[[Zawgyi/Unicode]]
နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေခံနေရပြီး အကြမ်းဖက်ပဋိပက္ခတွေပြင်းထန်နေတဲ့အတွက် စီးပွားရေးထိုးကျနေတဲ့မြန်မာနိုင်ငံမှာ စစ်တပ်ကနောက်ပြန်ဆုတ်ပေးပြီး အရည်အချင်းရှိတဲ့ခေါင်းဆောင်တွေက တိုင်းပြည်ကိုဦးဆောင်ခွင့်ပေးဖို့ မြန်မာစစ်တပ်အနေနဲ့စဉ်စားသင့်တယ်လို့ အင်ဒိုနီးရှားရဲ့အကြီးတန်းဝန်ကြီးတဦးလည်းဖြစ်၊ ဗိုလ်ချုပ်ကြီးဟောင်းတဦးလည်းဖြစ်တဲ့ ဝန်ကြီး Luhut Panjaitan က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ် Davos မြို့မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေတုန်းက အင်ဒိုနီးရှားမှာ အစိုးရရဲ့ကဏ္ဍအားလုံးကို စစ်တပ်ကချုပ်ကိုင်ထားတာကို လက်လွှတ်ပြီး အပြောင်းအလဲလုပ်ခဲ့တဲ့ အင်ဒိုနီးရှားရဲ့ ဥပမာကို မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ အတုယူသင့်တယ်လို့လည်း သူကပြောဆိုခဲ့ကြောင်း Bloomberg သတင်းမှာဖေါ်ပြထားပါတယ်။
အစိုးရရဲ့နေရာတိုင်းမှာ စစ်တပ်ကလူတွေ နေရာယူချုပ်ကိုင်ထားပြီး အဲဒိလူတွေက အရည်အချဉ်းမရှိဘူးဆိုရင် ဘာဖြစ်လို့ သမ္မတလုပ်ပြီး ဦးဆောင်နေဦးမှာလဲလို့ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်၊ ပင်လယ်ပြင်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝန်ကြီးဖြစ်တဲ့ Luhut Panjaitan က ဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ပတ်သက်ပြီး မှတ်ချက် ပြုပြောကြားခဲ့ပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီဘက်ကတော့ တစုံတရာတုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
အင်ဒိုနီးရှားမှာ စစ်အာဏာရှင်ဆူဟာတို ၁၉၉၈ ခုနှစ်က နုတ်ထွက်သွားပြီးနောက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဆူဟာတိုဟာ ၁၉၆၆ ခုနှစ်ကတည်းက အာဏာကိုရယူခဲ့တာပါ။ အင်ဒိုနီးရှားဟာ ၂၀၂၃ ခုနှစ်အတွက် ASEAN အသင်းရဲ့လှည်ကျဥက္ကဋ္ဌလည်းဖြစ်ပါတယ်။
==============
[[Unicode]]