေ ထွက်နေတဲ့ မြန်မာပြည်မှာ သစ်သားထုတ်လုပ်မှုအဆင့် နိမ့်ကျနေတဲ့အတွက် အကျိုးအမြတ် ရသင့်သလောက် မရတာကိုလည်း ကမ္ဘာ့ဘဏ်အုပ်စုက ထောက်ပြပါတယ်။ ဒီနေရာမှာ ဗိယက်နမ်နိုင်ငံကို စံနမူနာထားသင့်တယ်လို့ ဥပမာပေးထားပါတယ်။
ဗိယက်နမ်မှာ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေက သစ်သားထုတ်လုပ်ရေးမှာ ရင်းနှီးမြုပ်နံှလာကြတာ ဆယ်နှစ်လောက် ရှိနေပါပြီ။ အခုဆိုရင် သစ်သားမျိုးစုံ ထုတ်လုပ်ရေးမှာ ရင်းနှီးမြုပ်နံှလာကြတာ ဆယ်နှစ်လောက် ရှိနေပါပြီ။ အခုဆိုရင် သစ်သားမျိုးစုံ ထုတ်လုပ်ရာမှာ ပဉ္စမအဆင့်က လိုက်နေပြီး၊ မြန်မာ့ထက် အဆပေါင်း (၂၀) လောက် ဝင်ငွေပိုကောင်းနေပါတယ်။ မြန်မာပြည်မှာ စစ်အစိုးရခေတ်က တောပြုန်းတဲ့အထိ သစ်ထုတ်ယူခဲ့တဲ့ဒဏ်ကို အခုထိ ခံနေရတုန်းပါ။ ၂၀၁၄ ကစပြီး သစ်လုံးတင်ပို့မှုကို ပိတ်ပင်လိုက်တာဟာ ပြုပြင်ပြောင်းလဲရေးအတွက် အလားအလာ ကောင်းသွားပါတယ်။ ဒါပေမဲ့ သစ်ခိုးထုတ်မှုနဲ့ အဂတိလိုက်စားမှုတွေ ရှိနေဆဲမို့ ပြုပြင်ရေးလည်း နှေးကွေးနေပါတယ်။ အတတ်ပညာ၊ အရင်းအနှီးနဲ့ ကျွမ်းကျင်လုပ်သား ရှားပါးတဲ့ပြဿနာကို သစ်တောကဏ္ဍမှာလည်း ကြုံတွေ့နေရပါတယ်။ သိသာမြင်သာရေးနဲ့ အစုအဖွဲ့ပိုင် သစ်တောစနစ် အလားအလာကောင်းတယ်လို့ ဆိုပါတယ်။
သစ်တောကာကွယ်ရေးစောင့်ရှောက်ရေး လုပ်နေတုန်း သစ်တောကို ပျက်စီးစေတဲ့ လုပ်ရပ်တွေ ရှိနေတာကို တွေ့ရပါတယ်။ လယ်ယာစီးပွားရေးလုပ်ငန်း ချဲ့ထွင်မှု၊ အခြေခံ အဆောက်အအုံ တည်ဆောက်မှု၊ သစ်ခိုးထုတ်မှု စတာတွေကြောင့် မြန်မာ့သစ်တောတွေ ပျက်စီးရပါတယ်။ ဒါကြောင့် ဒေသခံတွေ ကာကွယ်စောင့်ရှောက်နေတဲ့ သစ်တောတွေ ဆက်လက်ရှင်သန်နေရေးအတွက် သင့်တော်တဲ့နည်းလမ်းတွေ ရှာဖွေဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ကြိုးပမ်းရပါလိမ့်မယ်။ ကျေးလက်ပြည်သူလူထု အများစုဟာ ထင်းမီးကို အသုံးပြုနေတုန်း ဖြစ်ပေမယ့် ဒီကိစ္စကို အသေအချာ စစ်တမ်းကောက်ယူတာမျိုး မရှိသေးပါဘူး။ အစုအဖွဲ့ပိုင် သစ်တောစနစ် ပိုမိုခိုင်မာလာပြီး အားကောင်းလာဖို့အတွက် စီမံခန့်ခွဲဖို့ လိုအပ်တယ်လို့လည်း ဖော်ပြပါတယ်။
ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ အစုအဖွဲ့ပိုင် သစ်တောပြုစုပျိုးထောင်ရေးနဲ့ စီမံခန့်ခွဲရေးကို အဓိကထားတာကို တွေ့ရပါတယ်။ အစုအဖွဲ့ပိုင်သစ်တောက ဝင်ငွေရလာတာဟာ ကျေးလက်ဆင်းရဲမှု လျော့နည်းစေနိုင်ပါတယ်။ လုပ်ငန်းကို ဒေသခံတွေ နားလည်သဘောပေါက်ဖို့ သစ်တောဌာနက ပညာပေးရမျာ ဖြစ်ပါတယ်။ အစုအဖွဲ့ပိုင်သစ်တောကို စီးပွားရေးလုပ်ငန်းအဖြစ် အသွင်ပြောင်းရာမှာ လိုအပ်တဲ့ အကူအညီကို သစ်တောဌာနက ပံ့ပိုးရပါလိမ့်မယ်။ အသေးစားပုဂ္ဂလိကပိုင် သစ်တောစိုက်ခင်း တည်ထောင်ရေးကိုလည်း ထောက်ခံအားပေးထားပါတယ်။ အစုအဖွဲ့ပိုင် သစ်တောစနစ်ကို တိုင်းရင်းသားအဖွဲ့အစည်းတွေမှာ ကျင့်သုံးနိုင်အောင် ကြိုးပမ်းသင့်တယ်လို့ ဆိုပါတယ်။
တောပြုန်းနေပြီဆိုပေမယ့် တချို့နေရာတွေမှာ သစ်တောထိန်းသိမ်းရေးလုပ်ဖို့ အချိန်ရှိနေသေးတာကို တွေ့ရပါတယ်။ ဒီအတွက် အသေအချာ စစ်တမ်းကောက်ယူဖို့ လိုအပ်ပါတယ်။ ဥရောပကို သတ်မှတ်ဈေးနဲ့ ရောင်းတဲ့အခါ တရားဝင်သစ်ဖြစ်ကြောင်း အာမခံတဲ့စနစ် Timber Legality Assurance System ပိုမိုကောင်းမွန်အောင်လုပ်ဖို့လည်း အကြံပေးထားပါတယ်။ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်ရာမှာ သစ်တောဌာနဟာ အတတ်ပညာ၊ အသုံးစရိတ်နဲ့ အရပ်သားအဖွဲ့အစည်း အကူအညီ လိုအပ်နေတယ်လို့ မကြာမီက ထုတ်ဝေတဲ့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။