သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထရမ့်အစိုးရသစ်ခန့်အပ်ရေး စကာတင်ရွေးခံထားရသူများ


ရွေးကောက်ခံသမ္မတ Donald Trump က အိမ်ဖြူတော်အရာရှိချုပ်တာဝန်အတွက် ရွေးချယ်လိုက်တဲ့ ရီပတ်ဘလီကန်ပါတီရဲ့ မဟာဗျူဟာရေးဆွဲသူ Susie Wiles (နိုဝင်ဘာ ၆၊ ၂၀၂၄)
ရွေးကောက်ခံသမ္မတ Donald Trump က အိမ်ဖြူတော်အရာရှိချုပ်တာဝန်အတွက် ရွေးချယ်လိုက်တဲ့ ရီပတ်ဘလီကန်ပါတီရဲ့ မဟာဗျူဟာရေးဆွဲသူ Susie Wiles (နိုဝင်ဘာ ၆၊ ၂၀၂၄)

အမေရိကန်သမ္မတရွေးကောက်ပွဲ မဲရလဒ်တွေ ရေတွက်ပြီး ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက Donald Trump သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာလိုက်တဲ့အခါ နောက်ထပ်အရေးကြီးတဲ့ လုပ်ဆောင်စရာတွေ စပေါ်လာပါပြီ။ အဲဒါကတော့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ နိုင်ငံရဲ့စီမံအုပ်ချုပ်မှုကို လွှဲပြောင်းယူဖို့ အချိန် သီတင်းပတ် ၁၁ ပတ်တာကာလအတွင်းမှာ အစိုးရအဖွဲ့ဝင်သစ်တွေ ခန့်ထားနိုင်ရေးပဲ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ဝင်သစ်တွေ ခန့်ထားနိုင်ရေးပဲ ဖြစ်ပါတယ်။

သမ္မတတစ်ဦးရဲ့ အုပ်ချုပ်ရေးအဖွဲ့မှာ ခန့်အပ်ရမဲ့သူ ထောင်ပေါင်းများစွာ ရှိပေမဲ့ ရွေးကောက်ပွဲပြီးတဲ့နောက် ပထမရက်သတ္တပတ်တွေမှာ သမ္မတရဲ့ အစိုးရအဖွဲ့ဝင်တွေဖြစ်မဲ့သူတွေကို ရွေးချယ်ဖို့ အဓိကထား လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့မှာ အစဉ်လာအရ ဒုသမ္မတနဲ့ နိုင်ငံခြားရေးဌာန၊ ဘဏ္ဍာရေးဌာနတို့လို အုပ်ချုပ်ရေးဌာန ၁၅ ကိုဦးဆောင်မဲ့သူတွေ ပါဝင်ပါတယ်။ နောက် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်တွေလို၊ အမျိုးသားထောက်လှမ်းရေးဒါရိုက်တာနဲ့ အိမ်ဖြူတော်အရာရှိချုပ်တို့လို အစိုးရအဖွဲ့အဆင့်ရာထူး ၁၀ ခုလောက်လည်း ပါဝင်ပါတယ်။ ဒုသမ္မတနဲ့ အိမ်ဖြူတော်အရာရှိချုပ်ကလွဲရင် အစိုးရအဖွဲ့အဆင့် ခန့်အပ်မှုအားလုံးဟာ အထက်လွှတ်တော်ရဲ့ အတည်ပြုချက် လိုအပ်ပါတယ်။

နိုဝင်ဘာ ၈ ရက် ကြာသပတေးနေ့ညနေမှာ Trump က သူရဲ့အောင်မြင်တဲ့ မဲဆွယ်စည်းရုံးရေးကို အဓိကစီမံခန့်ခွဲသူနှစ်ဦးထဲက တဦးဖြစ်ပြီး ရီပတ်ဘလီကန်ပါတီ ဝါရင့်နိုင်ငံရေးသမား Susie Wiles ကို အိမ်ဖြူတော်အရာရှိချုပ်အဖြစ် ခန့်အပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ သူမဟာ အဲဒီရာထူးကို ရယူမယ့် ပထမဆုံး အမျိုးသမီး ဖြစ်လာမှာပါ။

