မတရားအသင်းနဲ့ ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲခံထားရတဲ့ သတင်းထောက် သုံးဦးဟာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ပလောင် လွတ်မြောက်ရေးတပ်ဖွဲ့ TNLA စခန်းကို သွားခဲ့တာမှာ နမ့်ဆန်းက စစ်တပ် စစ်ဆေးရေးဂိတ်မှာ ခွင့်ပြုချက် ယူပြီး သွားခဲ့တာ ဖြစ်တယ်လို့ DVB သတင်းဌာန အကြီးအကဲ ဦးအေးချမ်းနိုင်က ဗွီအိုအေကိုပြောပါတယ်။
သတင်းထောက်တွေဟာ နမ့်ဆန်း စစ်ဆေးရေးဂိတ်မှာ တာဝန်ယူနေတဲ့ ဗိုလ်မှူးကြီး ဆီကနေ ခွင့်ပြုချက် ရခဲ့တယ်လို့လည်း ဦးအေးချမ်းနိုင်က ပြောပါတယ်။
TNLA စခန်းကအပြန်မှာ သတင်းထောက်တွေဟာ စစ်တပ်ရဲ့တခြား စစ်ဆေးရေးဂိတ်ကို ဖြတ်ခဲ့ကြပုံရပြီး အဲဒီ စစ်ဆေးရေးဂိတ် နှစ်ခုအကြား နားလည်မှု လွဲခဲ့ပုံ ရတယ်လို့ ဦးအေးချမ်းနိုင်က ပြောပါတယ်။ ဒီအချက်ကို မတူညီတဲ့ သတင်းရင်းမြစ်နှစ်ခုကနေ ရခဲ့တယ်လို့လည်း ဆိုပါတယ်။
DVB သတင်းဌာနက သတင်းထောက် ဦးအေးနိုင်နဲ့ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီ သတင်းဌာနက သတင်းထောက် ဦးသိန်းဇော် ခေါ် လဝီဝမ်တို့ဟာ TNLA စခန်းမှာ ဖမ်းမိမူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးတဲ့ သတင်းကို သွားယူပြီးတဲ့နောက် အပြန် ဇွန်လ ၂၆ ရက်နေ့က လမ်းခရီး စစ်တပ် စစ်ဆေးရေးဂိတ်မှာ စစ်တပ်က ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် ရဲတပ်ဖွဲ့ လက်ထဲကို လွှဲပြောင်းပေးပြီး ပုဒ်မ ၁၇ (၁) တပ် စွဲဆိုထားပြီးတော့ လက်ရှိ သီပေါ အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရပါတယ်။ လာမယ့် ဇူလိုင် ၁၁ ရက်နေ့ ဟာ သူတို့ကို ပထမဆုံး တရားရုံးတင် စစ်ဆေးမယ့်နေ့ပါ။ဒီဖြစ်ရပ်အပေါ် ပြည်တွင်းပြည်ပ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သတင်းသမားတွေက ပြစ်တင်ဝေဖန်ပြီး သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။