(Zawgyi/Unicode)
ကပ်ရောဂါကာလ ပြည်သူတွေနေအိမ်တွေထဲမှာပဲနေဖို့ ထုတ်ပြန်တဲ့ အမိန့်ကြေညာချက်ထဲ ပြည်သူကြား သတင်းစီးဆင်းမှုမြန်ဆန်နိုင်ရေး အရေးပါတဲ့အခန်းကဏ္ဍကပါဝင်တဲ့ သတင်းမီဒီယာလုပ်ငန်းတွေကို အပြင်ထွက်အလု ပ်လုပ်ကိုင်ခွင့် တရားဝင်ထည့်သွင်းပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို သတင်းမီဒီယာကောင်စီ က တောင်းဆိုတဲ့အကြောင်း တင်ပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးပါမယ်။
ကိုကိုးကျွန်းကလွဲလို့ ရန်ကုန်တိုင်းတတိုင်းလုံးအတိုင်းအတာနဲ့ ပြည်သူတွေ နေအိမ်ထဲမှာပဲနေဖို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ Stay At Home အမိန့်ထုတ်ပြန်ချက်ထဲ ဘဏ်လုပ်ငန်း၊ အစားအသောက်နဲ့ ဆေးဝါး ရေသန့် သားငါးအအေးခန်း စတဲ့ စက်ရုံလုပ်ငန်းခွင်တွေက တာဝန်ထမ်းဆောင်သူများမှ အပဆိုပြီး ပြည်သူကြား ကပ်ရောဂါကာလ မရှိမဖြစ် အရေးကြီးကဏ္ဍက ပါဝင်တဲ့ သတင်းမီဒီယာလုပ်ငန်းကို ထည့်သွင်းဖော်ပြခြင်းမရှိတဲ့အပေါ် သတင်းမီဒီယာကောင်စီဘက်က ထည့်သွင်းပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။
(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတွေဆီကို အမိန့်ထုတ်ပြန်ချက်ထဲ သတင်းလုပ်ငန်းတွေ တရားဝင် ထည့်သွင်းပေးဖို့တောင်းဆိုတာဖြစ်တယ်လို့ မြန်မာသတင်းမီဒီယာကောင်စီ တွဲဘက်အတွင်းရေးမှူး-၁ ကိုမြင့်ကျော်က ဗွီအိုအေကိုပြောပြပါတယ်။
“ မြန်မာနိုင်ငံမှာ ပို တင်းကျပ်လိုက်တဲ့ Stay Home ပေါ့။ အဲ့ဒီ့အမိန့်ထဲမှာ လုပ်ကိုင်လို့ရတဲ့ လုပ်ငန်းတွေထဲ မီဒီယာမပါဘူးဆိုတာ မဖြစ်သင့်ဘူးပေါ့နော်။ မီဒီယာတွေက တချိန်လုံး အပြင်ထွက်စရာမလိုပေမဲ့ လိုအပ်တဲ့အခါမှာ ထွက်ရတဲ့သွားရတဲ့ လုပ်ငန်းတွေရှိတယ်။ သွားရမယ့် အတည်ပြုရမယ့် ကိစ္စမျိုးတွေရှိတယ်။ အဲ့လိုမျိုးအပြင်ထွက်ရမယ့်ကိစ္စမျိုးမှာ သတင်းသမားတွေ အတွက် အခုလိုမပါထားဘူးဆိုရင် အဲ့တာက တရားမဝင်လုပ်တဲ့သဘောမျိုး ဥပဒေချိုးဖောက်တဲ့ သဘောမျိုး သက်ရောက်တယ်။ အဲ့လိုအခြေအနေမျိုးတော့ မဖြစ်သင့်ဘူး။ ဥပဒေနဲ့မညီတဲ့ သတင်းရယူမှုမျိုး ဆိုတာဖြစ်လာရင် ဒါက အားလုံးအတွက် မကောင်းဘူး။ ဒါကြောင့် ရှင်းရှင်းလင်းလင်းရှိသင့်တယ်။ ဒါကိုပြန်ထုတ်ပြန်ပေးသင့်တယ်လို့ ကောင်စီအနေနဲ့ သတင်းသမားတွေ တည်ဆဲဥပဒေဘောင်အတွင်းကနေ တရားဝင်လုပ်လို့ရအောင် စာပို့တဲ့သဘောပါ။”