အရင်သမ္မတသက်တမ်းတုန်းက အတွေ့အကြုံ

Wiles ကို ခန့်အပ်တာကလွဲရင် Trump က သူ့ရဲ့ဒုတိယသမ္မတသက်တမ်းမှာ အရေးပါတဲ့ရာထူးတွေအတွက် ဘယ်သူတွေကို ခန့်အပ်ချင်တယ်ဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက် သိပ်မပြောသေးပါဘူး။

သူ့ရဲ့ပထမသမ္မတသက်တမ်းမှာ အစိုးရအဖွဲ့နဲ့ ဒုတိယအဆင့်ရာထူးတွေမှာ တာဝန်ယူခဲ့သူ အများအပြားဟာ ရွေးကောက်ခံသမ္မတနဲ့ လမ်းခွဲသွားခဲ့ကြပါတယ်။ တချို့ဆိုရင် သူ့ရဲ့ပြိုင်ဖက် ဒုသမ္မတ Kamala Harris ကာမာလာဟဲရစ်ကို ထောက်ခံတဲ့အထိ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သမ္မတ Trump ခန့်အပ်ခဲ့သူ တော်တော်များများကတော့ သူနဲ့ ဆက်ဆံရေးကောင်းမွန်နေဆဲဖြစ်ပြီး၊ နောက်တက်လာမဲ့ အစိုးရအဖွဲ့မှာ အရေးပါတဲ့ရာထူးတွေနဲ့ ပြန်လည်ပေါ်ထွက်လာနိုင်ပါတယ်။

ဒါ့အပြင် အရေးကြီးတဲ့ရာထူးတွေအတွက် လက်ရှိနဲ့အရင် အထက်လွှတ်တော်အမတ်တွေ၊ အဲဒီထဲမှာ SpaceX ကုမ္ပဏီတည်ထောင်သူ Elon Musk အီလွန်မတ်စ်ခ်လို သူ့ရဲ့မဲဆွယ်စည်းရုံးရေးကို ထောက်ခံခဲ့တဲ့ စီးပွားရေးလောကကထင်ရှားသူတွေကိုလည်း ရွေးချယ်နိုင်ပါတယ်။

အသွင်ကူးပြောင်းရေးအဖွဲ့

သမ္မတလောင်းတွေဟာ လုပ်ငန်းစဉ်တွေကို စောစောစီးစီး စတင်နိုင်ဖို့ ရွေးကောက်ပွဲမပြီးခင်ကတည်းက အသွင်ကူးပြောင်းရေးအဖွဲ့တွေ ဖွဲ့စည်းလေ့ရှိပါတယ်။

Center for the Study of the Presidency and Congress သမ္မတနဲ့ ကွန်ဂရက်လေ့လာရေးစင်တာက ပြင်ပသုတေသီ Jo-Anne Sears က အရင်သမ္မတ George W. Bush ဂျော့ ဒဗလျူ ဘွတ်ရှ် နဲ့ ၂၀၁၂ ခုနှစ် ရီပတ်ပလီကန်ပါတီ သမ္မတလောင်း Mitt Romney မစ်ရော်မ်နီ တို့ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ သူက Trump ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့ဝင်တွေနဲ့ ဆက်သွယ်နေတယ်လို့ VOA ကို ပြောပြခဲ့ပြီး၊ ဖြစ်နိုင်ချေရှိတဲ့ ခန့်အပ်ရမဲ့သူတွေကို စဉ်းစားတဲ့အခါ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားကြမှာဖြစ်တယ်လို့ ယူဆပါတယ်။

"အသွင်ကူးပြောင်းရေးအဖွဲ့ထဲက လူတွေဆီက ကျွန်မကြားနေရတာကတော့ သူတို့က ဝါရှင်တန်ဒီစီအတွက် အကောင်းဆုံးနဲ့ အတော်ဆုံးလူတွေကို ခေါ်ချင်တယ်" လို့ Sears က ပြောပါတယ်။ "အဲဒါက နယူးယောက်နဲ့ ဒီစီကနေပဲ မဟုတ်ဘဲ နိုင်ငံတလွှားကနေလာမှာပါ။"

