မြန်မာနိုင်ငံတွင်းက သတင်းထောက်တွေ အနေနဲ့ စစ်ရေး ပဋိပက္ခ သတင်းတွေကို ရယူရေးသားကြတဲ့ နေရာမှာ လုံခြုံရေး အရရော လက်ရှိ တည်ဆဲ ဥပဒေတွေနဲ့ တရားစွဲဆိုခံရမယ့် အန္တရာယ်နဲ့ပါ ရင်ဆိုင်နေရတာပါ။ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက အစ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်ရေး တင်းမာနေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တွင်း သတင်းရယူခွင့်ကလည်း အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေရတာပါ။ ဗွီအိုအေ သတင်းထောက် Joe Freeman ရဲ့ သတင်းလွှာကို အခြေခံပြီး မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်တွင်း သတင်းရယူခွင့်ကလည်း အကန့်အသတ်တွေ ရှိပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက အစိုးရ နယ်စပ် လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံရပြီးနာက် မြန်မာ တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ချက်တွေ နောက်ပိုင်း နယ်မြေ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ လွတ်လွပ်လပ်လပ် ဝင်ရောက် သတင်းရယူခွင့် မရှိပါဘူး။ အစိုးရက စီစဉ်ပေးတဲ့ အချိန်မှာတော့ သူတို့ လိုက်ပါ ပို့ဆောင်တဲ့ ဒေသတွေကို သတင်းယူခွင့် ရပါတယ်။ ဒါပေမယ့် လုံခြုံရေး အခြေအနေကြောင့် အာဏာပိုင်တို့ ခွင့်မပြုတဲ့ နေရာတွေ ရှိတယ်လို့ မြန်မာတိုင်းရဲ့ ဓာတ်ပုံဌာန ဒါရိုက်တာ ကိုကောင်းထက်က ပြောပြတာကတော့
"အာဏာပိုင်ဆီက ခွင်ပြုချက် ရမရ မသေချာတာက ပြသနာပါ။ ရဲတွေ၊ စစ်သားတွေ ဆီက ဆိုရင်တော့ မရဖို့က သေချာသလောက် ရှိပါတယ်။ ကျနော်တို့ရဲ့ အလုပ်သဘာဝကို ရှင်းပြပြီး ကိုယ့်အန္တရာယ် ကိုယ်သိပါတယ်ဆိုပြီးလည်း ရှင်းပြတာဘဲ။ ဒါပေမယ့် ဘယ်လိုမှကို သွားခွင့်လာခွင့် မပေးတာပါ။"
တိုက်ပွဲတွေ ဖြစ်နေတဲ့ တိုင်းရင်းဒေသတွေမှာ သတင်းရယူခွင့်ကလည်း သတင်းထောက်တွေ အတွက် အခက်အခဲ မျိုးစုံ ရှိနေတာပါ။ ပဋိပက္ခ ဒေသတွေမှာ သတင်းရယူခွင့်မရှိ၊ သတင်းရေးသားပြန်ရင်လည်း ဖော်ပြခွင့် ရမရ စိုးရိမ်ရပြန်သလို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ သတင်းထောက်တွေကြားမှာလည်း အပြန်အလှန် ယုံကြည်မှု ပြသနာ၊ ဘာသာစကား အခက်အခဲတွေကလည်း ရှိပြန်ပါတယ်။ ဒါတွေတင် မကပါဘူး တပ်မတော်ဘက်ကလည်း သတင်းထောက်တွေကို ဖမ်းဆီး တရားစွဲတာတွေ ရှိပြန်ပါတယ်။
ပြီးခဲ့တဲ့ လတုန်းက ရှမ်းပြည်မြောက်ပိုင်းက တအာင်းပလောင် လက်နက်ကိုင်တပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါး ဖျက်စီး မီးရှို့ပွဲကို သွားတဲ့ DVB နဲ့ ဧရာဝတီ သတင်းဌာနတို့က သတင်းထောက် သုံးဦးတို့ကို တပ်မတော်က ဖမ်းဆီးပြီး မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မနဲ့ တရားစွဲထားတာပါ။ DVB သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်ကတော့ တပ်မတော်ဆီက ခွင့်ပြုချက်နဲ့ သွားခဲ့တာလို့ ဗွီအိုအေကို အခုလို ပြောပါတယ်။