ကပ်ရောဂါကာလဖြစ်နေတာရော ရွေးကောက်ပွဲနီးကပ်လာချိန် လူထုကြား ကောလဟာလ သတင်းတု သတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဖြူးနေတာတွေလည်းရှိနေတဲ့အချိန်မှာ ပြည်သူလူထု လေ့လာဖတ်ရှု့ဆင်ခြင်သုံးသပ်နိုင်ရေး သတင်းစီးဆင်းမှုမြန်ဆန်အောင် သတင်းမီဒီယာတွေ တရားဝင်လူထုကြား အပြင်ထွက်သတင်းရယူခွင့်ပေးပါလို့ သတင်းစာဆရာ အယ်ဒီတာဦးဇင်လင်းကလည်း တိုက်တွန်းပါတယ်။
“ အစိုးရအမြင်ကတော့သူတို့အစိုးရပိုင် သတင်းမီဒီယာတွေ သတင်းစာတွေက ထုတ်ပြန်ပေးနေရင် လုံလောက်ပြီလို့ သူတို့က ထင်ကောင်းထင်မှာပေါ့လေ။ သို့သော် သူတို့လက်လှမ်းမမှီတဲ့ထောင့်တွေ ပြည်သူလူထုဒုက္ခ အစိုးရသတင်းစာမှာ မပါတဲ့ တခြားထူးခြား အရေးကြီးတဲ့ ထူးခြားသတင်းတွေ ရဖို့လည်းလိုတာပေါ့။ သို့သော်လည်းပဲ အခုအစိုးရ ထုတ်ပြန်ချက်ထဲမှာ သတင်းထောက်တွေ အနေနဲ့ ဘယ်လိုသွားလာ လုပ်ဆောင်ခွင့်ရှိတယ်ဆိုတာမျိုးဒီဟာက မပါဘူးပေါ့ ပြောရလို့ရှိရင်။ဆိုတော့ လောလောဆယ် ထုတ်ပြန်ထားတဲ့ ကြေညာချက်အရဆိုရင်တော့ သတင်းထောက်တွေ အိမ်ပြင်မထွက် အလုပ်မလုပ်ရပဲ ကိုယ့်အိမ်ကိုယ် ထိုင်နေရမယ့် သဘောဖြစ်နေတာပေါ့။ အခုက ရွေးကောက်ပွဲကာလ အရေးကြီးနေတဲ့ အချိန်လည်းဖြစ်တယ်။ ရွေးကောက်ပွဲ သတင်းတွေကိုလည်း အချိန်နဲ့ တပြေးညီ ယူကြရဖို့ရှိတယ်။ သတင်းစီးဆင်းမှုမြန်ဆန်အောင်ရယ် ပြည်သူလူထု သိသင့်သိထိုက်တဲ့ သတင်းတွေ မှန်မှန်ကန်ကန် ရရှိဖို့အတွက်ရယ် သတင်းထောက်တွေကို ကွင်းထဲမှာ အလုပ်လုပ်ခွင့်ပေးဖို့ ဆောင်ရန်-ရှောင်ရန် ပြန်ကြားရေးက ထပ်ပြီး ဖြည့်ရင်ဖြည့်ပေါ့။ နောက်တခုက ဒီအချိန် ဒီကာလမျိုးမှာ သတင်းထောက်တွေက လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်ကိုRisk ယူပြီးတော့ အလုပ်လုပ်နေကြရတာပါပဲ။ ဒါကြောင့် ဝိုင်းဝန်းပြီး လိုအပ်ချက်တွေကိုဖြည့်ဆည်း သတင်းထောက်တွေကို သတင်းအလုပ်လုပ်ခွင့်ပေးဖို့လိုတယ်လို့ ဆရာတို့ကတော့ အဲ့လိုယူဆပါတယ်။”
သတင်းမီဒီယာဌာနတွေနဲ့ သတင်းသမားတွေဘက်ကလည်းဒီကိုဗစ်ကာလ သတင်းဘယ်လိုယူကြမလဲ၊ ကိုဗစ်၁၉ မကူးစက်ရအောင် မိမိကိုယ်မိမိ ရော သတင်းပေးမယ့်သူ အဖွဲ့အစည်းတွေမှာ ဒီကပ်ရောဂါ မကူးစက်ရအောင် ဘယ်လို ကာကွယ်ကြမလဲ ဆိုတဲ့ သတင်းထောက်လက်စွဲတွေကို သတင်းမီဒီယာကောင်စီက ဖြန့်ဖြူးပေးထားတယ်လို့ ကိုမြင့်ကျော်က ပြောပြပါတယ်။