"နိုင်ငံတော်လုံခြုံရေး၊ ပြည်တွင်းလုံခြုံရေး၊ ဒါ့အပြင် သူ့ရဲ့ရည်မှန်းချက်တစ်ခုဖြစ်တယ်လို့ ကျွန်မထင်တဲ့ ဒီ .. နည်းပညာသုံး အစိုးရလုပ်ငန်းတွေ ပိုချောမွေ့အောင် နည်းပညာသုံးဖြေရှင်းနိုင်ဖို့ ဒီလိုနယ်ပယ်ရပ်တွေပ အတော်ဆုံးသူတွေကို ခေါ်ဖို့ ကြိုးစားလိမ့်မယ်" လို့ Sears က ပြောပါတယ်။

အရင် Trump အစိုးရအဖွဲ့မှာ ခန့်အပ်ခံရသူများ

Trump ရဲ့ ဒုတိယသက်တမ်းအစိုးရအဖွဲ့မှာ အကြီးတန်းရာထူးတွေမှာ ခန့်ထားမဲ့သူတွေထဲမှာ ပထမသက်တမ်းတုန်းက အထက်လွှတ်တော်က အတည်ပြုခန့်အပ်ထားတဲ့ ထိပ်တန်းအရာရှိကြီးတွေ ပါမယ်ဆိုတာ သိသာပါတယ်။

Robert Lighthizer ‌ရောဘတ် လိုက်သီဇာဟာ Trump ရဲ့ပထမသက်တမ်း အများစုမှာ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ဘဏ္ဍာရေးဝန်ကြီးလို ပိုမြင့်တဲ့ အကြီးတန်းရာထူးတစ်ခုနဲ့ အစိုးရအဖွဲ့သစ်မှာ ပြန်ပေါ်လာနိုင်ပါတယ်။ ပထမ Trump အစိုးရလက်ထက်မှာ ဗဟိုထောက်လှမ်းရေးဌာန (CIA) ညွှန်ကြားရေးမှူးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေအဖြစ် တာဝန်ထမ်းခဲ့ဖူးတဲ Mike Pompeo မိုက်ပွန်ပီယိုဟာ အဲဒီရာထူးတွေထဲက တစ်ခုကို ပြန်ရနိုင်သလို ကာကွယ်ရေးဝန်ကြီးရာထူးလည်း ရနိုင်တာပါ။

John Ratcliffe ဂျွန်ရတ်ကလစ်ဖ်ဟာ Trump ရဲ့ပထမသက်တမ်း နောက်ဆုံးနှစ်မှာ အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူကတော့ ထောက်လှမ်းရေးဘက်မှာ ထိပ်တန်းအရာရှိနေရာက အစ ရှေ့နေချုပ်ရုံးအထိ ရာထူးတနေရာရာ ရနိုင်တာပါ။

ပရိုဖက်ရှင်နယ် ရတ်စ်လင်း နပမ်းပွဲစီစဉ်သူ World Wrestling Entertainment ရဲ့ အရင် အမှုဆောင်အရာရှိချုပ် Linda McMahon ဟာ Trump ရဲ့ ပထမသက်တမ်းမှာ အသေးစားစီးပွားရေးလုပ်ငန်းများ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိမှာ Trump ရဲ့အသွင်ကူးပြောင်းရေး အဖွဲ့ခေါင်းဆောင်တွေထဲက တဦးဖြစ်ပြီး ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ထည့်သွင်းစဉ်းစားခံနေရတယ်လို့ သိရပါတယ်။

ပင်ဆယ်ဗေးနီးယားပြည်နယ် Pittsburgh မြို့ ရီပါဘလစ်ကန်သမ္မတလောင်း Donald Trump ရဲ့ စည်းရုံးရေးပွဲတခုအတွင်း စကားပြောကြားနေတဲ့ ဗဟိုထောက်လှမ်းရေးဌာန (CIA) ညွှန်ကြားရေးမှူးဟောင်း Mike Pompeo (နိုဝင်ဘာ ၄၊ ၂၀၂၄)
ပင်ဆယ်ဗေးနီးယားပြည်နယ် Pittsburgh မြို့ ရီပါဘလစ်ကန်သမ္မတလောင်း Donald Trump ရဲ့ စည်းရုံးရေးပွဲတခုအတွင်း စကားပြောကြားနေတဲ့ ဗဟိုထောက်လှမ်းရေးဌာန (CIA) ညွှန်ကြားရေးမှူးဟောင်း Mike Pompeo (နိုဝင်ဘာ ၄၊ ၂၀၂၄)

