သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှု မြန်မာမှာ မိုးများရေကြီးနိုင်


ဆိုင်ကလုန်းမုန်တိုင်း DANA
ဆိုင်ကလုန်းမုန်တိုင်း DANA

အိန္ဒိယထဲ ဝင်ရောက်သွားတဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “DANA” ရဲ့ မုန်တိုင်းအရှိန်က မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းနေရာတွေကိုသက်ရောက်နိုင်ပြီး မိုးများရေကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာန ညွှန်ကြားရေးမှူးက ဗွီအိုအေကိုပြောပါတယ်။ ဘင်္ဂလား ပင်လယ်အော်မှာဖြစ်ပေါ်လာနိုင်တဲ့ မုန်တိုင်းတွေရှိ လာမယ့် နိုဝင်ဘာလလယ်အထိ မိုးများနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းပါတယ်။ ဆိုင်ကလုန်း DANA နောက်ဆုံးအခြေအနေ ရန်ကုန်ကသတင်းပေးပို့ထားပါတယ်။

ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” (DANA)ဟာ အခုဆိုရင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်၊ ဒမ်မရာမြို့(Dhamara) ကိုဦးတည်ရွေးလျားသွားပြီး မြန်မာနိုင်ငံကို တိုက်ရိုက်တိုက်ခတ်နိုင်တဲ့အခြေအနေမရှိတော့ပေမဲ့ ဒီမုန်တိုင်းရဲ့ ရိုက်ခတ်မှုကြောင့် နိုင်ငံတဝန်း မိုးများရေကြီးနိုင်တယ်ဆိုတာ မိုးဇလကထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီမုန်တိုင်း အကျိုးဆက်အရ မြန်မာနိုင်ငံနေရာ တော်တော်များများ မိုးသည်းထန်စွာရွာခဲ့ပြီး ရေလျှံတာတွေဖြစ်ခဲ့တာပါ။

လက်ရှိဆိုင်ကလုန်းမုန်တိုင်း DANA ရဲ့ မုန်တိုင်းလမ်းကြောင်းနဲ့ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်တဲ့မိုးလေဝသအခြေအနေနဲ့ပတ်သတ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

"ခုကမုန်တိုင်းကအိန္ဒိယဘက်ကိုသွားနေတယ်။ ၂၅မနက်လောက် အိန္ဒိယကမ်းခြေကိုဖြတ်မှာပေါ့နော်. မုန်တိုင်းကကမ်းဖြတ်ရင် မုန်တိုင်း ဆဲလ်တွေကွဲထွက်မယ်။ ဆဲလ်တွေကမြန်မာနိုင်ငံဘက်လည်းရောက်လာမယ် မြန်မာနိုင်ငံမြောက်ပိုင်းရခိုင်ဘက်တို့မကွေးတို့ အလယ်ပိုင်း ဒေသတွေကတော့ မိုးရွာဖို့တော့ရှိသေးတယ်။ ၂၄၊ ၂၅လောက်မှာပေါ့ ၂၆လောက်မှာတော့ ပို clear ဖြစ်သွားမှာပေါ့ ဒါပြီးလည်းအရှေ့ဘက် ကလာနိုင်တဲ့လေပွေလိုင်းတွေကြောင့် မြန်မာနိုင်ငံတောင်ပိုင်းမွန်တနင်္သာရီဘက်တွေမှာ မိုးရနိုင်သေးတယ် ကျန်နေရာမှာတော့ နေပူလိုက် မိုး့ရွာလိုက် မိုးတောက်လျှောက်ရွာမယ့် အနေအထားတော့မရှိဘူးနေသာချိန်များမယ်"

ဒီအားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” အရှိန်ကြောင့် အောက်တိုဘာ ၂၆ထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ် နဲ့ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက်မိုးကြီးတာနဲ့ လေပြင်းတိုက်တာများ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။

လာမယ့် နိုဝင်ဘာလလယ်အထိ ဘင်္ဂလား ပင်လယ်အော်မှာဖြစ်လာနိုင်မယ့် မုန် တိုင်းတွေရှိနေပြီး ပြည်တွင်းကို တိုက်ရိုက်ဝင် ဖို့နည်းပေမယ့် မုန်တိုင်းအကျိုးဆက်အရ နိုဝင်ဘာလလယ်အထိ မိုးရနိုင်ဦးမယ်လို့ မိုးဇလကမျှော်မှန်းပါတယ်။ ဆောင်းဝင် နောက်ကျနိုင်ပြီး ဆောင်းမှာအပူချိန်က ပြီးခဲ့တဲ့နှစ်တွေလို ပူနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

"အပူချိန်ကတော့ပုံမှန်ပါဘဲ မနှစ်ကတိုင်းဘဲလေ ဆောင်းအဝင်ကတော့တကယ်တမ်းပြောရရင် မိုးမပြတ်သေးရင် မအေးဘူးပေါ့ နိုဝင် ဘာလလယ်လောက်ထိက မိုးမပြတ်နိုင်သေးဘူး. အထူးသဖြင့်တောင်ပိုင်းတွေမီုးမပြတ်ဘူး။ နိုဝင်ဘာလလယ်မှာဘယ်နေရာတွေအေးမလဲ ဆိုမြန်မာနိုင်ငံမြောက်ပိုင်းတွေပေါ့ ကျန်တဲ့နေရာတွေကတော့မိုးရွာချိန် အပူချိန်ပြန်တက်နေတာပေါ့ မအေးဘဲအအေးဓါတ်လျော့မယ့် အနေ အထားလေးတွေရှိတယ်။ ဒီနှစ်ဆောင်းကတော့ပုံမှန်အပူလောက်ဘဲ သိပ်အအေးဓါတ် လွန်ကဲမယ့်အနေအထားမျိုးမဟုတ်တော့ ပုံမှန် ဆောင်းလောက်ဘဲလို့ဘဲပြောချင်ပါတယ်။"

မိုးသည်းထန်စွာရွာတာနဲ့အတူ လေပြင်းတိုက်တာအပြင် မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာတွေ ကို သတိထားဖို့လိုအပ်သေးတယ်လို့ မိုးဇလကပြောပါတယ်။ ကုန်းမြင့်မှာနေသူတွေအနေနဲ့ မြေပြိုတာကိုသတိထားသင့်သလို မြစ်ချောင်းမှာ နီးသူတွေအနေနဲ့လည်း မြစ်ရေလျှံတာ ရေကြီးတာ ကမ်းပါးပြိုတာတွေကိုသတိထားစေချင်တယ်လို့ပြောပါတယ်။

ကမ်းနီးပင်လယ်ပြင်ထဲ လေပြင်းတိုက်ခတ်မှုဒဏ်လည်း ခံရနိုင်တယ်လို့ ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း မိုးကြီး လေပြင်းတိုက်တာတွေ ဖြစ်နိုင်လို့ ပင်လယ်ပြင်ခရီးနဲ့ လေကြောင်းခရီးတွေကို သတိထားသွားလာဖို့ကိုလည်း မိုးလေဝသနဲ့ ဇလဗေဒဌာနက သတိပေးထားပါတယ်။

Forum

XS
SM
MD
LG