“ ကူးစက်ရောဂါနဲ့ပတ်သက်ပြီးတော့ သတင်းသမားတွေ ဘေးကင်းရေးကိုလည်း ဦးစားပေးစဉ်းစားသင့်ပါတယ်။ သတင်းသမားတွေ ကူးစက်ရောဂါ ကူးစက်မခံရရေးကတော့ အဓိက နံပတ်တစ် အရေးကြီးဆုံးပါပဲ။ တိုက်တွေမှာလည်း တာဝန်ရှိသလို သတင်းသမားတဦးချင်းစီ ကိုယ်တိုင်မှာလည်း ကိုယ့်ရဲ့ဘေးကင်းရေးကို ကျင့်သုံးဖို့ ကိုယ်ကတာဝန်ရှိတယ်ပေါ့နော်။ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ သတင်းသမားတွေ ဘေးကင်းရေးလမ်းညွှန်ဆိုပြီး ပြီးခဲ့တဲ့မတ်လကတည်းက ထုတ်ပြန်ထားတာရှိပါတယ်။ သတင်းသမားကလည်း တကယ့်ကိုအပြင်ထွက်ဖို့ လိုအပ်တဲ့အနေအထားမျိုးမှာမှ သွားဖို့ သွားမယ်ဆိုရင်လည်း ဥပမာ ကွာရမ်တင်းစင်တာတွေမှာ သတင်းအတွက် ဗီဒီယိုအတွက် ဓာတ်ပုံအတွက်သော်လည်းကောင်း သွားတယ်ဆိုရင် လိုအပ်တဲ့အကာကွယ်ပစ္စည်းတွေ ပြည့်ပြည့်စုံစုံလုပ်ဖို့လိုတယ်။ အဲ့တာကို တိုက်က သတင်းဌာနတွေဘက်ကလည်း ဖြည့်စည်းပေးဖို့လိုတာပေါ့နော်။ နောက်တခုက အဖွဲ့အစည်းတွေဘက်က သတင်းစာရှင်းလင်းပွဲတွေ လူစုနဲ့ မလုပ်သင့်ဘူး သတင်းသမားတွေကလည်း သတင်းစာရှင်းလင်းပွဲလို လူစုတဲ့နေရာမျိုးတွေ အခုလိုအခြေအနေမျိုးမှာ မသွားသင့်ဘူးလို့မြင်ပါတယ်။”
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေချိန် ကာလ သတင်းအလုပ်နှင့် ဆက်စပ်သွားလာလုပ်ကိုင်နေချိန် ကူးစက်ခံရတဲ့ သတင်းသမားတွေ နောက် အကြောင်းအမျိုးမျိုးနဲ့ ကိုဗစ်ကူးစက်ခံရသူနဲ့ ဆက်စက် ထိတွေ့မှုရှိလို့ Home Quarantine - Facility Quarantine center တွေမှာ သီးခြားခွဲနေထိုင်စေပြီး အသွားအလာ ကန့်သတ်ခြင်းခံထားရတဲ့ သတင်းမီဒီယာသမား (၈၇)ဦးကို သတင်းမီဒီယာကောင်စီဘက်က ထောက်ပံ့ကူညီမှုတွေ လုပ်ပေးခဲ့ပေမဲ့ သတင်းသမားတွေအတွက် အကူအညီထောက်ပံ့ပေးနိုင်တဲ့ ရံပုံငွေနည်းပါးလာလို့ အကူအညီပေးနေတာတွေ ခေတ္တရပ်နားမယ်လို့ စက်တင်ဘာလ ၂၁ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ကပ်ရောဂါကာလ စီးပွားရေးလုပ်ငန်းထိခိုက်မှုတွေထဲပုံနှိပ်မီဒီယာလုပ်ငန်းတချို့ခေတ္တရပ်နားလိုက်ရတာ ဝန်ထမ်းအင်အားလျှော့ချ လိုက်တာတွေရှိနေတဲ့အတွက် သတင်းသမားတွေကြုံနေရတဲ့အခက်အခဲကို ကောင်စီအပါအဝင် သတင်းသမားတွေဘက်က တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးနေကြပါတယ်လို့ သတင်းမီဒီယာအရေးဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။
.................
(Unicode)