ဒုဝန်ကြီးအဆင့် ထမ်းဆောင်ခဲ့သူတွေထဲ ပြန်လာနိုင်သူများ

တခြား ရာထူးခန့်အပ်ခံရနိုင်သူတွေထဲမှာတော့ အရင် ထရမ့်အစိုးရအဖွဲ့မှာ ဝန်ကြီးဌာနအရာရှိကြီးတွေအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ ဒါမှမဟုတ် ဝန်ကြီးအဖွဲ့မှာ ယာယီတာဝန်ယူခဲ့ကြသူတွေ ဖြစ်ကြပါတယ်။

Trump ရဲ့ ဂျာမနီသံအမတ်နဲ့ ၂၀၂၀ မှာ ယာယီအမျိုးသားထောက်လှမ်းရေးဒါရိုက်တာအဖြစ် ခနတာဝန်ယူခဲ့တဲ့ Richard Grenell ကို နိုင်ငံခြားရေး ဝန်ကြီးရာထူးအတွက် စဉ်းစား‌နေတယ်လို့ ခန့်မှန်းရတာပါ။ ဒါပေမဲ့ Grenell ဟာ အငြင်းပွားဖွယ်ကိစ္စတွေတော်တော်များများနဲ့ ပတ်သတ်နေလို့ သူ့ကိုအထက်လွှတ်တော်မှာအတည်ပြုရေး ခက်ခဲနိုင်ပါတယ်။ သူ့ကို ဝန်ကြီးအဆင့်မဟုတ်ပဲ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်လည်း မလိုအပ်တဲ့ အမျိုးသားလုံခြုံရေးအကြံပေးရာထူး ခန့်နိုင်တာပါ။

Trump ရဲ့ အရင် အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ၊ ဓားစာခံကိစ္စရပ်များဆိုင်ရာ အထူးကိုယ်စားလှယ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Robert O'Brien ဟာလည်း အစိုးရအဖွဲ့သစ်မှာ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ထိပ်တန်းရာထူးတစ်ခုကို ရနိုင်ပါတယ်။

Trump ရဲ့ပထမအစိုးရလက်ထက်တလျှောက်လုံး မိန့်ခွန်းရေးအဖွဲ့ ဒါရိုက်တာနဲ့ အကြီးတန်းအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Stephen Miller ဟာလည်း အိမ်ဖြူတော်ကို ပြန်ရောက်လာနိုင်ပါတယ်။ ဒါပေမဲ့ Grenell လိုပဲ Miller က လွှတ်တော်မှရာထူးအတည်ပြုတဲ့နေရာမှာ ခက်ခဲနိုင်တာပါ။ Miller ဘယ်ရာထူးရမလဲဆိုတာ သေချာမသိရပေမဲ့ သူက အရင်က နိုင်ငံထဲ တရားမဝင်လာရောက်သူတွေ ကိုင်တွယ်ဖို့ အာရုံစိုက်လုပ်ခဲ့တာမို့ သူ့ကို ပြည်ထဲရေးဝန်ကြီးဌာန ဒါမှမဟုတ် နယ်စပ်မူဝါဒရေးရာ ရာထူးတနေရာ ပေးနိုင်ပါတယ်။

Trump ရဲ့ပထမသက်တမ်းမှာ အမျိုးသားစီးပွားရေးကောင်စီ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘဏ္ဍာရေးသတင်းသုံးသပ်သူ Larry Kudlow ဟာ ဘဏ္ဍာရေးဝန်ကြီးအပါအဝင် Trump ရဲ့ စီးပွားရေးအဖွဲ့မှာ အကြီးတန်းရာထူးရနိုင်သူလို့ သတင်းထွက်နေပါတယ်။

Trump ပထမသက်တမ်းအစောပိုင်းမှာ ယာယီအမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ခနတာဝန်ယူခဲ့ပြီး အရင်ဒုသမ္မတ Mike Pence ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် အိမ်ဖြူတော်မှာ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့တဲ့ အရင်ကြည်းတပ်ဒုတိယဗိုလ်ချုပ်ကြီး Keith Kellogg ဟာ အမျိုးသားလုံခြုံရေးအဖွဲ့မှာ ရာထူးတခု ရနိုင်ပါတယ်။

