မန္တလေးတိုင်း၊ မြင်းခြံဘက်မှာ မကြုံစဖူး မိုးများ ရေကြီးမှုဒဏ်ကြောင့် အမျိုးသား ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအရှေ့ဘက် ကမ်းရိုတန်းဒေသကို ဝင်ရောက်တိုက်ခတ်နေတဲ့ DANA မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အထက်ပိုင်းနေရာတွေမှာ မိုးများရေကြီး မြေပြိုကျမှုတွေ ကြုံရနိုင်တယ်ဆိုတာ မိုးဇလက သတိပေးထားပါတယ်။ မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးများပြီး လေပြင်းတိုက်ခတ်နိုင်တဲ့ အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
မန္တလေးတိုင်း မြင်းခြံမြို့မှာ ဒီနေ့ အောက်တိုဘာ ၂၅ ရက် မနက်က မိုးသည်းထန်စွာရွာပြီး အုတ်တံတိုင်းတခုပြိုကျလို့ အမျိုးသား ၁ ဦးသေဆုံးခဲ့ပါတယ်။ မနက် ၄ နာရီလောက်က အမှတ် ၁၀ ရပ်ကွက်မှာ အမြင့် ၈ ပေ၊ အလျား ပေ ၁၅၀ လောက်ရှိတဲ့ အုတ်တံတိုင်းတခု ပြိုကျပြီး၊ အဲဒီဘေးမှာအိပ်တဲ့ အမျိုးသား ၁ ယောက်သေဆုံးခဲ့တဲ့အပြင် နောက် ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ခဲ့သူတွေက ပြောပါတယ်။ မိုးရွာသွန်းတဲ့အရှိန်ကြောင့် အုတ်တံတိုင်းပြိုကျခဲ့တာလို့ မြင်းခြံနာရေးကူညီမှု အသင်းဝင်တယောက်က ပြောပြပါတယ်။
"ဒီနေ့မနက်အစော ၃ နာရီမထိုးခင်လောက် မိုးသည်းကြီးမည်းကြီး ရွာတယ်ဗျ။ သည်းကြီးမည်းကြီး ရွာတဲ့အချိန်မှာ အဲဒီအမျိုးသား ၂ ယောက်က အုတ်တံတိုင်းဘေးမှာ မိုးကာလေးနဲ့ အိပ်တာပေါ့။ မိုးများပြီးတော့ အုတ်တံတိုင်းက သူတို့ဘက်ကို ပြိုသွားတာပေါ့။ တယောက်ကတော့ ပေါင်ကျိုးတယ်။ DB ဖြစ်သွားတဲ့ တယောက်ကိုတော့ ကျနော်တို့ သယ်ပေးလိုက်ရတယ်။"
မြင်းခြံမြို့နယ်ထဲမှာ အောက်တိုဘာလ ၂၄ ရက်နေ့ကတည်းက မိုးသည်းထန်စွာ ရွာသွန်းတဲ့ အရှိန်ကြောင့် ပြောင်းပြာချောင်း ရေတက်လာတာကြောင့် ချောင်းအနီးနေထိုင်သူတွေနဲ့ အနိမ့်ပိုင်းနေသူတွေကို ရေဘေးလွတ်ရာဆီ ရွှေ့ပြောင်းထားရတယ်လို့လည်း မြင်းခြံနာရေးကူညီမှု အသင်းဝင်က ဆက်ပြောပြပါတယ်။
"ဒီနေ့ အခုလောလောဆယ် နေမပွင့်ဘူး။ မိုးအုံ့နေတယ်ပေါ့နော်။ မိုးတော့ မရွာသေးဘူး။ ဒီနေ့မနက် ၃ နာရီနဲ့ ၄ နာရီကြားထဲ ရွာတဲ့မိုးပြီးတော့ နောက်ထပ်တော့ မရွာသေးဘူး။ မြို့ပေါ်ရပ်ကွက်ကို မြေနိမ့်တဲ့ရပ်ကွက် အိမ်တွေဘာတွေတော့ ရေဝင်ကြတယ်။ ထမင်းထုတ်လှူဒါန်းတဲ့ အလှူရှင်တွေလည်း ရှိကြပါတယ်။"
ကြာသပတေးနေ့က ညနေပိုင်းက ပြောင်းပြာချောင်းရေမြင့်တက်မှုကြောင့် မြင်းခြံမြို့အမှတ်(၂) အမှတ်(၃)၊ အမှတ်(၄) ရပ်ကွက်နဲ့ အမှတ်(၅) ရပ်ကွက်တွေထဲ ရေဝင်ရောက်လာလို့ အိမ်ထောင်စုတွေကို ရေဘေးလွတ်ရာ ကူညီရွှေ့ပြောင်းပေးနေကြတယ်လို့ မြင်းခြံခရိုင် မီးသတ်အဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ပေးနေတယ်ဆိုတာ သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့ ဒီကနေ့ ညနေပိုင်း မိုးဇလထုတ်ပြန်ချက်အရ စစ်ကိုင်း၊ မန္တလေး၊ မကွေး အပါအဝင် ကချင်ပြည်နယ်၊ ချင်းနဲ့ ရခိုင်မှာလည်း မိုးရွာသွန်းနိုင်ပြီး၊ တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်သလို လေပြင်းလည်း တိုက်ခတ်နိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းဒေသဘက်ကို ဝင်ရောက်တိုက်ခတ်နေတဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း DANA ဟာ မြန်မာနိုင်ငံဘက်ကို တိုက်ရိုက်မလာပေမဲ့ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းနေရာတွေမှာ မိုးများရေကြီးပြီး မြေပြိုကျမှုတွေ ကြုံရနိုင်တယ်လို့ မိုးဇလတာဝန်ရှိသူက VOA ကိုပြောကြားထားပါတယ်။ မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်နိုင်တာကြောင့် ရေကြီးမြေပြိုနိုင်တာကို သတိပေးထားပြီး၊ ကုန်းမြင့်နဲ့ မြစ်ချောင်းအနီး နေထိုင်သူတွေ ကြိုတင်သတိပြုဖို့နဲ့ ပင်လယ်ခရီး လေကြောင်းခရီးတွေ သတိထားသွားလာကြဖို့ကိုလည်း မိုးဇလက သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
Forum