(Zawgyi/Unicode)
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စိုက်ထူတာဟာ အသွင်သဏ္ဍာန်အရ လုပ်ဆောင်တာမဟုတ်ဘဲ အနှစ်သာရရှိရှိ လုပ်နေကြတာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နေပြည်တော် သပြေကုန်းအဝိုင်းမှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။
ဖေဖော်ဝါရီလ ၁၃ရက်နေ့ မှာကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၅နှစ်မြောက်မွေးနေ့မှာ နေပြည်တော်ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုဖွင့်ပွဲကို နေပြည်တော် သပြေကုန်းအဝိုင်းမှာ ကျင်းပခဲ့ပါတယ်။
အခုလို ဗိုလ်ချုပ်ရဲ့မွေးနေ့မှာ မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ ကြေးရုပ်တုကို စိုက်ထူနိုင်ခဲ့လို့ မင်္ဂလာရှိတဲ့ နေ့တနေ့ဖြစ်တယ်လို့ သမ္မတက မိန့်ခွန်းအစမှာ ပြောပါတယ်။
“ဒီနေ့ဟာ ကျက်သရေမင်္ဂလာ အပေါင်းနဲ့ခညောင်းတဲ့ နေ့တနေ့ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားအာဇာနည် ခေါင်းဆောင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ မြို့တော်လည်းဖြစ်ပြီး ပြည်ထောင်စုနယ်မြေလည်းဖြစ်တဲ့ နေပြည်တော်မှာ ပြည်ထောင်စုရဲ့ ကျေးဇူးရှင်ကြီးရဲ့ ကြေးရုပ်တုကို မင်္ဂလာရက်မြတ်အခါသမယမှာ တင့်တယ်ဝင့်ကြွား ခမ်းနားထည်ဝါ စည်ကားသိုက်မြိုက်စွာ စိုက်ထူနိုင်ခဲ့လို့ ဖြစ်ပါတယ်။”
အခုစိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဟာ အမြင့်ပေ ၁၈ပေရှိပြီး ကြေးတန်ချိန် ၇ တန်ရှိတာကြောင့် မြန်မာနိုင်ငံက ဒေသအသီးသီးမှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေထက် ပိုပြီးကြီးပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထုပုံလွှာကိုမြင်တိုင်း ဗိုလ်ချုပ်ရဲ့မူဝါဒ တွေ အကောင်အထည်ဖော်ဖို့ ကျန်နေ သေးတာကို မမေ့ဖို့ ဗိုလ်ချုပ်ရုပ်တုကို စိုက်ထူနေတာ ဖြစ်ပြီး အနှစ်သာရရှိရှိ လုပ်နေတာဖြစ်တယ်လို့ ခံယူကြောင်း သမ္မတဦးဝင်းမြင့်က ပြောပါတယ်။
“ယခုလို ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူတာဟာ သာမန်ကာလျှံကာ အသွင်သဏ္ဍာန်အရ လုပ်နေကြခြင်းမဟုတ်ဘဲ နိုင်ငံရဲ့အရေးအရာများနဲ့ စပ်လျဉ်းပြီး အနှစ်သာရရှိရှိနဲ့ လုပ်နေကြခြင်းဖြစ်တယ်လို့ ခံယူပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်တုကိုမြင်တွေ့တိုင်း ဗိုလ်ချုပ်ရဲ့မူဝါဒ လမ်းစဉ်တွေကို အကောင်အထည်ဖော်ရန် ကျန်သေးတယ်ဆိုတာကို မမေ့လျော့စေရန် ဖြစ်ပါတယ်။”
ဗိုလ်ချုပ်ရည်ရွယ် မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆီကို တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ ချီတက်ကြဖို့ကိုလည်း သမ္မတက တိုက်တွန်းပါတယ်။ အဲဒါအပြင် အခြေခံလူ့အခွင့်အရေးကို အာမခံမယ့် စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ဖြစ်လာစေဖို့ကိုလည်း ရည်ရွယ်ချက်ထားရှိပြီးဖြစ်တယ်လို့ ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို မြန်မာနိုင်ငံက မြို့ပြနဲ့ တိုင်းရင်းသားဒေသတွေမှာပါ စိုက်ထူ နေကြတာဖြစ်ပြီး ဗိုလ်ချုပ်ရဲ့ ၁၀၅နှစ်မြောက် မွေးနေ့မှာတော့ နေပြည်တော်အပြင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်နဲ့ မကွေးတိုင်း မင်းတုန်းမြို့မှာလည်း စိုက်ထူခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ကို ကလေးများနေ့အဖြစ်လည်း မြန်မာနိုင်ငံမှာသတ်မှတ်ထားပြီး ဒီကနေ့မှာ ဗိုလ်ချုပ်မွေးနေ့နဲ့ ကလေးများနေ့ပွဲ အသီးသီးကို မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ကျင်းပနေကြပါတယ်။
...................
(Unicode)