Trump လက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနရဲ့ ယာယီဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Tom Homan ကို နိုင်ငံထဲမှာ နေထိုင်နေတဲ့ နိုင်ငံသားမဟုတ်သူတွေကို အစုလိုက်အပြုံလိုက် နေရပ်ပြန်ပို့ရေးဆိုတဲ့ ထရမ့်ရဲ့ ဆန္ဒကို အကောင်အထည်ဖော်ဖို့ရေး ပြည်ထဲရေးဝန်ကြီးဌာနကို ဦးဆောင်ဖို့ ပြန်လည်ခန့်အပ်နိုင်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနအတွက် နောက်ထပ်ဖြစ်နိုင်ချေရှိသူကတော့ Trump အစိုးရရဲ့နောက်ဆုံး ၁၄ လမှာ ဌာနကို ဦးဆောင်ခဲ့တဲ့ Chad Wolf ဖြစ်ပါတယ်။ သူ့ရဲ့ သက်တမ်းအတွင်းမှာ Wolf ဟာ Trump ရဲ့ ပြင်းထန်တဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကို တသွေမတိမ်း အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူ့ကို ခန့်အပ်ထားတာ တရားဝင်မဖြစ်ဘူးလို့ တွေ့ရှိခဲ့ပါတယ်။ Trump က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ဖို့ ကြိုးစားခဲ့တဲ့အခါမှာ Wolf ကလည်း သူ့ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

အရင်လက်ထောက်ရှေ့နေချုပ် Jeffrey Clark ဟာ Trump ၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်တာကို ပြောင်းပြန်လှန်ဖို့ တရားရေးဝန်ကြီးဌာန အရာရှိတွေကို အဓိကဖိအားပေးသူတယောက် ဖြစ်ပါတယ်။ ဂျော်ဂျီယာပြည်နယ်မှာ ရွေးကောက်ပွဲရလဒ် ပြောင်းပြန်လှန်ဖို့ ကြိုးစားမှုအတွက် စွဲချက်တင်ခံထားရပေမဲ့ သူလည်း ပြန်ရောက်လာနိုင်ပါတယ်။ Trump ဟာ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ Clark ကို ယာယီရှေ့နေချုပ်အဖြစ် ခန့်အပ်ဖို့ ခနစဉ်းစားခဲ့ပေမဲ့ တရားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းဝန်ထမ်းတွေ အများကြီးအလုပ်ကထွက်မယ်လို့ ဝိုင်းပြောလို့ မခန့်အပ်ဖြစ်ခဲ့ပါဘူး။

ကာကွယ်ရေးနဲ့ ထောက်လှမ်းရေးအသိုင်းအဝိုင်းနဲ့ဆက်စပ်တဲ့ အကြီးတန်းဝန်ထမ်းရာထူးတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Kash Patel ဟာလည်း ပြန်ရောက်လာနိုင်ပါတယ်။ Trump ကို ထင်ထင်ပေါ်ပေါ် ထောက်ခံသူတဦးဖြစ်တဲ့ Patel ဟာ ဒုတိယသက်တမ်းမှာ Trump ကို ဝေဖန်သူတွေကို "အရေးယူသွားမယ်" လို့ တစ်ချိန်က ကတိပေးခဲ့ပါတယ်။

အမေရိကန် ငွေချေးသက်သေခံလက်မှတ်နှင့် ငွေလဲလှယ်ရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌအဖြစ် Trump လက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး စီးပွားရေးဥပဒေအကြံပေးအဖြစ် လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံများတဲ့ Jay Clayton ဟာ ငွေကြေးဈေးကွက်တွေရဲ့ ယုံကြည်မှုကို ရရှိနိုင်မဲ့ ဘဏ္ဍာရေးဝန်ကြီးရာထူးအတွက် ဖြစ်နိုင်ချေရှိသူတစ်ဦးအဖြစ် ရှုမြင်ခံနေရပါတယ်။

မူဝါဒရေးရာစီမံကိန်းဒါရိုက်တာနဲ့ နောက်ပိုင်းမှာ အီရန်ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Brian Hook ဟာ ကာကွယ်ရေးဝန်ကြီးဌာနကို ဦးဆောင်ဖို့ အမည်စာရင်းတင်သွင်းခံရနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