"အခု အဖမ်းခံထားရတဲ့ သတင်းထောက် ၃ ဦးက နမ့်ဆန်က စစ်တပ် စစ်ဆေးရေး စခန်းမှာ ခွင့်ပြုချက် တောင်းခံခဲ့တာပါ။ အဲဒီစခန်းက ဗိုလ်မှူးကြီးက ခွင့်ပြုခဲ့တာပါ။ သူတို့ ခွင့်ပြုချက် တောင်းခဲ့ပါတယ်။"
တပ်မတော်နဲ့ ပတ်သက်လို့ သတင်းရေးသားမှုတွေနဲ့ ပတ်သက်လို့ရော၊ သရော်စာ ရေးသားတာတွေမှာရော ဖမ်းဆီး တရားစွဲဆိုခံရတဲ့ ခံရမယ့် အခြေအနေကလည်း ရှိနေတာပါ။ ၂၀၁၄ ခုနှစ်တုန်းကတော့ မွန်ပြည်နယ်ဘက်က တိုက်ပွဲသတင်း ရယူခဲ့တဲ့ သတင်းထောက် ကိုပါကြီး ဆိုရင်လည်း တပ်မတော်က ဖမ်းဆီး စစ်ဆေးမေးမြန်းစဉ် အတွင်း အသတ်ခံခဲ့ရပါတယ်။
အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ တခုဖြစ်တဲ့ Fortify Rights ရဲ့ မြန်မာဆိုင်ရာ ကျွမ်းကျင်သူ David Baulk ကတော့ ဒီဘက်နှစ်ပိုင်းတွေ အတွင်း မြန်မာနိုင်ငံမှာ သတင်းထောက်တွေ အပေါ်မှာသာ မက တခြား လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူတွေ အပေါ်မှာပါ ကန့်သတ်ချက်တွေ ပိုများလာတယ်လို့ ပြောပါတယ်။
"ပဋိပက္ခတွေကြောင့် သက်ရောက်မှု ရှိတဲ့ လူတွေကို ကူညီထောက်ပံ့ဖို့ ကြိုးပမ်းကြတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက လူသားချင်း စာနာထောက်ထားမှု အကူအညီပေးသူတွေ၊ သတင်းထောက်တွေ၊ နောက် လူ့အခွင့်အရေး စောင့်ကြည့်သူတွေ အပေါ်မှာပါ ကန့်သတ်ချက်တွေ ပိုပြီးများလာတာကို ဒီဘက်နှစ်ပိုင်းတွေမှာ တွေ့လာရပါတယ်။ ပိုဆိုးလာမယ့်ပုံလည်း ရှိပါတယ်။ ဆိုလိုတာကတော့ ဒီဒေသတွေကနေ သတင်းတွေရဖို့ ကြိုးစားမယ် လုပ်မယ်ဆိုရင်တော့ အန္တရာယ်က များလှပါတယ်။"
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တပ်မတော်ဘက်က သတင်းထောက်တွေကို ဖမ်းဆီး၊ တရားစွဲဆိုနေတဲ့ ဖြစ်ရပ်တွေက တပ်မတော်နဲ့ သတင်းထောက်တွေကြား ဖြစ်တဲ့ ပြသနာလို့ မကြည့်ကြဘဲ လက်ရှိ တည်ဆဲ ဥပဒေတွေက တရားမျှတမှု၊ ဒီမိုကရေစီ နည်းကျမှု ရှိသလားဆိုတာကို ကြည့်ကြရမှာ ဖြစ်တယ်လို့ ဒီကနေ့ ပြောဆိုပါတယ်။ တည်ဆဲ ဥပဒေတွေက တရားမျှတမှု မရှိဘူးဆိုရင် ဒီမိုကရေစီ နည်းမကျရင် လွှတ်တော်ကတဆင့် ပြင်ဆင်ရမှာ ဖြစ်သလို တရားစီရင်ရေးပိုင်းမှာ မှန်မှန်ကန်ကန် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ အုပ်ချုပ်ရေးပိုင်း အနေနဲ့တော့ တရားစီရင်ရေး၊ ဥပဒေရေးရာတွေမှာ ဝင်ရောက် စွက်ဖက်ခွင့် မရှိဘဲ တရားစီရင်ရေးပိုင်းမှာ မှန်မှန်ကန်ကန် ဆောင်ရွက်စေဖို့ အတွက် တာဝန်ရှိပါတယ်လို့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။