အကြီးတန်းရာထူးတနေရာကို ရောက်လာနိုင်ချေနည်းတဲ့သူ တဦးကတော့ Trump ရဲ့ ပထမဆုံး အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ခနတာဝန်ယူသွားတဲ့ Mike Flynn ပါ။ သူက ရုရှားအရာရှိတွေနဲ့ ဆက်သွယ်မှုအကြောင်း FBI ကို လိမ်ခဲ့လို့ ရာထူးက နုတ်ထွက်ခဲ့ရပါတယ်။ အရင်ကြည်းတပ် ဒုတိယဗိုလ်ချုပ်ကြီးဖြစ်တဲ့ Flynn က သူဟာ ထရမ်ကိုလိုလားသူ၊ QAnon လှုပ်ရှားမှုနဲ့ဆက်စပ်နေတဲ့ လျှို့ဝှက်ကြံစည်ရေးအတွေးဆိုင်ရာပညာရှင်လို့ ပုံဖော်ပြန်နေရာယူပြီး Trump ကလည်း သူ့ကို အစိုးရအဖွဲ့ထဲ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားပုံရပါတယ်။

အရီဇိုးနားပြည်နယ်မှာ ပြုလုပ်တဲ့အခမ်းအနားတခုအတွင်း ရီပါဘလစ်ကန်သမ္မတလောင်း Donald Trump နဲ့အတူတွေ့ရတဲ့ Utah ယူတားပြည်နယ်အထက်လွှတ်တော်အမတ် Mike Lee (အောက်တိုဘာ ၁၃၊ ၂၀၂၄)
အရီဇိုးနားပြည်နယ်မှာ ပြုလုပ်တဲ့အခမ်းအနားတခုအတွင်း ရီပါဘလစ်ကန်သမ္မတလောင်း Donald Trump နဲ့အတူတွေ့ရတဲ့ Utah ယူတားပြည်နယ်အထက်လွှတ်တော်အမတ် Mike Lee (အောက်တိုဘာ ၁၃၊ ၂၀၂၄)

လက်ရှိနဲ့ အရင် လွှတ်တော်အမတ်များ

လက်ရှိနဲ့ အရင် လွှတ်တာ်အမတ်တွေဟာလည်း Trump ခန့်အပ်နိုင်တဲ့သူတွေထဲမှာ ပါဝင်ပါတယ်။ အဲဒီထဲမှာ Utah ယူတာပြည်နယ် အထက်လွှတ်တော်အမတ် Mike Lee လည်း ပါဝင်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ဖို့ ကူညီပေးခဲ့ပြီး ရှေ့နေလည်းဖြစ် Trump ကို ထင်ထင်ပေါ်ပေါ် ထောက်ခံသူလည်းဖြစ်တဲ့ Lee ဟာ ရှေ့နေချုပ်ရာထူးအတွက် ထိပ်ဆုံးမှာရှိနေတယ်လို့ ယူဆရပါတယ်။

Trump ရဲ့ဂျပန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း အထက်လွှတ်တော်အမတ်ဖြစ်လာတဲ့ တင်နက်စီပြည်နယ်အထက်လွှတ်တော်အမတ် Bill Hagerty ဟာလည်း ထိပ်တန်းရာထူး နေရာတွေအတွက် ထည့်သွင်းစဉ်းစားခံနေရတယ်လို့ သိရပါတယ်။ သူဟာ ကုန်သွယ်ရေးနဲ့ သံတမန်ရေးရာနဲ့ဆက်စပ်တဲ့ ရာထူးတွေထဲက တခုကို ရရှိနိုင်ပါတယ်။

Trump ကို ဝေဖန်ရာကနေ အထူးထောက်ခံသူဖြစ်လာတဲ့ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio ဟာ ပြီးခဲ့တဲ့နှစ်က ဒုသမ္မတလောင်းအဖြစ် စဉ်းစားခံခဲ့ရပါတယ်။ အခုတော့ နိုင်ငံခြားရေးဝန်ကြီးရာထူးအတွက် ဖြစ်နိုင်ချေရှိသူ ဖြစ်ပါတယ်။

တောင်ကားရိုလိုင်းနားပြည်နယ်အထက်လွှတ်တော်အမတ် Tim Scott ဟာ အာဖရိကနွယ်ဖွား အမေရိကန်အသိုင်းအဝိုင်းထဲမှာ Trump ရဲ့ ထောက်ခံတဲ့ ထင်ရှားသူတဦးဖြစ်ပြီး အိမ်ရာနဲ့ မြို့ပြဖွံ့ဖြိုးရေး ဝန်ကြီးရာထူးအတွက် စဉ်းစားခံရနိုင်ပါတယ်။

အာကင်ဆောပြည်နယ်အထက်လွှတ်တော်အမတ် စစ်ပြန် Tom Cotton ဟာ အမျိုးသားကာကွယ်ရေးကို အားပေးထောက်ခံသူဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးရာထူးအတွက် ထည့်သွင်းစဉ်းစားခံနေရတယ်လို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအတွက် နောက်ထပ်ဖြစ်နိုင်ချေရှိသူတစ်ဦးကတော့ အရင်အထူးတပ်ဖွဲ့ဝင်နဲ့ အမျိုးသားအစောင့်တပ် ဗိုလ်မှူးချုပ်ဖြစ်ပြီး ဖလော်ရီဒါအောက်လွှတ်တော်အမတ်ဖြစ်သူ Mike Waltz ပါ။ Waltz ဟာ မီဒီယာတွေမှာ Trump ကို ပွင့်ပွင့်လင်းလင်း ကာကွယ်ပြောဆိုတတ်သူ ဖြစ်ပါတယ်။

ပြည်ထဲရေးလုံခြုံရေး ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ တက်နက်စီပြည်နယ်အောက်လွှတ်တော်အမတ် Mark Green ဟာ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန ဦးဆောင်ဖို့ ဖြစ်နိုင်ချေရှိတယ်လို့ မြင်ကြပါတယ်။

နယူးယောက်ပြည်နယ်အောက်လွှတ်တော်အမတ် Elise Stefanik ဟာ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးရာထူးအတွက် ဖြစ်နိုင်ချေရှိသူတစ်ဦးအဖြစ် ထည့်သွင်းပြောဆိုခံနေရပါတယ်။

စီးပွားရေးခေါင်းဆောင်များ

Elon Musk က Trump ရဲ့မဲဆွယ်စည်းရုံးရေးကို ငွေကြေးအများအပြားထောက်ပံ့ခဲ့ပြီး ဖက်ဒရယ်အစိုးရကို ပိုမိုထိရောက်အောင် လုပ်ဆောင်မဲ့ ကော်မရှင်တစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ စိတ်ဝင်စားမှုပြသခဲ့ပေမဲ့ တရားဝင်အစိုးရအဖွဲ့ရာထူးတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ မဖြစ်နိုင်သလောက် ဖြစ်နေပါတယ်။ Musk ဟာ SpaceX လို ဖက်ဒရယ်အစိုးရနဲ့ ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိ စာချုပ်တွေ ချုပ်ဆိုထားတဲ့ ကုမ္ပဏီတွေရဲ့ CEO အဖြစ် တာဝန်ထမ်းဆောင်နေပြီးသားပါ။ ဒါက အထက်လွှတ်တော်အတည်ပြုရေးအတွက် အခက်အခဲဖြစ်စေမဲ့ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေကို ဖြစ်ပေါ်စေပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးလောကက ပုဂ္ဂိုလ်အချို့လည်း လျာထားခံနေရပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက ရွေးကောက်ခံသမ္မတရဲ့ ပထမဆုံးမဲဆွယ်စည်းရုံးရေးကနေစပြီး Trump ကို ထောက်ခံခဲ့တဲ့ ဘီလျံနာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသူ John Paulson ဟာ ဘဏ္ဍာရေးဝန်ကြီးရာထူးအတွက် ထည့်သွင်းစဉ်းစားခံရတယ်လို့ သတင်းရရှိပါတယ်။

နောက်ထပ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသူနဲ့ Trump ရဲ့မဲဆွယ်စည်းရုံးရေးအကြံပေး Scott Bessent ဟာလည်း ဘဏ္ဍာရေးဝန်ကြီးရာထူးအတွက် ထည့်သွင်းစဉ်းစားခံနေရတယ်လို့ သိရပါတယ်။

Trump ရဲ့အသွင်ကူးပြောင်းရေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ Cantor Fitzgerald ရဲ့ CEO Howard Lutnick ဟာ စီးပွားရေးမူဝါဒရာထူးပေးခံရနိုင်သူ ဖြစ်ပါတယ်။

JPMorgan Chase ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် Jamie Dimon ဟာ ဘဏ္ဍာရေးဝန်ကြီး ရာထူးအတွက် ဖြစ်နိုင်ချေရှိတယ်လို့ သတင်းထွက်နေတာ ကြာပါပြီ။ ဒါပေမဲ့ လောလောလတ်လတ် သတင်းတွေအရတော့ သူ့ဘက်က စိတ်မဝင်စားဘူးလို့ သိရပါတယ်။

Wisconsin ပြည်နယ် Milwaukee မြို့ ရီပါဘလစ်ကန်သမ္မတလောင်း Donald Trump ရဲ့ စည်းရုံးရေးပွဲတခုအတွင်း စကားပြောကြားနေတဲ့ Robert F. Kennedy Jr. (နိုဝင်ဘာ ၁၊ ၂၀၂၄)
Wisconsin ပြည်နယ် Milwaukee မြို့ ရီပါဘလစ်ကန်သမ္မတလောင်း Donald Trump ရဲ့ စည်းရုံးရေးပွဲတခုအတွင်း စကားပြောကြားနေတဲ့ Robert F. Kennedy Jr. (နိုဝင်ဘာ ၁၊ ၂၀၂၄)

အာဖက်ကေ ဂျူနီယာ (RFK Jr.) အတွက်နေရာ

မဲဆွယ်စည်းရုံးရေးကာလအတွင်း တချိန်က တသီးပုဂ္ဂလသမ္မတလောင်းဖြစ်ခဲ့သူ၊ အရင်သမ္မတ ဂျွန်.အက်ဖ်.ကနေဒီ John F. Kennedy ရဲ့တူတော်စပ်ပြီး၊ အရင်ရှေ့နေချုပ်ရဲ့သား ရောဘတ်ကနေဒီဂျူနီယာ (Robert F. Kennedy Jr.) က Trump ကို ထောက်ခံခဲ့ပါတယ်။

အပြန်အလှန်အနေနဲ့ Trump က ကနေဒီကို ပြည်သူ့ကျန်းမာရေးမူဝါဒ ချမှတ်ရာမှာ ပါဝင်ခွင့်ပေးခဲ့ပါတယ်။ မဲဆွယ်စည်းရုံးရေးနောက်ပိုင်း ထောက်ခံသူတွေနဲ့ Zoom အစည်းအဝေးမှာတော့ ကနေဒီက Trump ဟာ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာန CDC ၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန FDA နဲ့ အမျိုးသားကျန်းမာရေးဌာန NIH တို့ ပါဝင်တဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနတို့ကို သူ့ကို ပေးဖို့ "ကတိပေး" ထားတယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ကနေဒီက အစိုးရအဖွဲ့အဆင့်ရာထူးတစ်ခုအတွက် အထက်လွှတ်တော်အတည်ပြုချက်ကို ရနိုင်ပါ့မလားဆိုတာ မသေချာပါဘူး။ အရင်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်တဲ့ သူဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာ ကာကွယ်ဆေးဆန့်ကျင်သူအဖြစ် လူသိများသလို လျှို့ဝှက်ကြံစည်ရေးဝါဒီ ဖြစ်လာခဲ့ပြီး၊ လွှတ်တော်အမတ်တွေက နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးလို ကိစ္စရပ်ကြီးကိုသူ့လက်ထဲ အပ်နှင်းဖို့ တွန့်ဆုတ်နေနိုင်ပါတယ်။

မဲဆွယ်စည်းရုံးရေးကာလပုဂ္ဂိုလ်များ

နောက်ဆုံးအနေနဲ့ Trump ရဲ့နောက်ဆုံး သမ္မတလျှောက်လွှာကာလအတွင်း ပေါ်ပေါက်လာခဲ့သူနှစ်ဦးကတော့ ဇန်နဝါရီလမှာ အိမ်ဖြူတော်ထဲရောက်လာနိုင်ပါတယ်။

Trump ရဲ့ ကနဦးရွေးကောက်ပွဲ ပြိုင်ဘက်ဟောင်းတွေဖြစ်ပြီး နောက်ပိုင်းထောက်ခံသူတွေဖြစ်လာတဲ့ မြောက်ဒါကိုတာပြည်နယ် အရင်အုပ်ချုပ်ရေးမှူး Doug Burgum နဲ့ စီးပွားရေးသမား Vivek Ramaswamy တို့လည်း ထည့်သွင်းစဉ်းစားခံရနိုင်ပါတယ်။

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG